Latest News

Thursday, April 27, 2017

ညဈေးတန်းအသစ်တွင် အမှန်တကယ်ဈေးရောင်းချမည့်သူများကိုသာ ဆိုင်ခန်းနေရာပေးမည်



မုံရွာ ဧပြီ ၂၇

မုံရွာနာရီစင်နှင့်ဗိုလ်ချုပ်ကြေးရုပ်ကြား လက်ရှိဖွင့်လှစ်လျက်ရှိသော မုံရွာညဈေးတန်းကို ရုံးကြီးရပ်ကွက် ရုံးကြီးလမ်းတစ်လျှောက်သို့ နေရာပြောင်းလဲဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိရာ ဖွင့်လှစ်မည့်ဈေး သည်များအနေဖြင့်ဆိုင်နေရာပြန်လည်ရောင်းချခြင်းမျိုးလုံးဝခွင့်ပြုမည်မဟုတ်ကြောင်း မုံရွာမြို့နယ် စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မျိုးဝင်းထံမှသိရသည်။

''ညဈေးတန်းနေရာသစ်ကို အိမ်တွေမရှိတဲ့ အစိုးရရုံးတွေရှေ့မှာ ရွေးချယ်ထားတာပါ။ အကြမ်း အားဖြင့်ညဈေးတန်းဖွင့်မယ်ဆိုတဲ့မူကိုတော့ လက်ခံပြီးပါပြီ။ လက်တွေ့အကောင်အထည်ကိုလည်း ရက်ပိုင်းအတွင်းမှာ ဖော်ဖို့ရှိပါတယ်။ ဘယ်နေ့ဆိုတာတော့ အတိအကျပြောလို့ မရသေးဘူး။ အခု အသစ်ဖွင့်မယ့် နေရာက လုံလောက်တယ်။ လက်ရှိညဈေးတန်းဖွင့်နေတဲ့ နေရာကမလုံလောက် တဲ့အတွက် ရှေ့ကလူဆီကဝယ်တယ်။ နောက်တစ်ယောက်ကို ပြန်ငှားစားတယ်။ အဲဒါမျိုးတွေနေရာသစ်မှာ အဖြစ်မခံ တော့ဘူး'' ဟု ဦးကျော်မျိုး ဝင်းကပြောသည်။

မုံရွာညဈေးတန်းနေရာသစ်သို့ ပြောင်းရွှေ့ရန်စီမံချက်ရေးဆွဲပြီးဖြစ်သလို ဆိုင်စာရင်းလည်း ကောက်ယူနေဆဲဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြရာ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က သဘောတူပြီးဖြစ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြောင်းရွှေ့ ခွင့်ရက်ရလျှင် အကောင် အထည်ဖော်ပြောင်းရွှေ့ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိဖွင့်နေသော ညဈေးတန်းနေရာ သည် ပတ်ဝန်းကျင်လူနေ အိမ်များအနေဖြင့် နေ့စဉ်ကြော်လှော်နေသော ညှော်နံ့မခံနိုင်သလို အမှိုက်များ အမြဲရှုပ်ပွနေပြီး ညစဉ်အလုပ်နားချိန် အနားယူခွင့်ပင် မရလောက်အောင် အနှောင့်အယှက်ဖြစ်နေ ကြောင်းညဈေးတန်းရှိအိမ်အား လုံးနီးပါးက တိုင်ကြားထားသောကြောင့် လူနေအိမ်မရှိရာ မြစန္ဒာခန်းမမြောက်ဘက်ရုံးကြီးလမ်းထိပ်မှ စတင်ကာ စာတိုက်ကွေ့မှ တမာတန်းလမ်းဆုံမီးပွိုင့်ထိပ်အထိ ဆိုင်ခန်းနေရာ များပေးသွားရန် စီစဉ်ခြင်းဖြစ်သည်။

ညဈေးတန်းနေရာသစ်တွင်အမှန်တကယ်ဖွင့်လှစ်မည့်သူများကိုသာ ဆိုင်ခန်းနေရာကို ခွင့်ပြုမည်ဖြစ် ပြီး လက်ရှိညဈေးတန်းထွက်နေသူဈေး သည်များကိုဦးစားပေးနေရာချထားပေးသွားမည်ဖြစ်သလို နောက် ထပ်ဆိုင်အသစ်ဖွင့်လှစ်လိုသူများကိုလည်း မြို့ နယ်စည်ပင် သာယာရေးကော် မတီက စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယခု လက်ရှိဖွင့်နေသော ညဈေးတန်းနေရာသည် ဆိုင်ခန်းပေါင်း ၈ဝ နှင့် ၁ဝဝ ကြားသာ ဆံ့ပြီးရွှေ့ပြောင်းမည့်နေရာ သစ်သည် လမ်းမှာလည်းရှည်လျား သလို လူနေအိမ်များနှင့်အရှုပ်အရှင်းမရှိနိုင်သောကြောင့် လမ်းဝဲနှင့်ယာတွင် ဆိုင်ခန်းပေါင်း ၅ဝဝ ခန့် ခင်းကျင်းရောင်းချနိုင် မည်ဖြစ်ကြောင်းသိရသည်။

မျိုးဝင်းထွန်း (မုံရွာ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/

No comments:

Post a Comment