Latest News

Saturday, April 1, 2017

ဒီစာအုပ်ထဲက စာတစ်ပုဒ်=== အပြုစိတ်၊ အပြုံးမပျက်နဲ့စိတ်ဖိစီးမှုဒဏ်ကို ဖြတ်ကျော်နိုင်ခြင်း

ဒီစာအုပ်ထဲက စာတစ်ပုဒ်===
အပြုစိတ်၊ အပြုံးမပျက်နဲ့စိတ်ဖိစီးမှုဒဏ်ကို ဖြတ်ကျော်နိုင်ခြင်း


ပြင်းပြင်းထန်ထန် စိတ်ဖိစီးမှုခံစားရတဲ့အခါတိုင်း ကျွန်မ ရင်ကြပ်လေ့ရှိတယ်။ အသက်လုံးဝ ရှုလို့မရဘူး။ ဆေးသောက်ပေမဲ့ မသက်သာဘူး။ ဆေးရဲ့ဘေးထွက်ဆိုးကျိုးကြောင့်နွမ်းနယ်ပြီးတော့မလှုပ်ချင်တော့ဘူး။

အဲလို ဖြစ်တာကို သေချာဂရုစိုက်ကြည့်တော့ စိတ်ဖိစီးမှုကြောင့်ဖြစ်ရတယ်ဆိုတာကို သိလာရပါတယ်။ကျွန်မကို ဘယ်လိုကိစမျိုးတွေက စိတ်ဖီစီးမှုဖြစ်စေသလဲ၊ ဘယ်လိုကိစမျိုးတွေကတော့တွန်းအားဖြစ်စေသလဲ ဆိုတာကို သတိထားကြည့်ခဲ့တယ်။

ကျွန်မကို အကြီးအကျယ်စိတ်ထိခိုက်စေတာကတော့ လုပ်ငန်းကို ထိခိုက်တယ်လို့ယူဆမိတဲ့အခါတိုင်း ကျွန်မအနေနဲ့ပြင်းပြင်းထန်ထန် စိတ်ဖိစီးခြင်းခံရပါတယ်။

လုပ်ငန်းကို ထိခိုက်စေတာ ဘာတွေလဲ လို့စဉ်းစားကြည့်တဲ့အခါ
ကျွန်မအတွက်ကတော့ လူသားအရင်းအမြစ်ပြသနာက ပိုပြီး စိတ်ပိုင်းဆိုင်ရာ ခံစားမှုကို ဖြစ်စေပါတယ်။ ငွေကြေးပြသနာနဲ့ရန်အတိုက်အခိုက်များခြင်းကလည်း စိတ်ဖိစီးမှုကို ဖြစ်စေပေမဲ့ နာကျင်ခံစားရတာမျိုးတော့မဖြစ်စေခဲ့ပါဘူး။

ကျွန်မက သတင်းသမားဘ၀ကနေ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်တာဖြစ်တဲ့အတွက် စီးပွားရေး အတွေးအမြင်မှာတင် အားနည်းတာ မဟုတ်ပါဘူး။ စီမံခန့်ခွဲမှုပညာရပ်မှာ အားနည်းပါတယ်။

ဒါပေမဲ့ကျွန်မက သင်ယူဖို့ လိုလားတဲ့အတွက် စီမံခန့်ခွဲမှုဆိုင်ရာ သိသင့်သိထိုက်တာတွေကို စာအုပ်တွေဖတ်ပြီး လေ့လာတာမျိုး ရှိသလို၊ ကျွမ်းကျင်တဲ့ပညာရှင်တွေဆီကနေ မေးမြန်းတာမျိုးနဲ့လေ့လာဆည်းပူးတာမျိုးနဲ့ လေ့လာခဲ့တယ်။

လုပ်ငန်းသဘောအရ ကျွန်မတို့ရဲ့သတင်းသမားတွေဆိုတာကလည်း ခုချက်ခြင်းရေတွင်းထဲ ပစ်ချလိုက်သလို လုပ်လို့ရတာမဟုတ်တဲ့အတွက် လူတစ်ယောက်ကို သတင်းထောက်တစ်ဦးဖြစ်လာအောင် အနည်းဆုံး ၃ နှစ်လောက် သင်ကြားပေးရပါတယ်။

အဲဒီအတော်အတွင်းမှာ သတင်းထောက်ဘ၀က ကြမ်းတယ်ဆိုပြီး လက်မြှောက်အရှုံးပေးပြီး ထွက်ခွာသွားတဲ့သူတွေလည်း ရှိပါတယ်။ အဲလို အခြားပရော်ဖယ်ရှင်နယ်တစ်ခုကို ပြောင်းသွားတဲ့သူတွေကိုတော့နမျောမိတာကလွဲလို့ထူးခြားတဲ့စိတ်ခံစားချက် မရှိခဲ့ပါဘူး။

