ရွှေတိဂုံစေတီတော် တောင်ဘက်မုခ် ဓာတ်လှေကားသစ် နှစ်စီး ပေးအပ် လှူဒါန်းပွဲ ကျင်းပ
ရန်ကုန် ဧပြီ ၇
သတင်း-ကိုကိုဇော်
ဓာတ်ပုံ-ဇော်မင်းလတ်
ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်ရှိ ဓာတ်လှေကားသစ် နှစ်စီး တပ်ဆင်ပြီးစီး၍ ဖွင့်ပွဲ အခမ်းအနားနှင့် ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် (၈)နာရီတွင် အဆိုပါ ဓာတ်လှေကား အရှေ့၌ ကျင်းပရာ ရန်ကုန် တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ရွှေတိဂုံစေတီတော် အလှည့်ကျ သဘာပတိ ဦးစိုးဝင်း၊ မစ်ဆူဘီရှီ ကော်ပိုရေးရှင်းမှ မစ္စတာ မစ်ဆူအီဒိုနှင့် မစ်ဆူဘီရှီ လျှပ်စစ် ကော်ပိုရေးရှင်းမှ မစ္စတာခိုးဂျိမာ ရှုးရားမားတို့က ဓာတ်လှေကားသစ် နှစ်စီးကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ ဧည့်ခန်းမဆောင်၌ အလှူရှင် မစ်ဆူဘီရှီ ကော်ပိုရေးရှင်းမှ မစ္စတာ အီဒိုက လှူဒါန်းရသည့် အကြောင်း ရှင်းလင်း ပြောကြားပြီး စေတီတော် အလှည့်ကျ သဘာပတိ ဦးစိုးဝင်းက ဂုဏ်ပြု ထောပနာ စာတမ်းလွှာကို ဖတ်ကြားသည်။
ထို့နောက် အလှူရှင်များက ဓာတ်လှေကား နှစ်စီးနှင့် စပ်လျဉ်းသည့် စာရွက် စာတမ်းများကို ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့သို့ ပေးအပ် လှူဒါန်းသည်။
ယင်းနောက် တိုင်းဒေသကြီး လူမှုရေးဝန်ကြီး၊ ဂေါပကအဖွဲ့နှင့် အလှူရှင်များက ဓာတ်လှေကားကို အမွှေးနံ့သာရည် ပက်ဖျန်းပေးကြပြီး အာရုံခံမုခ်ဦးရှိ ဗုဒ္ဓမြတ်စွာ ဘုရားအား ရွှေကြာသင်္ကန်း ကပ်လှူ ပူဇော်ကြသည်။
ယခင်တပ်ဆင်ခဲ့သော ဓာတ်လှေကား နှစ်စီးသည် နှစ်(၂၀) ကြာမြင့်ခဲ့ပြီ ဖြစ်သည့် အတွက် မစ်ဆူဘီရှီ ကော်ပိုရေးရှင်းနှင့် မစ်ဆူဘီရှီ လျှပ်စစ် ကော်ပိုရေးရှင်းတို့က ယခု ဓာတ်လှေကားသစ် နှစ်စီးကို တပ်ဆင် လှူဒါန်းခြင်း ဖြစ်သည်။
အဆိုပါ ဓာတ်လှေကား အဟောင်းနှစ်စီးကို ဖေဖော်ဝါရီ (၁)ရက်တွင် စတင် ဖြုတ်သိမ်းခဲ့ပြီး ယခု ဓာတ်လှေကား အသစ်နှစ်စီးကို မတ် (၁၂)ရက်တွင် တပ်ဆင် ပြီးစီးခဲ့ကာ ယခုဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment