မုံရွာမြို့၏ အဓိကလမ်းမကြီး(၇)ခုတွင် ဧရိယာသတ်မှတ်ပြီး ယာဉ်ရပ်နားခများကောက်ခံမည်
မုံရွာ ဧပြီ ၂၃
မုံရွာမြို့ပေါ်လမ်းမကြီးများတွင် ယာဉ်ကြောရှုပ်ထွေးမှု ကိုလျော့နည်းစေရန် အတွက် အဓိကလမ်းမကြီး (၇)ခုကို ဧရိယာ သတ်မှတ်ပြီး ယာဉ်ရပ်နားခများ ကောက်ခံသွားမည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
ယာဉ်ရပ်နားခအဖြစ်ကောက်ခံမည့် လမ်းများတွင် ထော်လာဂျီ(အကြီး/ အလတ်/ အသေး)၊ ဆိုက်တွဲ (သုံးဘီး)၊ လူစီးယာဉ်ငယ်၊ ကုန်တင်ယာဉ် (အသေး)နှင့် ခရီးသည်တင်ကား(အသေး)တို့ကို ၂ဝဝကျပ်နှုန်းဖြင့် လည်းကောင်း၊ ခရီးသည်တင်ကား(အလတ်)၊ ကုန်တင်ယာဉ်(အလတ်)နှင့် မှန်လုံကား/ဒိုင်နာ/လိုက်ထရက် ယာဉ်များကိုကို ငွေကျပ်(၃ဝဝ)နှုန်းဖြင့် လည်းကောင်း၊ ခရီးသည်တင်ကားအကြီးနှင့် ကုန်တင်ယာဉ်ကားကြီး များကို ငွေကျပ် (၅ဝဝ) နှုန်း ဖြင့်လည်းကောင်း ယာဉ်ရပ်နားခအဖြစ် ကောက်ခံသွား မည် ဖြစ်ကြောင်း သိရသည်။
'' ကမ်းနားလမ်း၊ ကျောက်ကာလမ်းမကြီးနဲ့လမ်းသွယ်လေးတွေမှာတော့ မကောက်ခံ ပါဘူး၊ အဓိက လမ်းတွေပေါ်မှာ ယာဉ်ကြောရှုပ်ထွေးမှု မဖြစ်စေ ဖို့နဲ့ နိုင်ငံတော်အခွန်အခတွေ တိုးတက်ရရှိရေးအတွက် လုပ်ဆောင်တာပါ၊ မော်တော်ယာဉ်တွေအနေနဲ့ တစ်နှစ်စာ ဘီးခွန်ဆောင်ထားမယ် ဆိုရင် မြို့ဝင်ကြေးနဲ့ မြို့တွင်း(၇)လမ်းမှာ ယာဉ် ရပ်နားခတွေ ထပ်ပြီးပေးဆောင် စရာမလိုပါဘူး၊ ဘီးခွန်မဆောင်တဲ့ ယာဉ်တွေကိုပဲ ယာဉ်ရပ်နားခ ကောက်ခံ သွားမှာပါ၊ ဘီးခွန်ကလည်း မုံရွာအခြေစိုက်တဲ့ ယာဉ်တွေကိုပဲပေးဆောင်ခွင့် ပြုတာပါ၊ တခြားမြို့တွေက ယာဉ်တွေ ကိုတော့ ဘီးခွန်လုပ်ဆောင် ခွင့်မပြုထား ပါဘူး '' ဟုမုံရွာမြို့နယ်စည်ပင် သာယာရေးကော်မတီ ဥက္ကဌ ဦးကျော်မျိုးဝင်း က ပြောသည်။
ယာဉ်ရပ်နားခအဖြစ်ကောက်ခံမည့် အဓိကလမ်းမကြီးများဖြစ်သော ဗိုလ်ချုပ် လမ်း တွင် တမာတန်း မီးပွိုင့်မှ ကားလေးဝင်းအထိလည်းကောင်း၊ ပြည်ထောင် စု လမ်းတွင် ကားလေးဝင်းမှ တမာတန်းလမ်းရေစင် အထိ လည်းကောင်း၊ ဘူတာလမ်းတွင် မုံရွာဘူတာမှ ပ.ဆ.ငရုံးအထိ လည်းကောင်း၊ ဘုရားကြီးလမ်းတွင် ရွှေစည်းခုံ ဘုရားမှ ဆုတောင်းပြည့် ဘုရား အထိ လည်းကောင်း၊ ညောင်တပင်လမ်းတွင် မြသလ္လာဈေးမှ ကမ်းနား လမ်း အထိလည်းကောင်း၊ ရုံးကြီးလမ်းတွင် နာရီစင်မှမြစန္ဒာရုံအထိ လည်းကောင်း၊ ဈေးလမ်းတွင် ပေပင်ကျောင်းလမ်းမှ ကမ်းနားလမ်း အထိ လည်းကောင်း ဧရိယာသတ်မှတ်ပြီး ယာဉ်ရပ်နားခများကို ကောက်ခံ သွား မည် ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment