အစိုးရသစ်လက်ထက် ရန်ကုန်စည်ပင်ကြော်ငြာဘုတ်
ငှားရမ်းခများ နှစ်စဉ် ကျပ် ၁ ဘီလီယံ တိုးတက်ရရှိ
ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်းစိုက်ထူပြီး ကြော်ငြာဆိုင်းဘုတ်များ ၄၈၀ နီးပါးကို ဘဏ္ဍာရေးနှစ် အလိုက် သတ်မှတ်ဈေးနှုန်းများဖြင့် စည်ပင်မှ ပြန်လည်အငှားချထားပေးလျက်ရှိရာ နှစ်စဉ် ကျပ် ၁ ဘီလီယံ တိုးတက်ရရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးဌာန၊ လုပ်ငန်းရေးရာဌာနခွဲ၊ ကြော်ငြာဌာနစိတ်မှ သိရသည်။
ယခင်အစိုးရလက်ထက်က ရန်ကုန်စည်ပင်မှစိုက်ထူပြီး ကြော်ငြာဆိုင်းဘုတ်များကို ဈေးနှုန်းခွဲခြား သတ်မှတ်ထားခြင်းမရှိဘဲ မည်သည့်ဆိုင်းဘုတ်ကိုမဆို တနှစ်လျှင် ၁၃၅ သိန်းသတ်မှတ်ကာ ငှားရမ်းခဲ့သည်။ အစိုးရသစ်လက်ထက်တွင် နိုင်ငံတော် ၀င်ငွေတိုးတက်ရေးကို ရှေးရှု၍ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှ စတင်ကာ လူကြိုက်အနည်းအများအပေါ်မူတည်ကာ Group ၅ ခု ခွဲကာ (A) Group - သိန်း ၂၅၀ ၊ (B) Group သိန်း ၁၈၀ - (C) Group - ၁၃၅ သိန်း (D) Group - သိန်း ၁၀၀ ၊ (E) Group - သိန်း ၅၀ စသည်ဖြင့် သတ်မှတ်ငှားရမ်းခဲ့ ကြောင်း ယင်းဌာနမှ တာဝန်ရှိသူတဦးကပြောသည်။
''၂၀၁၅-၁၆ တုန်းက ငှားရမ်းတဲ့ပုံစံက တမျိုး၊ အဲတုန်းက ဆိုင်းဘုတ်တွေ အကုန်လုံးကို ၂ နှစ်ဆက်တိုက်၊ ၃ နှစ် ဆက်တိုက်သက်တမ်းတိုးပြီးငှားတာ။ အဲတုန်းက ဆိုင်းဘုတ်အားလုံး၊ ဘယ်ဆိုင်းဘုတ်မဆို ကြော်ငြာမယ်ဆိုရင် တနှစ်စာ ၁၃၅ သိန်းပဲ။ ၂၀၁၅-၂၀၁၆ တုန်းက ၃ ဒသမ ၄ ကျပ်ဘီလီယံရတယ်။ အခုပုံစံပြောင်းလိုက်တဲ့ အခါမှာ ၂၀၁၆-၁၇ မှာတော့ ကျပ် ၄ ဒသမ ၉ ဘီလီယံရတယ်။ တနှစ်နဲ့ တနှစ် ၁ ဘီလီယံလောက်တိုး လာပါတယ်'' ဟု ၎င်းကပြောသည်။
၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွက် ရန်ကုန်မြို့ရှိ စီးပွားရေးကြော်ငြာဘုတ် ၄၇၄ ခုကို လျှောက်လွှာခေါ်ယူခဲ့ပြီး မတ် လ ၃၀၊ ၃၁ ရက်နေ့တွင် စည်ပင်က မဲနှိုက်ပေးခဲ့သည်။ ယင်းကြော်ငြာဘုတ်များကို လျှောက်ထားသူ ၆၄၃၃ ဦးအား မဲနှိုက်ပေးခဲ့ရာ မဲပေါက်သူ ၁၉၈ ဦးရှိခဲ့ကြောင်း ရန်ကုန်စည်ပင်ပင်မှ သိရသည်။
ဆိုင်းဘုတ်ကြော်ငြာများလျှောက်ထားရာတွင် လူအသွားအလာများသော လမ်းဆုံလမ်းခွများတွင်တည်ရှိသော တိုင်များအား တတိုင်တည်းကိုပင် လျှောက်ထားသူဦးရေများပြားနေသည့်အတွက် ဆိုင်းဘုတ်တိုင်ပေါင်း ၄၇၄ ခုအနက် ၂၇၆ တိုင်ကျန်ရှိကြောင်းနှင့် အဆိုပါ ဆိုင်းဘုတ်များအား မဲနှိုက်ရန်မလိုဘဲ ဦးရာလူစနစ်ဖြင့် ငှားရမ်း နိုင်ရန် စာရင်းများကပ်ထားပေးမည်ဖြစ်ကြောင်း သိရသည်။
''ဒီ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွက် ကြော်ငြာဆိုင်းဘုတ်ပေါင်း ၁၉၈ ခု ငှားရမ်းခက ၃ ဒသမ ၄၅၇၅ ဘီလီယံရထားတယ်။ ဒါက ဒီမဲနှိုက်ပေးတဲ့ ပွဲတပွဲပဲရှိသေးတယ်။ နောက်ပိုင်း တလတခါနှစ်လတခါ လာငှားကြမယ့် သူတွေလည်း ရှိသေးတယ်။ တိုင်ပေါင်း ၂၇၆ တိုင်ကို ငှားမယ့်သူတွေရှိဦးမယ်၊ တနှစ်လုံး အတွင်းမှာ တလ၊ နှစ်လလာ ငှားတဲ့သူတွေ ရှိတယ်။ အဲဒါတွေ ပေါင်းလိုက်လို့ရှိရင် များလာမယ်။ ပြီးခဲ့တဲ့ နှစ်တွေကလည်း အဲလိုပဲ။ အဲဒါတွေ လိုချင်တဲ့သူက မဲနှိုက်စရာမလိုတော့ဘူး။ အချိန်မရွေးလာငှား။ ဦးရာလူစနစ်ပေါ့။ သတ်မှတ်ဈေးနှုန်းအတိုင်း အနည်းဆုံးတော့ တလငှားရမ်းရမယ်''ဟု ကြော်ငြာဌာနစိတ်မှ တာဝန်ရှိသူက ပြောသည်။
လင်းလင်းအောင်
News Watch
Subscribe to:
Post Comments (Atom)
No comments:
Post a Comment