ရွက်ဟောင်းတွေမြေမှာခပြီး ရွက်သစ်တွေဝေခါစရာသီဖြစ်တဲ့ နွေကာလကို ရောက်ရှိလာပြီမို့ မန္တလေးမြို့ရဲ့ သဘာဝအတိုင်း နေရဲ့အပူဒဏ်ကို စတင်ခံစားနေရပြီပေါ့လေ။ လမ်း(၈ဝ)ကျုံးတစ်လျှောက်နေပူပူအောက်မှာ ဆိုင်ကယ်စီးရင်း တစ်ချက်တစ်ချက် ကျုံးရေကို ဖြတ်ပြီးတိုက်ခတ်လာတဲ့ လေအေးအေးလေးရဲ့ အရသာကို ခံစားရင်း လေနဲ့အတူလွင့်ပါလာတဲ့ ပိတောက်ရနံ့တွေကို ရှူရှိုက်မိလိုက်တော့မှ 'သြော်…ဒီနှစ်ပိတောက်တွေတောင် ဝီရိယကောင်းကောင်းနဲ့ စောပြီး ပွင့်နေကျပါလား' လို့ သတိပြုမိလိုက်တယ်။
မကြာမီရက်ပိုင်းတွင်းမှာ ကျင်းပတော့မယ့် မြန်မာတို့ရဲ့ နှစ်သစ်သင်္ကြန်ပွဲတော်ကြီးကလည်း နီးကပ်လာတာနဲ့အမျှ ကျုံးတစ်လျှောက်မှာ ဆင်နွှဲကြမယ့် မဏ္ဍပ်တွေကလည်း အပြိုင်အဆိုင်ဆောက်လုပ်နေကြပြီလေ။ ဒီပုံရိပ်တွေကို ငေးကြည့်ရင်း တစ်ဆက်တည်းမှာပဲ ဒီနှစ်သင်္ကြန်ရဲ့ ထူးခြားတဲ့အစီအစဉ်လေးတွေကို တွေးနေမိတယ်။
ဒီနှစ်မှ မန္တလေးမြို့ရဲ့ အတိတ်ကသင်္ကြန်ပွဲတော်တွေမှာ မန္တလေးပြည်သူတွေ ပါဝင်ဆင်နွှဲခဲ့တဲ့ လမ်းလျှောက်သင်္ကြန်ကို ပြန်လည်ဖော်ထုတ်ပြီး မြန်မာ့ရိုးရာသင်္ကြန်အစစ်အမှန်အတိုင်း ကျင်းပမယ်။ ဒါ့အပြင် ရိုးရာသင်္ကြန်ကို ပြသပြီး ခရီးသွားမြှင့်တင်ရေးလုပ်ငန်းအတွက် ခရီးစဉ်အသစ်တစ်ခုဖြစ်အောင် ဆွဲဆောင်
သွားမယ့်အစီအစဉ်လေးတွေ ပါဝင်နေတယ်။ ဒီလမ်း လျှောက်သင်္ကြန်ကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက စီစဉ်ကျင်းပသလို မန္တလေးမြို့မှာရှိတဲ့ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတဲ့ လုပ်ငန်းရှင်တွေကလည်း ပူးပေါင်းပြီးစီစဉ်တာဖြစ်တယ်လို့ သိရတယ်။
ဒါ့အပြင် ပျောက်ကွယ်နေတဲ့ အတိတ်ကသင်္ကြန်ဖျော်ဖြေမှုတွေဖြစ်တဲ့ အလှပြယာဉ်နဲ့ သင်္ကြန်မဏ္ဍပ်တို့ တစ်လှည့်စီ အပြန်အလှန် သီဆိုကြတဲ့ဖျော်ဖြေမှုတွေကိုလည်း ဒီနှစ်မှာ မြို့မအလှပြယာဉ်နဲ့ မြို့တော်မဟာသင်္ကြန်မဏ္ဍပ်တို့က ပြန်လည်ဖော်ထုတ်ပေးမယ်လို့ ကြားသိရတဲ့အပြင် သင်္ကြန်သီချင်းဆိုပြိုင်ပွဲတွေလည်း ထည့်သွင်းထားတယ်ဆိုတော့ ဒီနှစ်သင်္ကြန်ပွဲတော်အပေါ်မှာ မန္တလေးဒေသခံတွေ အတွေးမျိုးစုံနဲ့ ရင်ခုန်နေကြတယ်လေ။
ဒီနှစ်သင်္ကြန်ပွဲတော်မှာ ထူးခြားချက်နောက်တစ်ခုလည်း ရှိသေးတယ်။ အဲဒါကတော့ မန္တလေးသင်္ကြန်ပွဲတော်မှာ ၁ဝ နှစ်ကျော်ကြာ နိုင်ငံကျော်အနုပညာရှင်ပေါင်းများစွာနဲ့ သင်္ကြန်တွင်းမှာ မန္တလေးပြည်သူတွေကို ဖျော်ဖြေမှုပေးနေတဲ့ Alpine မဏ္ဍပ်ရဲ့ ဖျော်ဖြေမှုတွေ ပါဝင်မှုမရှိတော့တာပါပဲ။ မန္တလေးမြို့တော်မှာ နန်းဆန်
တဲ့ မန်းသင်္ကြန်ရဲ့ပုံရိပ်ဟာ မြို့မအလှပြယာဉ်ကြီးဖြစ်သလို ယနေ့လူငယ်တွေရဲ့ ခေတ်သင်္ကြန်ပုံရိပ်ဟာလည်း Alpine မဏ္ဍပ်ပဲဖြစ်မယ်လို့ ထင်ပါတယ်။
မြို့မအသင်းကြီးဟာ ငွေငန်းဖြူကြီးနဲ့ ဝင့်ကြွားစွာ သင်္ကြန်တွင်းကာလမှာ နှစ်စဉ်မပြတ် မန္တလေးပြည်သူတွေကို မြို့လုံးအနှံ့ လှည့်လည်ဖျော်ဖြေပေးမှုကြောင့် ဒေသခံတွေ ကျေနပ်ကြရသလို ဒီကာလမှာပဲ မနက်ကနေ ညနေအထိ နိုင်ငံကျော်အနုပညာရှင်တွေကို အနီးကပ်မြင်တွေ့ရပြီး သူတို့ရဲ့သီဆိုဖျော်ဖြေမှုတွေကို အားပေးကခုန်ရင်း စိတ်အပန်းဖြေမှုကိုလည်း ရရှိစေခဲ့တာပါ။ ဒါ့အပြင် မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ်မှာလည်း ညစဉ်ဖျော်ဖြေတင်ဆက်ပေးခဲ့ကြတဲ့ နိုင်ငံကျော်အနုပညာရှင်တွေရဲ့ သီဆိုမှုကိုလည်း မန္တလေးပြည်သူတွေက စောင့်မျှော်အားပေးလျက်ရှိနေကြပါတယ်။
ဒီနှစ်ရဲ့ မန္တလေးသင်္ကြန်ဖျော်ဖြေမှုအစီအစဉ်မှာ ယခုအချိန်ထိကြားသိရသလောက် Alpine မဏ္ဍပ်ရဲ့ဖျော်ဖြေမှုမရှိတော့သလို မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ်ရဲ့ ဖျော်ဖြေမှုအပိုင်းမှာလည်း နိုင်ငံကျော်အနုပညာရှင်တွေရဲ့ ပါဝင်မှုအပိုင်းတွေ အားနည်းနေတာသိရှိရတဲ့အတွက် နေ့ဘက်မှာ ပျော်ရွှင်လိုသူတွေနဲ့ ညဘက် အိမ်က TV ကနေကြည့်ပြီး အပန်းဖြေလိုသူတွေရဲ့ စိတ်ဘဝင်မှာ အားမလိုအားမရ ဖြစ်နေကြလေရဲ့။ အဲဒီအထဲမှာ ကျွန်တော်တို့လို သတင်းထောက်တွေလည်း ပါတာပေါ့။ သင်္ကြန်ကာလမှာ မြို့တော်ရဲ့ သင်္ကြန်ပွဲတော်အကြောင်းကို သတင်းရေးသားစုဆောင်းဖို့ဆိုရင် မန္တလေးကို လာရောက်သီဆိုဖျော်ဖြေကြတဲ့ အနုပညာရှင်တွေရဲ့ သင်္ကြန်ခံစားမှုတွေကိုလည်း ပြည်သူတွေက သိချင်ကြတယ်လေ။
ဒါကြောင့် ကျွန်တော်တို့ သတင်းသမားတွေဟာ နိုင်ငံကျော်အနုပညာရှင်အများစုလာရောက်တဲ့ Alpine မဏ္ဍပ်ကိုလည်း အားကိုးတကြီးနဲ့ သွားရောက်သတင်း
ယူကြရပါတယ်။ သူတို့ရဲ့သီဆိုမှုတွေကို အနီးကပ်ရိုက်ကူးပြီး မန္တလေးကို လာရောက်ဖျော်ဖြေတဲ့ရသနဲ့ ခံစားမှုလေးတွေကို ပြည်သူတွေကို ချပြဖို့အတွက် သူတို့ရဲ့ ရင်တွင်းစကားသံတွေကိုလည်း မေးမြန်းရေးသားကြရတယ်။
ဒီလိုတွေးနေတုန်းမှာပဲ မနှစ်က သင်္ကြန်တွင်းမှာ လာရောက်ဖျော်ဖြေပေးကြတဲ့ အနုပညာရှင်အချို့ရဲ့ စကားသံတွေကိုလည်း ပြန်ပြီးကြားယောင်နေမိတယ်။ အဲဒီတုန်းကဆိုရင် အကယ်ဒမီရုပ်ရှင်သရုပ်ဆောင် ခိုင်သင်းကြည်က မန္တလေးပရိသတ်ကြီးကိုချစ်လို့ နှစ်စဉ်လာရောက်ဖျော်ဖြေပေးတာပါလို့ ပြောကြားခဲ့သလို အကယ်ဒမီရုပ်ရှင်သရုပ်ဆောင် ခန့်စည်သူကလည်း မန္တလေး ပရိသတ်ကြီးနဲ့ တစ်နှစ်ကိုတစ်ခါပဲ ဆုံတွေ့နိုင်တဲ့အပြင် မန္တလေးက အနုပညာမြို့တော်ဖြစ်ပြီး အနုပညာရှင်တွေကို လှိုက်လှိုက်လှဲလှဲချစ်တာကို တွေ့ရတဲ့အတွက် နှစ်စဉ် လာရောက်ဖျော်ဖြေပေးတာပါလို့ ဖြေကြားခဲ့ပါတယ်။
ဒါ့အပြင် နှစ်စဉ် Alpine မဏ္ဍပ်ကြီးဆောက်ပြီး နိုင်ငံကျော်အနုပညာရှင်များစွာကို ငှားရမ်းဖျော်ဖြေမှုပေးနေတဲ့ လွယ်ဟိန်းကုမ္ပဏီပိုင်ရှင် ဒေါက်တာစိုင်းဆံထွန်းကလည်း အများပျော်ရွင်အောင် ဒီအစီအစဉ်ကို လုပ်ပေးခြင်းဖြစ်ပါတယ်။ သင်္ကြန်အချိန်ကိုရောက်ရင် ကျွန်တော်မနေနိုင်ပါဘူး။ ကျွန်တော့်လုပ်ငန်းကရရှိတဲ့ အကျိုးအမြတ်တွေထဲက ပြည်သူတွေကို ကျေးဇူးဆပ်တဲ့ အနေနဲ့ လုပ်ပေးတာပါလို့ အင်တာဗျူးမှာဖြေကြားခဲ့သလို မန္တလေးပရိသတ်ကြီးကို တွေ့ချင်လို့ လာရောက်ဖျော်ဖြေသီဆိုပေးတာပါ။ အခုလို ကျွန်တော်တို့ အနုပညာရှင်တွေကို တစ်ခဲနက်အားပေးတာတွေ့ရတဲ့အတွက် အထူးကျေနပ်မိပါတယ်လို့ ရုပ်ရှင်သရုပ်ဆောင်မြင့်မြတ်ပြောကြားခဲ့တဲ့ စကားသံလေးတွေကိုလည်း ပြန်ပြီး ကြားယောင်နေမိပါတယ်။
အကယ်၍များ ဒီနှစ်မှာ သူတို့တွေရဲ့ ဖျော်ဖြေမှုတွေရှိခဲ့ရင် ဘယ်လိုများရင်တွင်းစကားသံတွေ ပြောကြားပေးဦးမလဲလို့ ကြားချင်နေမိပါသေးတယ်။ ဒီလိုတွေးနေတုန်းမှာပဲ ''ဘယ်ဆီကို မင်းရောက်နေလဲxxဘာတွေကို မင်းလုပ်နေမလဲxxဘယ်သူနဲ့မင်းရှိနေမယ်xxတွေးမိပါတယ်xxလွမ်းမောရင်းနဲ့xxစဉ်းစားရင်းနဲ့xxငါသတိရပါ တယ်'' ဆိုတဲ့ အဆိုတော်လေးဖြူရဲ့သီချင်းလေးကို ဘေးကဖြတ်သွားတဲ့ ထီသည်ကားပေါ်က ကြားလိုက်ရတော့ 'သြော်-ဟုတ်ပါရဲ့။ ဒီနှစ်သူတို့တွေ ဘယ်မှာသွားပြီးဖျော်ဖြေကြမလဲ။ ဒီမန္တလေးရဲ့ ဘယ်မဏ္ဍပ်မှာများရှိနေမလဲ' ဆိုတဲ့ သတိရစိတ်တွေနဲ့အတူ ဒီနှစ်သင်္ကြန်အတွက် အနုပညာရှင်တွေကို လွမ်းမိနေလေရဲ့။
''ဆရာ ဒီနှစ် Alpine မဏ္ဍပ်မရှိတော့ မန္တလေးသင်္ကြန်က တစ်ခုခုလိုနေသလိုပဲ။ ကျွန်တော်ရဲ့စိတ်ထဲ ဟာတာတာကြီးဖြစ်နေတယ်။ ကျွန်တော်တို့သတင်း
သမားတွေအတွက်လည်း အနုပညာရှင်တွေရဲ့ သတင်းကို တစုတဝေးတည်း ယူလို့မရတော့ဘူးပေါ့'' ဟု နှစ်စဉ် Alpine မဏ္ဍပ်ပေါ်မှာ သတင်းယူရင်းစုံနေကျ သတင်းထောက်ကိုတုတ်ကြီးကလည်း သူ့ရဲ့ ခံစားချက်ကို ပြောပြလာတယ်။
ဒါ့အပြင် နှစ်စဉ် ကျွန်တော်နဲ့အတူ Alpine မဏ္ဍပ်ကို လိုက်ပါပြီး အနုပညာရှင်တွေရဲ့ သီဆိုမှုကို အနီးကပ်အားပါးတရ ကြည့်ရှုနေကျဖြစ်တဲ့ ဌာနကဝန်ထမ်းတွေကလည်း ''ဒီနှစ်လည်း Alpine မဏ္ဍပ်ပေါ်လိုက်ပို့ပေး ဦးနော်'' လို့ ပြောလာကြပြီလေ။ ''ဒီနှစ် Alpine မဏ္ဍပ်မရှိတော့ဘူး''လို့ ပြန်ပြောလိုက်တဲ့အခါ တအံ့တသြဖြစ်သွားတဲ့ သူတို့ရဲ့မျက်နှာလေးတွေ၊ နှစ်စဉ်သင်္ကြန်ကာလမှာ သတင်းလိုက်ရင်း Alpine မဏ္ဍပ်အောက်မှာ မြူးထူးပျော်ရွင်စွာ ကခုန်နေကြတဲ့ မန္တလေးဒေသခံတို့နဲ့အတူ အားပေးမှုကို ကြည်နူးနေကြတဲ့ အနုပညာရှင်တွေရဲ့ အပြုံးတွေကို ပြန်လည်မြင်ယောင်ရင်း အလွမ်းတွေဖြစ်တည်ခဲ့ပေမယ့် တစ်ဆက်တည်းမှာပဲ သတင်းသမားပီပီ ဒီနှစ်ရဲ့ ထူးခြားစွာကျင်းပမယ့် မန္တလေးမြို့တော်ကြီးရဲ့ သင်္ကြန်သရုပ်ကို ပြည်သူကို ချပြနိုင်ဖို့ ကြိုးပမ်းရဦးမယ်ဆိုတဲ့ အသိနဲ့ ဒီအလွမ်းတွေကို လမ်းလျှောက်သင်္ကြန်ပွဲတော်မှာ စီးဆင်းလာမယ့် ကျုံးရေတွေနဲ့အတူ မျှောချလိုက်ဖို့ ဆုံးဖြတ်ချက်တွေလည်း ချလိုက်မိပါတယ်။ ။
မင်းထက်အောင် (မန်းကိုယ်ပွား)
No comments:
Post a Comment