Latest News

Sunday, April 23, 2017

အစိုးရ အသုံးစရိတ် စိစစ်ခြင်းကြောင့် ဘတ်ဂျက် လိုငွေ လျော့ကျနိုင်ဟု စီးပွားရေး ပညာရှင် အချို့ ပြောကြား

အစိုးရ အသုံးစရိတ် စိစစ်ခြင်းကြောင့် ဘတ်ဂျက် လိုငွေ လျော့ကျနိုင်ဟု စီးပွားရေး ပညာရှင် အချို့ ပြောကြား


ပြည်ပ အဖွဲ့အစည်းများမှ ရရှိသည့် အကူအညီ အထောက်အပံ့ များကို အစိုးရက စိစစ်ပြီး စနစ်တကျ သုံးစွဲလာခြင်းကြောင့် ဘတ်ဂျက်လိုငွေ လျော့ကျရန် အခွင့်အလမ်းကောင်း တစ်ခု ဖြစ်နိုင်သည် ဟု စီးပွားရေး ပညာရှင် အချို့က ပြောသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ် ဘတ်ဂျက်လိုငွေ များနေခြင်းကြောင့် အသုံးစရိတ် စိစစ်မှုသည် အစိုးရ၏ အဓိက တာဝန်တစ်ခု ဖြစ်ကြောင်း စီးပွားရေး ပညာရှင် အချို့က ပြောသည်။

‘‘အသုံးစရိတ် စိစစ်တာတော့ ဒီအစိုးရ လက်ထက်မှာ စနစ်တကျနဲ့ ပိုလုပ်လာတယ်။ ဒါပေမဲ့ ပစ္စည်းတွေ ၀ယ်တဲ့ အပိုင်း မှာတော့ ဈေးနှုန်း ပိုတင်တာလေးတွေ ရှိနေသေးတယ်’’ ဟု စီးပွားရေး ပညာရှင်  ဦးဇော်ဖေမြင့် က ပြောသည်။

ဒီချုပ် အစိုးရ လက်ထက်တွင် ကူညီ ထောက်ပံ့ငွေများ သာမက အခွန်မှ ရငွေ၊ ချေးငွေ များကိုလည်း အစိုးရ၏ ဘဏ္ဍာရေး ကော်မရှင်၊ လွှတ်တော်၏ ပြည်သူ့ ငွေစာရင်း ပူးပေါင်း ကော်မတီ တို့က စိစစ် စစ်ဆေးမှု များစွာ ပြုလုပ်သည်ကို တွေ့ရသည်ဟု ၎င်းက ဆိုသည်။

နိုင်ငံတော် အစိုးရသည် ပြည်ပ အဖွဲ့အစည်း များ၏ အထောက် အပံ့ အကူအညီများကို တိုင်းပြည် အတွက်၊ ပြည်သူများ အတွက် အကောင်းဆုံး ဖြစ်အောင် အလေးထား ရွေးချယ် ဆောင်ရွက်နေသည် ဟု နိုင်ငံတော် သမ္မတ ဦးထင်ကျော်က နှစ်သစ်ကူး နှုတ်ခွန်းဆက် ဆုတောင်း စကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတော်၏ ဘဏ္ဍာငွေ၊ ပြည်ပချေးငွေ တို့ဖြင့် လုပ်ငန်း စီမံကိန်းများ အကောင်အထည် ဖော်ရာတွင် ကောင်းကျိုး၊ ဆိုးကျိုး များကို အချိန်ယူ လေ့လာပြီးမှ အကောင်အထည် ဖော်ရမည် ဟု သမ္မတက ပြောကြားသည်။

အချိန်ယူ လေ့လာမှု လိုအပ်သည့် စီမံကိန်းများကို မလေ့လာပါက ရလဒ်ကောင်း မရရှိဘဲ ပြည်သူ့ဘဏ္ဍာ လေလွင့် ဆုံးရှုံးမှုများ ဖြစ်ပေါ်ပြီး နိုင်ငံတော် အတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်စေသည်ဟု သမ္မတက ပြောကြားသည်။ ထို့အပြင် ပြည်သူ့ဘဏ္ဍာငွေ လေလွင့်နေမှုကြောင့် လုပ်ငန်း စီမံကိန်း ငါးခုကို ပိတ်သိမ်းပြီး ၂၈ ခုကို ရပ်ဆိုင်း ထားရသည် ဟု ဆိုသည်။

အစိုးရ အသုံးစရိတ် ဘတ်ဂျက် လေလွင့်မှု လျော့ကျ စေရန် စိစစ်မှုများသည် တစ်နှစ်ထက် တစ်နှစ် တိုးမြှင့် ဆောင်ရွက်မည် ဆိုပါက အစိုးရ အတွက် ဘဏ္ဍာ ငွေလိုအပ်ချက် ဖိအား လျော့လာ နိုင်သည်ဟု စီးပွားရေး ပညာရှင် ဦးလှမောင်က ဆိုသည်။

၂၀၁၇ - ၁၈ ဘဏ္ဍာနှစ်တွင် အစိုးရ ဘတ်ဂျက်၌ လိုငွေ ပမာဏသည် ကျပ်ဘီလီယံ ၄,၀၀၀ ကျော် ရှိသည်။ ပြည်သိမ်း(7Day News)

No comments:

Post a Comment