တံတားအမည်သတ်မှတ်ရေး စကားလုံးများနှင့် အငြင်းမပွားလိုကြောင်း မွန်ဝန်ကြီးချုပ်ပြောကြား
မော်လမြိုင်၊ ဧပြီ (၁၉)ရက်။
မွန်ပြည်နယ် သံလွင်တံတား(ချောင်းဆုံ)အား မေလဆန်းပိုင်းတွင် ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် တံတားအမည် သတ်မှတ်ရေးကို စကားလုံးများနှင့် အငြင်းမပွားစေလိုကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားလိုက်သည်။
“တံတားခံနိုင်ဝန်အား စစ်ဆေးတာကို ဒီလ ၂၅၊ ၂၆၊ ၂၇ ရက်နေ့တွေမှာလုပ်မယ်။ ပြီးရင်တော့ အများသူငါသွား လာနိုင်အောင်ဖွင့်ပေးမှာပါ။ တံတားအမည်ကတော့ စကားလုံးတွေနဲ့ အငြင်းမပွားလိုဘူး။”ဟု မွန်ပြည်နယ်ဝန် ကြီးချုပ် ဒေါက်တာအေးဇံက ဧပြီ ၁၉ ရက်ကပြုလုပ်သည့် သင်္ကြန်နှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့ကို ဆက်သွယ်ပေးမည့် တံတားစီမံကိန်း စတင်သည့်အချိန်က သံလွင်တံတား (ချောင်းဆုံ)ဟုသာ ခေါ်ဝေါ်ခဲ့သော်လည်း ဗိုလ်ချုပ်အောင်ဆန်းတံတားဟု ပြည်ထောင်စုအစိုးရမှ အမည်ပေး ခြင်းအပေါ် ၂၀၁၇ ခုနှစ် မတ် ၂ ရက်တွင် ချောင်းဆုံမြို့၌ လူအင်အား(၃၀၀၀)ကျော်က ဆန္ဒထုတ်ဖော်ခဲ့ပြီး ယင်းအမည်ကိုပင် ပြည်သူ့လွှတ်တော်မှ ထပ်မံအတည်ပြုလိုက်ခြင်းကြောင့် မတ် ၁၉ ရက်တွင်လည်း မော်လ မြိုင်မြို့၌ လူအင်အား(၄)သောင်းဝန်းကျင်က ဆန္ဒထုတ်ဖော်ခဲ့သည်။
တံတားအမည် ပြောင်းလဲသတ်မှတ်လိုက်ခြင်းသည် တိုင်းရင်းသား လူမျိုးပေါင်းစုံနေထိုင်သည့် မြန်မာနိုင်ငံတွင် အာဏာရအစိုးရအနေဖြင့် လူနည်းစုတိုင်းရင်းသားများအပေါ် အနိုင်ကျင့်မှုတစ်ရပ်ဖြစ်စေသဖြင့် ဒေသခံတိုင်း ရင်းသားပြည်သူများ၏သဘောထားကို ထင်ဟပ်စေသော စုပေါင်းလက်မှတ်ရေးထိုးဆန္ဒပြုနိုင်ရေးအတွက် ဧပြီ ၁၂ ရက်မှ ၂၅ ရက်အထိ မွန်ပြည်နယ်(၁၀)မြို့နယ်နှင့် ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တို့တွင် အကြောင်းကြားစာများနှင့် လက်မှတ်စုဆောင်းသည့် ပုံစံများကို ဖြန့်ဝေထားကြောင်း သိရသည်။
ဒေသခံများ၏ သဘောထားဆန္ဒပြုလက်မှတ်များအား သံလွင်တံတား(ချောင်းဆုံ)ဖွင့်ပွဲမတိုင်မီ နိုင်ငံတော် သမ္မတနှင့် ပြည်ထောင်စုတိုင်းရင်းသားရေးရာဝန်ကြီးထံ တင်ပြသွားမည်ဖြစ်ကြောင်း သံလွင်တံတား(ချောင်းဆုံ) ဆိုင်ရာ လူထုလှုပ်ရှားမှုကော်မတီထံမှ သိရသည်။
“တံတားနာမည်ပြောင်းလိုက်လို့ ကျွန်တော်တို့ အခုလိုလုပ်တာမဟုတ်ဘူး။ ဒေသခံတွေရဲ့ဆန္ဒမပါဘဲနဲ့ အ ပြောင်းအလဲလုပ်လိုက်တာကိုထောက်ပြချင်လို့ ကျွန်တော်တို့ဒီလိုလုပ်တာ။ အသိမှတ်ပြုခြင်း၊ မပြုခြင်းကတော့ လက်ရှိအာဏာရ NLD အစိုးရနဲ့ပဲဆိုင်ပါတယ်။ ကျွန်တော်တို့တိုင်းရင်းသားတွေအနေနဲ့ ကျွန်တော်တို့ရဲ့ဆန္ဒကို လက်မှတ်ကောက်တဲ့နည်းနဲ့ သက်သေပြတဲ့သဘောဖြစ်တယ်။”ဟု သံလွင်တံတား(ချောင်းဆုံ)ဆိုင်ရာ လူထု လှုပ်ရှားမှုကော်မတီမှ ဦးဆောင်သူ ဦးမင်းအောင်မွန်ကပြောသည်။
အဆိုပါလက်မှတ်ကောက်ခံခြင်းမှ လက်ရှိတွင် လက်မှတ်အရေအတွက်မည်မျှရရှိသည်ကို မသိရှိသေးဘဲ လက် မှတ်ကောက်ခံခြင်းကို ဧပြီ ၂၅ ရက်နောက်ဆုံးထားကောက်ခံသွားမည်ဖြစ်ကာ လက်မှတ် (၁)သိန်းကျော် ကောက်ခံရရှိမည်ဟုခန့်မှန်းထားသည့်အပြင် ရရှိသည့်လက်မှတ်များကို သက်ဆိုင်ရာသို့ ဧပြီလနောက်ဆုံးအ ပါတ်တွင်း ပေးပို့သွားမည်ဖြစ်ကြောင်း ဦးမင်းအောင်မွန်ကဆက်ပြောသည်။
ချိုမာအောင် (မြစ်မခ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment