Latest News

Saturday, April 8, 2017

အက္ခရာနှင့် ဂဏန်းဂေါ်လီအားလုံး စည်အတွင်းမှာ တူညီစွာ လည်ပတ်နိုင်အောင် ပြုလုပ်ထား ထီချစ်သူမိဘပြည်သူများ စိတ်သောက ကင်းကင်း ဝယ်ယူကံစမ်းနိုင်

အက္ခရာနှင့် ဂဏန်းဂေါ်လီအားလုံး စည်အတွင်းမှာ တူညီစွာ လည်ပတ်နိုင်အောင် ပြုလုပ်ထား ထီချစ်သူမိဘပြည်သူများ စိတ်သောက ကင်းကင်း ဝယ်ယူကံစမ်းနိုင်


ဧပြီ ၁ရက်က (၁)ကြိမ်မြောက် ကျပ် ၅ဝဝ တန် အောင်ဘာလေ သိန်းတစ်သောင်းဆု ထီဖွင့်ပွဲတွင် အက္ခရာဂေါ်လီများ အလေးချိန်တူညီမှုရှိ၊ မရှိ ဒစ်ဂျစ်တယ်ကတ္တားငယ်ဖြင့် လာရောက် လေ့လာတိုင်းတာခဲ့သူရှိခဲ့ပြီး ယင်းတွင် အက္ခရာ ဂေါ်လီလုံးများ အလေးချိန်ကွာဟမှု အနည်းငယ်ရှိခဲ့သည့်အပေါ် အငြင်းပွားဖွယ်ရာ ဖြစ်ပေါ်ခဲ့သလို သတင်းမီဒီယာ အချို့တွင်လည်း ဖော်ပြခဲ့သဖြင့် ယင်းနှင့်ပတ်သက်၍ ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆု ဌာနခွဲမှညွှန်ကြားရေးမှူး ဦးထွန်းထွန်းအောင်နှင့်တွေ့ဆုံ မေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်။

မေး။ ။(၁)ကြိမ်မြောက် ကျပ် ၅ဝဝ တန် အောင်ဘာလေ သိန်းတစ်သောင်းဆု ထီဖွင့်ပွဲမှာ အက္ခရာဂေါ်လီများ အလေးချိန်တူညီမှုရှိ၊ မရှိကို လာရောက်တိုင်းတာမှုရှိခဲ့ပြီး အလေးချိန်တစ်ခုနဲ့တစ်ခု အနည်းငယ် ကွဲလွဲမှုရှိနေတာကို ရှင်းပြပေးပါ။

ဖြေ။ ။ဒါနဲ့ပတ်သက်ပြီး ဆရာ ထင်လင်းကျော် ရေးထားတဲ့ အောင်ဘာလေထီသမိုင်းစာအုပ်မှာ ရေးသားထားတာရှိပါတယ်။ အဲဒီစာအုပ်ဟာ ၂ဝဝ၇ ခုနှစ် စာပေ ဗိမာန်စာမူဆု သုတပဒေသာ (ဝိဇ္ဇာပညာရပ်) ပထမဆု ရရှိခဲ့တဲ့ စာအုပ်လည်းဖြစ်ပါတယ်။ အက္ခရာဂေါ်လီတွေက သစ်သားနဲ့ပြုလုပ်ထားတာဖြစ်ပါတယ်။ အပင်တစ်ပင်တည်းက အသားပင်အပေါ်နဲ့ အောက် သိပ်သည်းမှုခြင်း မတူပါဘူး။ နောက်ပြီး ဂေါ်လီတွေကို လက်နဲ့ ပြုလုပ်တာ ဖြစ်တဲ့အတွက် အလေးချိန် ၁၆ ဂရမ် = ၁ ကျပ်သားလောက် ကွာခြားမှုရှိနိုင်ပါတယ်။ အဲဒီ အလေးချိန်မတူတဲ့ ပြဿနာကိုဖြေရှင်းဖို့အတွက် သစ်သားစည်တွေထဲမှာ ရော်ဘာတုံး တွေကို V ပုံစံ ထည့်သွင်းထားပါတယ်။ ဒါကြောင့် အက္ခရာ ဂေါ်လီလုံးတွေမှာ လေးတဲ့ အက္ခရာအလုံးက အောက်ခြေမှာသာ ကပ်နေမယ်ဆိုတာမဟုတ်ပါဘူး။ စည်ထဲမှာ အက္ခရာ ဂေါ်လီလုံးအားလုံး လည်ပတ်နေမှုမှာ အားလုံးချိတ်ပါပြီး လည်ပတ်ပါတယ်။

မေး။ ။ဝေဖန်မှုတွေရှိလာတဲ့အပေါ် ထီဖွင့်ပွဲမှာ အက္ခရာအစုံ ပေါက်ဂဏန်းထွက်ရှိခဲ့ပါလား။

ဖြေ။ ။ထီဖွင့်လှစ်ခဲ့မှုကိုပြန်ကြည့်ရင်လည်း (၁)ကြိမ်မြောက် ကျပ် ၅ဝဝ တန် အောင်ဘာလေ သိန်းတစ်သောင်း ဆု ထီဖွင့်ပွဲမှာ အက္ခရာအားလုံး ပေါက်ဂဏန်းထွက်ရှိ တာကို ထီပေါက်စဉ်မှာတွေ့မြင်ရမှာပါ။ တကယ်လို့လေးတဲ့ အက္ခရာက အောက်ရောက်နေမယ်ဆိုရင် အခုလို အက္ခရာအားလုံး ထီပေါက်နိုင်မှာ မဟုတ်ပါဘူး။

မေး။ ။အခု အသုံးပြုနေတဲ့ အက္ခရာဂေါ်လီ၊ ဂဏန်း ဂေါ်လီတွေကို ဘယ်လိုပြုပြင်ဆောင်ရွက်သွားဖို့ အစီအစဉ် ရှိပါလဲ။

ဖြေ။ ။ထီဖွင့်ပွဲ ပြုလုပ်နေတဲ့ အက္ခရာဂေါ်လီ၊ ဂဏန်း ဂေါ်လီတွေဟာ ခေတ်မမီတော့တာ၊ ကြာမြင့်နေတာတွေ ရှိလာတဲ့အတွက် သက်ဆိုင်ရာကို တင်ပြခဲ့ပြီး E-lottery စနစ် စတင်နိုင်ချိန်မှာတော့ ပြုပြင်သွားနိုင်မှာဖြစ်ပါတယ်။ လစဉ် ထီဖွင့်ပွဲပြုလုပ်တဲ့အခါမှာ အခြေခံပညာကျောင်းက ကလေးတွေကို ကျောင်းအလိုက်၊ မြို့နယ်အလိုက် အလှည့်ကျ ဆောင်ရွက်နေတာဖြစ်တဲ့အတွက် စိတ်ပါဝင်စားတဲ့ ကလေးငယ်တွေရှိရင် လာရောက်ပြီး ရွေးချယ်ပေးလို့ရပါတယ်။ တခြား စိတ်ဝင်စားသူများအနေနဲ့လည်း ထီဖွင့်ပွဲကို လာရောက်လေ့လာနိုင်ပါတယ်။

မေး။ ။အောင်ဘာလေထီ ကံစမ်းနေတဲ့ မိဘပြည်သူတွေ သတ်မှတ်ထီဈေးနှုန်းအတိုင်း ကံစမ်းနိုင်ဖို့နဲ့ ထီစနစ် ရွေးချယ်မှုအပေါ် အများပြည်သူကို ဘာများပြောချင်ပါလဲ။

ဖြေ။ ။ထီချစ်သူ မိဘပြည်သူများအနေနဲ့ သတ်မှတ် ထီဈေးနှုန်းအတိုင်း ကံစမ်းနိုင်အောင် ဆက်လက်ကြပ်မတ်သွားပါမယ်။ ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် ထီလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပြောကြားပြီးဖြစ်ပါတယ်။ နောက်ပြီး အက္ခရာ ဂေါ်လီ၊ ဂဏန်းဂေါ်လီတွေ အလေးချိန်မတူညီသော်လည်း စည်များအတွင်းမှာ တူညီစွာလည်ပတ်အောင် လုပ်ထားတဲ့အတွက် စိတ်သောကကင်းဝေးစွာနဲ့ ဝယ်ယူကံစမ်းနိုင်ပါ တယ်လို့ ပြောပါရစေ။ အက္ခရာဂေါ်လီတွေကို အလေးချိန် ၁ဝ ဂရမ်လောက်သာကွာခြားအောင် ပြုပြင်ဆောင်ရွက်ပြီးသွားပါပြီ။ ဂေါ်လီလုံးအသစ်တွေကို လာမယ့် (၂) ကြိမ် မြောက်မှာ သုံးစွဲစေမှာဖြစ်ပါတယ်။ အများဆုံးကွာခြားမှု ၁ဝ ဂရမ်ပဲရှိမှာဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ။

ဆုနှင်းလဲ့( MOI )

No comments:

Post a Comment