နှိမ့်ချစွာနေထိုင်ခြင်းက အကျိုးရှိစေရဲ့လား
ကိုယ်လုပ်တဲ့အလုပ်ဟာ ကိုယ့်ရဲ့အကောင်းဆုံး စိတ်ထားနဲ့အကောင်းဆုံး အရည်အချင်းကို ပြသတတ်တယ်လို့ ကျွန်မ ယုံကြည်လက်ခံလာပြီးနောက်ပိုင်းမှာ ကြည်ညိုလေးစားမိသူတစ်ဦးရဲ့ ရိုကျိုးနှိမ့်ချမှုကို မြင်တွေ့လိုက်ရပါတယ်။
ကျွန်မရင်ထဲမှာ တသိမ့်သိမ့်နဲ့ အံ့သြအားကျရလောက်အောင်ထိ ခံစားခဲ့ရဖူးတယ်။ အမြဲတမ်းလည်း အမှတ်ရနေမိတယ်။
တကယ်တော့ ကျွန်မ အနေနဲ့ အသက်၃၉နှစ်ဝန်းကျင်လောက်ထိ မာန်မာနကြီးတဲ့ ထဲမှာပါဝင်ခဲ့ဖူးတယ်။ မောက်မာရိုင်းစိုင်းတာမျိုး မရှိခဲ့ပေမဲ့ မာန်မာနကြီးရတာကိုပဲ အဟုတ်ထင်ခဲ့မိတယ်။ ကိုယ်လုပ်ချင်တာလေးတွေလည်း လုပ်လာနိုင်တဲ့အခါ ကို်ယ့်ကိုယ်ကိုလည်း ဘ၀မြင့်တာ ပါမှာပေါ့။
ဒါပေမဲ့ ကိုယ့်ထက် ပညာဥာဏ်ရော၊ အသက်အရွယ်ရော၊ ဂုဏ်အရှိန်အ၀ါရော အများကြီးပိုမြင့်မားနေတဲ့သူတွေက သူတို့ရဲ့အရှိတရားတွေအတွက်နည်းနည်းလေးမှ မထောင်လွှားကြတာ၊ မာန်မာန မထားကြတာ တွေ့ရတော့ ကျွန်မအနေနဲ့အံ့သြမိခဲ့တယ်။
ပြီးတော့ ကိုယ့်ကိုယ်ကို ထင်နေတဲ့ စိတ်ကို ရှက်လိုက်တာ။ ဘယ်သူမှ မသိလည်း ကိုယ့်ကိုယ်ကို သိပြီး ရှက်တာပဲ။ ဘာမှ မဟုတ်ဘဲနဲ့များ ၊ ဘာမှ မသိဘဲနဲ့များ မာနကြီးနေလိုက်တာလို့ တွေးမိလေ ရှက်လေနဲ့ပါပဲ။
အဲဒီအချိန်ကစပြီး ရိုကျိုးနှိမ့်ချခြင်းဆိုတာကို လက်ခံလာခဲ့မိတာပါ။ မှန်တာပြောရရင်တော့အဲဒီလို အချိန်ကြမှ စိတ်ထဲ နေရ ထိုင်ရတာ သက်သာသွားပြီး။ အေးချမ်းမှု ဆိုတာကို သိလာရတာပါ။ ကျွန်မ ဘယ်သူလဲ ဆိုတာ ဘယ်သူ့ကိုမှ ပြောစရာ၊ ပြစရာ မလိုတော့တဲ့အခါ စိတ်ဟာ အေးချမ်းခြင်းနဲ့အတူ လွတ်လပ်သွားတယ်။
မာန်ထောင်ပြစရာလည်း မရှိတော့တဲ့အတွက် ကိုယ့်ကို ဘယ်လိုထင်လေမလဲဆိုတဲ့ သူများရဲ့ ထင်မြင်ယူဆချက်တွေကိုဂရုစိုက်ပြီး ရှင်သန်နေရတဲ့ဝဋ်ကြွေးတစ်ခုလည်း လွတ်ကင်းသွားသလိုပါပဲ။
ခက်ထက်ကြမ်းတမ်းလှတဲ့ လောကကြီးမှာ ရိုးကျိုးနှိမ့်ချခြင်းက အေးချမ်းခြင်းအတွက် ရတနာတစ်ပါးလို့တောင် ဆိုနိုင်ပါတယ်။ အဲဒီလို ရတနာမျိုး အဖိုးတန်မျိုးကို လူတိုင်းက မသိကြပါဘူး။
ရိုကျိုးနှိမ့်ချမှုဆိုတာ လူတိုင်းမလုပ်နိုင်တဲ့ လုပ်ရပ်မျိုးပါ။ လူဆိုတာ ရှိသမျှ မာန်မာနတွေကို အားကုန်သုံးစွဲတတ်ကြပါတယ်။ အထူးသဖြင့် ဘာမှ မရှိတဲ့သူတွေက မရှိမာန ဆိုပြီး မာနကြီးကြတာ၊ ပစ္စည်းမဲ့ မာန ဆိုပြီး မာန်ထောင်ပြကြရတာကို ကျေနပ် ဂုဏ်ယူတတ်တဲ့သဘောရှိပါတယ်။
အချို့ဆို မောက်မာရိုင်းပျရတာကိုပဲ အရသာတွေ့နေတာ၊ နိုင့်ထက်စီးနင်းပြောဆိုရတာကိုပဲ ဂုဏ်ယူ ကျေနပ်နေကြတာပါ။
မောက်မာရိုင်းပျတဲ့သူတွေက လူ့လောကထဲမှာ ပြဿနာ ရှာတဲ့သူတွေ အဖြစ်လည်း ရှင်သန်ကြရတယ်။ အချို့ဆို မောက်မာမှုကြောင့် ထောင်ထဲထိရောက်သွားကြတာလည်း တွေ့ရဖူးတယ်။
“ဘာမှ မရှိလေ၊ အဲဒီလူက ပိုပြီး မာန ကြီးလေပဲ။ ဘာဖြစ်လို့လဲ ဆိုတော့သူတို့မှာ အဲဒီမာနနဲ့မာန်က လွဲပြီး ဘာမှ မရှိလို့ပါ“ လို့ ကျွန်မရဲ့ ဖေဖေက သွန်သင်ခဲ့ဖူးတယ်။
ဖေဖေက ကျွန်မတို့မောင်နှမတွေကို ကိုယ့်ကိုယ်ကို အမြဲနှိမ့်ချပြောဆိုဖို့ပဲ သွန်သင်ခဲ့တယ်။
မောက်မာတဲ့သူတွေက သူတို့ကို လူတွေအထင်သေးအမြင်သေး ဆက်ဆံမှာ စိုးရိမ်တဲ့အတွက် သူတို့က ရှိတာထက်ပိုပြီး မောက်မာ ပြကြတာပါ။ ဒါဟာ အားကျစရာ အတုယူစရာမဟုတ်ပါဘူး။
“ရိုးကျိုးနှိမ့်ချပါ။ လူဖြစ်ခွင့်ရတဲ့ခဏမှာ ဘာဖြစ်လို့မာန်မာနတွေ ထောင်လွှားနေမလဲ။
မောက်မာရိုင်းပျတဲ့သူတွေက နှိမ့်ချတဲ့သူတွေကို အထင်မကြီးရင်လည်း ဘာဖြစ်လဲ၊ အဲဒီလို လူမျိုးတွေရဲ့ အထင်ကြီးမှု ဆိုတာကို လက်မခံချင်ပါနဲ့လူသားအချင်းချင်းလေးစာစွာ ဆက်ဆံတာ ယဉ်ကျေးသိမ်မွေ့ပါ"
တကယ်တော့ လူတိုင်းမှာ မျက်စိနဲ့ နားတွေ ရှိပါတယ်။ လူတိုင်းဟာ နှိမ့်ချတဲ့သူနဲ့မောက်မာတဲ့သူကို ကောင်းမွန်စွာ ခွဲခြားနားလည်တတ်ကြပါတယ်။
မောက်မာတဲ့သူကို မနှစ်သက်ကြပါဘူး။ မဖြစ်နိုင်လို့သာ ပေါင်းသင်းရပေမဲ့ သူတို့စိတ်ထဲ သူတို့ရဲ့မောက်မာမှုနဲ့ မာန်မာန ထောင်လွှားမှုကို လက်မခံနိုင်ကြပါဘူး။ ဒါပေမဲ့ အနည်းစုကတော့ အပေါင်းအသင်းမပျက်လို့ ပေါင်းသင်းပေးကြပါတယ်။
မောက်မာတဲ့သူတွေရိုင်းစိုင်းပြီး အကြင်နာတရားမဲ့တဲ့ သူတွေကတော့ဘယ်လောက်ပဲ ကြိုးစားပါစေ ခိုင်မာတဲ့အောင်မြင်မှုကို မရရှိတတ်ကြဘူး။ မောက်မာဝင့်ကြွားမှုကနေ ပြုတ်ကျတဲ့အခါမှာလည်း အကျနာလေ့ရှိပါတယ်။
ရိုကျိုးနှိမ့်ချပြီးတော့ အကြင်တရားရှိတဲ့သူ ဘယ်သူမဆို ဘေးအန္တရာယ်ကင်းပါတယ်။ ကောင်းတာမွန်တာသာ ပြုလုပ်ပြီးလုပ်တဲ့ကိစ္စတိုင်းမှာ နှိမ့်ချခြင်းနဲ့အကြင်နာတရား ထည့်ဝင်လိုက်တဲ့အတွက် ခိုင်မြဲတဲ့အောင်မြင်မှုကိုလည်း ရရှိကြပါတယ်။
ရိုကျိုးနှိမ့်ချတဲ့သူတွေက ဘယ်သူ့ကိုမဆို အကူညီပေးဖို့ ၀န်မလေးတတ်သလို၊ သူတို့အနေနဲ့ အကူအညီလိုအပ်လာရင်လည်း အကူညီတောင်းဖို့ ၀န်မလေးတတ်တဲ့ပွင့်လင်းနဲ့ဆက်ဆံရေးမျိုးလည်း ရှိကြပါတယ်။
လူတွေနဲ့ ဆက်ဆံတဲ့အခါမှာလည်း သူတို့ရဲ့ဆက်ဆံရေးက ဖော်ရွှေမှုရှိတယ်၊ တသတ်မတ်တည်း ရှိပါတယ်။ အစွန်းမထွက်ကြပါဘူး။ လူမှုဆက်ဆံရေးမှာ ရောင့်ရဲခြင်းနဲ့ နားလည်ခြင်းရှိနေတဲ့အတွက် သူတို့ဟာ အေးချမ်းကြတယ်။
အေးချမ်းမှုဆိုတာ ဘယ်သူကမှ ပေးလို့ရတဲ့ အရာ၊ ယူလို့ရတဲ့အရာမဟုတ်ပါဘူး၊ ကိုယ့်ကိုယ်ကိုသာ အေးချမ်းအောင်နေမှ နေလို့ရပါတယ်။ ဒါကြောင့်
ကျွန်မအနေနဲ့ကတော့လူ့လောက်ကြီးမှာ အကန့်အသတ်နဲ့ နေထိုင်ခွင့်ရနေတဲ့ အချိန်လေးမှာ ဘ၀ကို အေးချမ်းပျော်ရွှင်စွာနဲ့ပဲဖြတ်သန်းချင်တယ်။
ကိုယ် ဘယ်သူလဲ ဆိုတာ ကိုယ့်လုပ်ရပ်တွေကနေ တွေ့မြင်နေကြရတာပါပဲ။ ဒါကြောင့် ဘယ်သူရယ် ဘယ်ဝါရယ် ဆိုပြီး မောက်မာထောင်လွှားနေစရာ မလိုအပ်ပါဘူးလို့ပဲနားလည်လက်ခံလာမိပါတယ်။
မောက်မာတဲ့သူတွေက ရိုကျိုးနှိမ့်ချတဲ့သူတွေကို အနိုင်ကျင့်တတ်ကြပါတယ်။ ဒါကလည်း သဘာဝပါပဲ၊ အဲဒီအနိုင်ကျင့်မှု ဆိုတာ သူတို့အတွက် ရလိုက်တာလို့ ထင်မှတ်တတ်ကြတယ်။ တကယ်တော့သူတို့ပေးလိုက်ရတဲ့ ဂုဏ်သိက္ခာဆိုတာကို သူတို့မသိလိုက်လို့ပါ။ပြီးတော့ ဒါကပဲကိုယ့်ကို လူကောင်းတစ်ယောက်မှန်း ကိုယ့်ကိုယ်ကို သိခွင့်ရလိုက်သလို၊ အများကို ပြသခွင့်ရလိုက်တဲ့ အခွင့်အလန်းဖြစ်စေပါတယ်။
ကိုယ်ကသာ ကောင်းမွန်အောင်နေမယ်။ ကောင်းမွန်စွာ ပြောဆိုဆက်ဆံမယ်၊ ကောင်းတဲ့လုပ်ရပ်တွေပဲ လုပ်နေမယ်ဆိုရင် သေချာပါတယ်။ အနာဂတ်က ကောင်းမွန်နေမှာပါပဲ။ အဲဒီအတွက်တော့နည်းနည်းလေးမှ စိတ်မပူလိုက်ပါနဲ့။
မတူတဲ့အမြင်များရှိရင်လည်း ဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်။
မေသင်္ကြန်ဟိန်(မြစ်မခ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment