Latest News

Thursday, April 20, 2017

နျူကလီးယားစစ်နှုတ်ခမ်းဝမှ ကိုရီးယားကျွန်းဆွယ်

နျူကလီးယားစစ်နှုတ်ခမ်းဝမှ ကိုရီးယားကျွန်းဆွယ်

မြောက်ကိုရီးယားနှင့် အမေရိကန်တို့၏ ဆက်ဆံရေးအခြေအနေမှာ အဆိုးရွားဆုံးအနေအထားသို့ရောက်ရှိနေပြီး လွန်ခဲ့သည့် သီတင်းပတ်များကတည်းက ကိုရီးယားကျွန်းဆွယ်တွင် စစ်ရိပ်စစ်ငွေ့များသန်းလျက်ရှိသည်။
စစ်ရိပ်စစ်ငွေ့သန်းသည်ဆိုခြင်းထက် နျူကလီးယားလက်နက်များဖြင့် တိုက်မည်ခိုက်မည်ဆိုသည့်အတွက် နျူကလီးယား အရိပ်အငွေ့များသန်းနေသည်ဆိုလျှင် ပိုမှန်ပါလိမ့်မည်။ ကိုရီးယားကျွန်းဆွယ်သည် နျူကလီးယားစစ်နှုတ်ခမ်းဝရောက်ရှိနေပြီး နိုင်ငံတကာအသိုင်းအဝိုင်းက စိုးရိမ်မှုများနှင့်အတူ စောင့်ကြည့်လျက်ရှိကြသည်။ တရုတ်နှင့် ရုရှားနိုင်ငံတို့က ထိန်းထိန်း
သိမ်းသိမ်း ဆောင်ရွက်ကြရန် နှစ်ဖက်စလုံးကို မေတ္တာရပ်ခံထားသည်။ မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယား ထိပ်ဖူးသယ်ဆောင်နိုင်သည့် ဒုံးကျည်နည်ပညာက အမေရိကန်နိုင်ငံအထိ ရောက်ရှိအောင် ပစ်ခတ်နိုင်ဖွယ်
ရှိ၊ မရှိ အသေအချာမပြောနိုင်သော်လည်း ဒေသတွင်း ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့ကို ရောက်ရှိအောင်ပစ်ခတ်နိုင်သည်မှာ သံသယရှိစရာမလိုပေ။
အမေရိကန်၏ မဟာမိတ်နိုင်ငံများဖြစ်သည့် ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့က သူတို့ကိုယ်သူတို့ သေနတ်ပြောင်းဝတွင် အချိန်ထားခံရသူများအဖြစ် မှတ်ယူနေကြပြီး ၄င်းတို့လုံခြုံရေးအတွက် ပြင်းပြင်းထန်ထန် ကိုင်တွယ်ဖြေရှင်းလိုကြဟန်ရှိသည်။

မဟာမိတ်နိုင်ငံများဘက်မှ ရပ်တည်ကာကွယ်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

ထရန့်အစိုးရအနေဖြင့် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့ကို အနီးကပ်ကာကွယ်ရန် မကြားသေမီက အတည်ပြုထားသည့် ၄င်း၏ ကတိကဝတ်များကို အကောင်အထည်ဖော်ရေးရန် အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျိန်းစ်မက်တစ်စ် ဆိုးလ်နှင့် တိုကျိုမြို့များသို့ သွားရောက်နှစ်သိမ့်မှုများပြုလုပ်ပေးခဲ့ပြီးဖြစ်သည်။

ထို့ပြင် ယခုအခါ အမေရိကန် ဒုတိယသမ္မတ မိုက်ပန့်စ်သည်လည်း ၄င်း၏ အာရှခရီးစဉ်တွင် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့သို့ သွားရောက်ပြီး မြောက်ကိုရီးယားပြဿနာကို အလေးထားဆွေးနွေးခဲ့သည်။ အမေရိကန်
အနေဖြင့် မဟာမိတ် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့ဘက်က အခိုင်အမာရပ်တည် ကာကွယ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
''အမေရိကန်အစိုးရအဆက်ဆက်က မြောက်ကိုရီးယားပြဿနာကို သည်းခံစိတ်ရှည်တဲ့ မဟာဗျူဟာနဲ့ ချဉ်းကပ်ခဲ့ကြပါတယ်။ မြောက်ကိုရီးယားရဲ့
နျူကလီးယား အစီအစဉ်ဖျက်သိမ်းရေးနဲ့ မြောက်ကိုရီးယားပြည်သူတွေ ခံစားနေရတာတွေသက်သာစေဖို့ အမေရိကန်ပြည်ထောင်စုနဲ့ ကျွန်တော်တို့ရဲ့ မဟာမိတ်တွေ ကြိုးစားခဲ့တာ အနှစ် ၂ဝ ကျော်ခဲ့ပါပြီ။ ဒါပေမဲ့ မြောက်ကိုရီးယားဖက်က လိမ်လည်လှည်ဖျားမှုတွေ၊ မတည်တဲ့ကတိတွေ၊ ဒုံးကျည်စမ်းသပ်မှုတွေနဲ့သာ တုံ့ပြန်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၈ လအတွင်းမှာကို တရားမဝင် နျူကလီးယားစမ်းသပ်မှု နှစ်ခုနဲ့ ပဲ့ထိန်းတပ်ဒုံး စမ်းသပ်မှုအကြိမ်ကြိမ်လုပ်ခဲ့ပါတယ်။

ကျွန်တော် ဒီကို လာနေတဲ့အချိန်မှာတောင် ဒုံးကျည်ပစ်လွှတ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ မဟာဗျူဟာအရ စိတ်ရှည်သည်းခံခဲ့တဲ့ခေတ် ကုန်သွားပါပြီ'' ဟု မိုက်ပန့်စ်က အမေရိကန်အစိုးရ၏ မြောက်ကိုရီးယားနိုင်ငံအပေါ်
ထားရှိသည့် သဘောထားကို ပြောပြသွားခဲ့သည်။

အမေရိကန်နိုင်ငံက ဆီးရီးယားအစိုးရလေတပ်အခြေစိုက်စခန်းတစ်ခုကို ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုနှင့် အာဖဂန်နစ္စတန်နိုင်ငံရှိ အိုင်အက်စ်စစ်သွေးကြွများကို ဗုံးအားလုံး၏ မိခင်ဟု တင်စားခေါ်ဆိုသည့် အကြီးဆုံးဗုံးကို အသုံးပြုတိုက်ခိုက်ခဲ့မှုများကို ရည်ညွှန်းကာ သမ္မတထရန့်၏ ပြတ်ပြတ်သားသားဆုံးဖြတ် အရေးယူလှုပ်ရှားမျာကို ဆီးရီးယားနှင့် အာဖဂန်နစ္စတန်
တွင် တစ်ကမ္ဘာလုံးမြင်တွေ့ခဲ့ပြီဖြစ်ကြောင်း မိုက်ပန့်စ်က ပြောကြားသည်။ မြောက်ကိုရီးယားအရေးကို တရုတ်နိုင်ငံက ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းပေး နိုင်လိမ့်မည်ဟု အမေရိကန်နိုင်ငံက ယုံကြည်ကြောင်းနှင့် အကယ်၍
တရုတ်နိုင်ငံက ကိုင်တွယ်ဖြေရှင်း နိုင်ခြင်းမရှိလျှင် အမေရိကန်နှင့် မဟာမိတ်နိုင်ငံများက ကိုင်တွယ်ဖြေရှင်းသွားမည်ဟု ပန့်စ်က ဆက်လက်ပြောကြားသည်။ မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုန်အန်၏ တိုးမြင့်လာသည့် နျူကလီးယားခြိမ်းခြောက်မှု များကိုကိုင်တွယ်ဖြေရှင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အနေဖြင့် လိုအပ်လျှင် စစ်အင်အားအသုံးပြုလိမ့်မည်ဟု မိုက်ပန့်စ်က ပြင်းပြင်းထန်ထန် သတိပေးပြောကြားလိုက်သည်။

တုံ့ပြန်တိုက်ခိုက်ရန် အဆင်သင့်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

''တကယ်လို့အမေရိကန်က စစ်ရေးအရဆောင်ရွယ်မယ့်လမ်းကို ရွေးချယ်ရဲလို့ လက်ဦးမှုယူပြီး ဌာနချုပ်တွေကို ရှင်းလင်းတိုက်ခိုက်ဖို့ကြိုးစားမယ်ဆိုရင် မြောက်ကိုရီးယားကလည်း အမေရိကန်ဘက်ကလိုလားတဲ့ စစ်ရေးပုံစံအတိုင်းတုံ့ပြန်ဖို့ အဆင်သင့်ပါပဲ ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယားဒုတိယသံအမတ်ကြီး ကင်အင်ယောင်းက ပြောကြားသည်။

ထရန့်အစိုးရက နျူကလီးယားသယ်ဆောင်လာသည့် အမေရိကန်စစ်သင်္ဘော Carl Vinson ကို ကိုရီးယား ကျွန်းဆွယ်ကမ်းလွန်ရေပြင်သို့ ဖြန့်ကြက်ခြင်းသည် မြောက်ကိုရီးယားနိုင်ငံကို ကျူးကျော်တိုက်ခိုက်ရန် အမေရိကန်၏ အဆင်ခြင်မဲ့လုပ်ရပ်ဖြစ်ပြီး စိုးရိမ်စရာအခြေအနေသို့ ရောက်ရှိစေသည်ဟု ကင်က ပြောကြားသည်။

'' နိုင်ငံတော်ကာကွယ်ရေးအတွက် မြောက်ကိုရီးယားရဲ့ စစ်အင်အားကို နည်းလမ်းမျိုးစုံနဲ့ တိုးမြှင့်သွားမှာဖြစ်ပြီး နျူကလီးယားလက်နက်နဲ့ လက်ဦးမှုယူတိုက်ခိုက်မှုတွေ ပြုလုပ်နိုင်ပါတယ်'' ဟု ကင်က ပြောကြားသည်။ အမေ
ရိကန်နှင့် မဟာမိတ်နိုင်ငံများက မြောက်ကိုရီးယားနိုင်ငံ၏ ဆိုရှယ်လစ်စနစ် ကျဆုံးအောင် စီစဉ်လုပ်ဆောင်နေသမျှကာလတစ်လျှောက်လုံး မြောက်ကိုရီးယားနိုင်ငံအနေဖြင့် နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့်ငြိမ်းချမ်းရေးအတွက် စစ်အင်အား ဆက်လက်တိုးချဲ့နေမည်ဖြစ်ကြောင်း ကင်က ပြောကြားသည်။

မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားအစီအစဉ်နှင့် ပတ်သက်ပြီး ဧပြီ ၂၈ ရက်တွင် လုံခြုံရေးကောင်စီတွင်ဆွေးနွေးရန် အမေရိကန်၏ ဆုံးဖြတ်ချက်ကို မြောက်ကိုရီးယားနိုင်ငံက ပြတ်ပြတ်သားသား ငြင်းပယ်သွား
မည်ဖြစ်ကြောင်း ကင်က ဆက်လက်ပြောကြားသည်။

လက်ဦးမှုယူတိုက်ခိုက်ရန် စီစဉ်ခဲ့ဖူး
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၁၉၉၃-၁၉၉၄ ခုနှစ်ကာလ ပထမဆုံးအကြိမ် မြောက်ကိုရီးယားနျူကလီးယား ပြဿနာဖြစ်ပွားစဉ်တွင် အမေရိကန်သမ္မတ ဘီလ်ကလင်တန်အစိုးရက မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားအဆောက်အအုံများနှင့် တိုက်ချင်းပစ်ဒုံးကျည်ပစ်ကွင်းနေရာများကို လက်ဦးမှုရယူကာ လေကြောင်းမှတိုက်ခိုက်ရန် စဉ်းစားခဲ့ဖူးသည်။ အထူးသဖြင့် ခရုစ်ဒုံးကျည်များနှင့် အက်ဖ်-၁၁၇တိုက်လေယာဉ်များအသုံးပြုကာ မြောက်ကိုရီးယားနိုင်ငံ၏ ပလူတိုနီယံအဏုမြူဓာတ်ပေါင်းဖိုများ တည်ရှိသည့် ယောင်ပြွန်းကျွန်းကို ဖျက်ဆီးတိုက်ခိုက်ရန်ဖြစ်သည်။ ထိုစဉ်က အမေရိကန်လေတပ်သည် ခွန်ဆန်လေတပ်အခြေစိုက်စခန်း၌ အက်ဖ်- ၁၁၇ တိုက်လေယာဉ်ခြောက်စင်း ဖြန့်ကြက်ထားပြီးဖြစ်သည်။

သို့သော် ပြန်လည်တုံ့ပြန်တိုက်ခိုက်မှုနှင့် အန္တရာယ်များသောစွန့်စားမှုများပိုမိုများပြားလာပြီး ကိုရီးယားကျွန်းဆွယ်တွင် ကြီးမားသည့်ပဋိပက္ခကို ဦးတည်စေနိုင်သောကြောင့် အဆိုပါ ဆုံးဖြတ်ချက်ကို ဆိုင်းငံ့ထားလိုက်ရသည်။ ၂ဝဝ၆ ခုနှစ်၌ မြောက်ကိုရီးယားနိုင်ငံ၌ တာဝေးပစ် တီပို-ဒွန် ၂ ဒုံးကျည်နည်းပညာ စမ်းသပ်ပစ်ခတ်မှုအောင်မြင်လုဆဲဆဲဖြစ်လာသည့်အတွက်
အမေရိကန်အနေဖြင့် မြောက်ကိုရီးယားကို တိုက်ခိုက်ရန်အကြောင်း ထပ်မံပေါ်ပေါက်လာ ပြန်သည်။ ထိုအချိန်တွင် မြောက်ကိုရီးယားနိုင်ငံ၌ နျူကလီးယားလက်နက် ပိုင်ဆိုင်နေပြီဖြစ်သည်။

ထိန်းချုပ်ဟန့်တားရေး မဟာဗျူဟာ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၂ဝ၁၃ ခုနှစ်တွင် အမေရိကန်နှင့် တောင်ကိုရီးယားတို့သည် ထိန်းချုပ်ဟန့်တားရေး မဟာဗျုဟာကို လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါမဟာဗျူဟာတွင် မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားခြိမ်းခြောက်မှုကို အနာဂတ်ဖြစ်နိုင်ခြေ စစ်ဆိုင်းကာလနှင့် စစ်ပွဲကာလများတွင် ထိန်းချုပ်ဟန့်တားနိုင်ရေးအတွက် မိတ်ဖက်အဖွဲ့အစည်းအဖြစ်ထူထောင်ရေးနှင့် မဟာမိတ်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုစွမ်းရည်ဖြင့် ထိထိရောက်ရောက်ဟန့်တားရေး တို့ဖြစ်သည်။ အဆိုပါ မဟာဗျူဟာ၏ အသေးစိတ်အချက်အလက်များကို အမေရိကန်တပ်ဖွဲ့များ၏ ကိုရီးယားတပ်မှူးများက မှတ်ချက်ပြုရာတွင် ယင်းမဟာဗျူဟာသည် မြောက်ကိုရီးယားနိုင်ငံ၏ ပဲ့ထိန်းဒုံးကျည် အသုံးပြုမှုကြောင့် ထိခိုက်နစ်နာနိုင်မှုကို အဓိကထားစဉ်စားသွားရန်နှင့် မြောက်
ကိုရီးယားနိုင်ငံ၏ ဒုံးကျည်အသုံးပြုမှုကို ထိန်းချုပ်ကန့်သတ်သွားရန် တို့ဖြစ်သည်။

အဆိုပါမဟာဗျူဟာတွင် မဟာမိတ်နိုင်ငံတို့၏ သမားရိုးကျ ကာကွယ်ရေးအစီအစဉ်ဖြင့် အမေရိကန်၏ နျူကလီးယားထီးရိပ်အထောက်အပံ့ဖြင့်
မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားလက်နက်အသုံးပြုအံ့ဆဲဆဲ အခြေအနေမျိုးတွင် လက်ဦးမှုယူတိုက်ခိုက်သွားရန်လည်း ရွေးချယ်ထားသည်ဟု တောင်ကိုရီးယားသတင်းမီဒီယာများက ဖော်ပြကြသည်။ ပြဿနာမှာ မြောက်ကိုရီးယား၏ မဟာဗျူဟာရွေးချယ်မှုများက အကျိုးသက်ရောက်လာနိုင်မှုကို ဘယ်နည်းဘယ်ပုံ ထိန်းချုပ်ဟန့်တားသွားမလဲဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်နေသည်။

ခြောက်နိုင်ငံဆွေးနွေးပွဲနှင့် မလုပ်ရမည့်သုံးခု
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

ဝမ်းနည်းဖွယ်ကောင်းသည်မှာ မြောက်ကိုရီးယားအရေးနှင့်ပတ်သက်၍ ခြောက်နိုင်ငံဆွေးနွေးပွဲ (မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ တရုတ်၊ ဂျပန်၊ အမေရိကန်နှင့် ရုရှား) ပျက်သွားပြီး ယခုအချိန်ထိ ပြန်လည်စတင်နိုင်မှုမ ရှိခြင်းပင်ဖြစ်သည်။ ယင်းကဲ့သို့ ဆွေးနွေးနိုင်မှုမရှိလျှင် ယခုကဲ့သို့ခြိမ်းခြောက်မှုများ၊ စိုးရိမ်မှုများ ဆက်လက်ဖြစ်ပွားနေမည်ဖြစ်သည်။ မြောက်ကိုရီးယား၏ နျူကလီးယားအစီအစဉ် ဖျက်သိမ်းရေးမှာ အချိန်းနှောင်းခဲ့ပြီဆိုသည့် ဝမ်းနည်းဖွယ် အဖြေပင်ရရှိသည်။

လော့စ်အလာမို့စ် ဓာတ်ခွဲခန်းမှ ဒေါက်တာ ဆစ်ဟက်ကာသည် မြောက်ကိုရီးယား ယောင်ပြွန်းနျူလီးယားသုတေသနဌာနသို့ လေးကြိမ်သွားရောက်ခဲ့သူဖြစ်သည်။ ဟက်ကာက မြောက်ကိုရီးယားအရေးဆွေးနွေးသည့် အမေရိကန်ပါဝင်သော ခြောက်နိုင်ငံဆွေးနွေးပွဲ စားပွဲဝိုင်းမအောင်မြင်ရသည့်အကြောင်းမှာ ၄င်းတို့က မြောက်ကိုရီးယား နျူကလီးယားလက်နက်
အစီအစဉ် စွန့်လွတ်ရေးကိုသာ အဓိကထားဆွေးနွေး ခဲ့ခြင်းကြောင့်ဟု ယူဆသည်။

ယင်းကဲ့သို့စွန့်လွတ်ရေးအစီအစဉ်မှာ မြောက်ကိုရီးယားနိုင်ငံ နျူကလီးယား လက်နက်မပိုင်ဆိုင်မီ ၂ဝဝဝ ပြည့်နှစ်က သင့်လျော်သော်လည်း ယနေ့အချိန်တွင် မရတော့ပေ။ ဟက်ကာက စတင်ပြုလုပ်သင့်သည်
ရည်မှန်းချက်များ၊ ရည်ရွယ်ချက်များကို တိုက်တွန်းချပြခဲ့သည်။ အဆိုပါရည်မှန်းချက်များမှာ ခေတ်နှင့်လျော်ညီပြီး စွမ်းဆောင်နိုင်မည့် အချက်များလည်း
ဖြစ်သည်ဟု ယူဆရသည်။ ထိုရည်မှန်းချက်များကို ဟက်ကာက မလုပ်ရမည့် သုံးခု (Three Nos)ဟု ခေါ်ဆိုခဲ့သည်။ ယင်းတို့မှာ (၁) နျူကလီးယားလက်နက်အသစ်မလုပ်ရ၊ (၂) နျူလက်နက်များ အဆင့်မြှင့်တင်ခြင်းမလုပ်ရနှင့် (၃) နျူကလီးယားနည်းပညာနှင့် လက်နက်များကို လွှဲပြောင်းခြင်းမပြုရ တို့ဖြစ်သည်။

အဆိုပါ ရည်ရွယ် ချက်များအပြင် စီးပွားရေး မက်လုံးများကိုပါ ပေါင်းစပ်အသုံးချနိုင်သည်ဟု ယူဆသည်။ အမေရိကန်နိုင်ငံအနေဖြင့် သင့်လျှော်မှန်ကန်သည့် နည်းဗျူဟာ ရည်မှန်းချက်များဖြင့် မြောက်ကိုရီးယားအရေးကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းမရှိလျှင် ဆိုးဆိုးရွားရွား ဒုက္ခရောက်မည်ဖြစ်သည်။
ဂျပန်နှင့် တောင်ကိုရီးယားတို့က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် နျူကလီးယားလက်နက်စွမ်းရည်ကို မြှင့်တင်သွားဖွယ်ရှိသည်။ ၄င်းတို့အနေဖြင့် နျူကလီးယားလက်နက်ကို လွယ်လွယ်ကူကူပြုလုပ်နိုင်စွမ်းရှိသည့် နည်းပညာနှင့် အရင်းအမြစ်တို့ရှိနေသည်။

မူလကတည်းက တည်ငြိမ်းမှုမရှိသေးသည့် ယင်းဒေသတွင် နျူကလီးယားလက်နက်များ အပြိုင်အဆိုင်တပ်ဆင်ပြီး ခြိမ်းခြောက်မှုအန္တရာယ် ပိုမိုကြီးထွားလာဖွယ်ရှိသည်။

(အေ၀မ်းစိုး)ပြန်/ဆက်

No comments:

Post a Comment