Latest News

Saturday, April 15, 2017

ပစ္စည်းမဲ့အာဏာရှင်စနစ် (ခေါ်) ပြည်သူ့ဒီမိုကရေစီအာဏာရှင်စနစ်


မြောက်ကိုးရီးယား စစ်အာဏာရှင်စနစ် နောက်ခံ

မြောက်ကိုးရီးယားဟာ ပထမဆုံးခေါင်းဆောင်ကြီး ကင်အီဆွန်းလက်ထက်မှာ မာ့က်စ်-လီနင်ဝါဒနဲ့ ဆိုရှယ်လစ်-ကွန်မြူနစ်လောက ထူထောင်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ရုရှားကွန်မြူနစ် နဲ့ တရုတ်ကွန်မြူနစ်ကွဲတဲ့အခါ အမျိုးသားရေးဘက်ကို ဇောင်းပေးလာပြီး ဂျူချေအတွေးအခေါ် ဆိုတဲ့ ကိုယ့်ဒူးကိုယ်ချွန်လမ်းစဉ်ကို ကျင့်သုံးလာတယ်။

နိုင်ငံရေးအားဖြင့် ပစ္စည်းမဲ့အာဏာရှင်စနစ် (ခေါ်) ပြည်သူ့ဒီမိုကရေစီအာဏာရှင်စနစ် လို့ နာမယ်ပေးထားတဲ့ ကွန်မြူနစ်အာဏာရှင်စနစ် ချမှတ်ခဲ့တယ်။ ကိုးရီးယား ပစ္စည်းမဲ့လူတန်းစားတပ်ဦးဖြစ်တဲ့ ကိုးရီးယားအလုပ်သမားပါတီက တနိုင်ငံလုံးမှာ အဓိကဦးဆောင်တဲ့အခန်းယူပြီး တပါတီအာဏာရှင်စနစ် ကျင့်သုံးတာဖြစ်တယ်။

အမျိုးသားရေးလွန်ကဲလွန်းလို့ ပြက္ခဒိန်ကို ကင်အီဆွန်း မွေးတဲ့နှစ်ကစပြီး သက္ကရာဇ် ၁ အဖြစ် ပြောင်းလဲသတ်မှတ်တာ၊ 'လူသားအစ ကိုးရီးယားက' အယူအဆတင်တာ၊ ပီကင်းလူထက်စောတဲ့ ရှေးဦးလူသာ ရုပ်ကြွင်းတွေ ကိုးရီးယားမှာ တွေ့တယ် ကြေညာတာတွေလုပ်လာတယ်။ မြောက်ကိုးရီးယားမှာ AIDS အီဘိုလာရောဂါတွေ ပျောက်အောင်ကုနိုင်တယ် ပြောလာတယ်။

ဒါပေမဲ့ ကင်အီဆွန်းသေပြီး သားဖြစ်သူ ကင်ဂျွန်အီး ခေါင်းဆောင်ဖြစ်လာချိန်မှာ ရုရှားကွန်မြူနစ်စနစ်လဲပြိုကွဲ၊ တရုတ်ကွန်မြူနစ်စနစ်လဲ ပုံစံပြောင်းရတာတွေကို တွေ့လာရတော့ အရင်လို စာအုပ်ကြီးထဲက ကွန်မြူနစ်ပါတီအာဏာရှင်စနစ်နဲ့ အာဏာဆက်ထိန်းထားဖို့ မလွယ်တော့ဘူးလို့ မြင်တဲ့အတွက် စွန်ကန်းအတွေးအခေါ် ဆိုတဲ့ "တပ်မတော်သည်ပထမ" လမ်းစဉ်ကို ၁၉၉၅ ခုမှာ ချမှတ်ကျင့်သုံးလာတယ်။

မြေးဖြစ်သူ ကင်ဂျွန်အုံး လက်ထက်မှာလဲ ဂျူချေ နဲ့ စွန်ကန်း အတွေးအခေါ်တွေကို ပိုပြီးကိုင်စွဲခဲ့တယ်။ အရင်လို အလုပ်သမားလူတန်းစား၊ လယ်သမားလူတန်းစား အကျိုးပြုရေးတွေ၊ အလုပ်သမားအာဏာ လယ်သမားအာဏာတွေ အလုပ်မဖြစ်တော့လို့ ဗြောင်အတိအလင်း စစ်တပ်အကျိုးပြုရေးနဲ့ စစ်တပ်အာဏာရှင်စနစ် ကျင့်သုံးလာတာ ဖြစ်တယ်။

စွန်ကန်းအတွေးအခေါ်ဆိုတာ ကိုးရီးယားပစ္စည်းမဲ့လူတန်းစားရဲ့ တပ်ဦးဟာ ကိုးရီးယားစစ်တပ်ဖြစ်တဲ့အတွက် အရာရာကို စစ်တပ်က ဦးဆောင်ရမယ်၊ ချုပ်ကိုင်ရမယ် ဆိုတဲ့ ရူးကြောင်ကြောင်ဝါဒဖြစ်တယ်။

အလုပ်သမားပါတီခေါင်းဆောင်အားလုံးဟာ စစ်ဗိုလ်ချုပ်ကြီးတွေချည်းဖြစ်သွားတယ်။ တနည်းအားဖြင့် စစ်ဗိုလ်ချုပ်အားလုံးဟာ ပါတီခေါင်းဆောင်တွေ ဖြစ်သွားတယ်။ လီနင်ဝါဒနဲ့ လုံးဝကွဲလွဲသွားပြီဖြစ်လို့ ၂၀၀၉ ခုနှစ်မှာ ဖွဲ့စည်းပုံဥပဒေထဲက မာ့က်စ်ဝါဒ-လီနင်ဝါဒခံယူမှု စာပိုဒ်တွေကို ဖြုတ်ပစ်ရုံတင်မက ပြုံယမ်းမြို့တော်က မာ့က်စ် နဲ့ လီနင် ဓာတ်ပုံကြီးတွေကိုလဲ အားလုံး ဖြုတ်ပစ်လိုက်တယ်။

ဆိုရှယ်လစ်စနစ် ဆက်အော်နေပေမဲ့ ကွန်မြူနစ်လောက ထူထောင်ရေးမဟုတ်တော့ဘဲ အမျိုးသားရေးအတွက် တပ်မတော်သည်ပထမ အခန်းကဏ္ဍကျင့်သုံးရေး အတိအလင်းဖြစ်သွားတယ်။

ပစ္စည်းမဲ့လူတန်းစား (ဝါ) အလုပ်သမားလူတန်းစားတပ်ဦး 'ပါတီ' ရဲ့ အာဏာရှင်စနစ်နေရာမှာ ပစ္စည်းမဲ့လူတန်းစားတပ်ဦး 'စစ်တပ်' ရဲ့ အာဏာရှင်စနစ်က အစားထိုးလိုက်တယ်။ ဒီလိုနဲ့ တခြားကွန်မြူနစ်နိုင်ငံတွေလို ကွန်မြူနစ်နိုင်ငံရေးအာဏာရှင်စနစ်၊ တပါတီအာဏာရှင်စနစ်မဟုတ်တော့ဘဲ အစွန်းရောက်အမျိုးသားရေးစစ်အာဏာရှင်စနစ်နိုင်ငံဖြစ်လာတယ်။
Khun Gamani


No comments:

Post a Comment