ဒါပေမဲ့ကို်ယ့်ဘက်က အနစ်နာခံပြီး သင်ပေးခဲ့ပေမဲ့သူတို့တတ်သွားတဲ့အခါမှာ အခြားမီဒီယာကြီးတွေက ခေါ်ရင် မြစ်မခကနေ အလုပ်ထွက်ပြီး မီဒီယာကြီးတွေဆီကို ကူးသွားတတ်တဲ့အခါမှာတော့ကျွန်မ စိတ်ထဲ ထိထိခိုက်ခိုက် ခံစားခဲ့ရဖူးတယ်။ အထူးသဖြင့် ကိုယ်နဲ့တွဲဖက်လုပ်ကိုင်ရင်း ကိုယ်ယုံကြည်စိတ်ချနေတဲ့သူတွေ ရင်းနှီးတဲ့သူတွေနဲ့ကိုယ်သံယောဇဉ်ရှိတဲ့သူတွေက ကို်ယ့်ကို ထားခြဲ့ပီးတော့ အခြားမီဒီယာတစ်ခုကို ပြောင်းသွားတဲ့အခါ လုပ်ရက်လိုက်တာ ဆိုတဲ့ခံစားချက်နဲ့…ကိုယ့်စိတ်ထဲ ၀မ်းနည်းခြင်း၊ နာကျင်ခြင်းတွေနဲ့ထိထိခိုက်ခိုက်ကို ခံစားရတော့တာပါပဲ။

ဒီလို ပြောင်းသွားတဲ့သူတွေနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကို မေးခွန်းတွေ ထုတ်မိတယ်။ ဘာဖြစ်လို့လဲ။ ကျွန်မရဲ့ညံ့ဖျင်းတဲ့စီမံခန့်ခွဲမှုကြောင့်လား။ စီမံခန့်ခွဲမှုပိုင်းကို ပိုပြီး ကျွမ်းကျင်အောင်လေ့လာတယ်၊ အရာရာကို သူတို့နေရာမှာ ၀င်ခံစားပြီး နှလုံးသားနဲ့စီမံခန့်ခွဲနိုင်အောင်ကြိုးစားတယ်၊ ကိုယ့်ရဲ့ မာနနဲ့ အတ`တဆိုတာကို ထိန်းချုပ်ပြီး ဦးဆောင်သူကောင်ဖြစ်အောင် ကြိုးစား လေ့ကျင်ပါတယ်။ ဒါပေမဲ့လည်း အချို့ကတော့ ပြောင်းသွားကြတာပါပဲ။

ကိုယ့်ဘက်က နှလုံးသားနဲ့စီမံခန့်ခွဲနိုင်အောင် ကြိုးစားတည်ဆောက်နေချိန် ၂၀၁၃၊၂၀၁၄ မှာပဲ ကိုယ့်အသည်းကို ခွဲတဲ့သူတွေနဲ့ ထပ်ဆုံရပြန်တယ်။ ပထမတုန်းကတော့မြစ်မခက သတင်းထောက်တစ်ဦးက အခြားမီဒီယာအုပ်စုတစ်ခု ဆီကို ပြောင်းသွားတယ်။နောက် တစ်လနှစ်လ အတွင်းမှာပဲအဲဒီပြောင်းသွားခဲ့တဲ့ သတင်းထောက်က
သူနဲ့အတူတူ မြစ်မခမှာ အလုပ်လုပ်နေတဲ့အခြားသူ ၃ ဦးကိုလည်း ခေါ်ထုတ်သွားတာ။

သူတင်မကဘူး အုပ်စုလိုက်ပါ ခေါ်ထုတ်သွားတာ။ ပြီးတော့သူဒီလို လုပ်တာ သူတို့အမှားမဟုတ်ဘူးဆိုတာ ပြချင်တော့ ကျွန်မကို ၀န်ထမ်းတွေကို တန်ဖိုးမထားတဲ့သူ၊ ဘ၀င်မြင့်တဲ့သူ မာနကြီးတဲ့ သူ ဖြစ်အောင် မဟုတ်တဲ့သတင်းတွေကိုလည်း မီဒီယာလောကမှာ ဖြန့်လိုက်သေးတယ်။ ကျွန်မစိတ်ထဲ ပိုပြီး ထိခိုက်ခံစားသွားတယ်။

သူအဲလိုလုပ်လိုက်တာ မြစ်မခ လုပ်ငန်းကိုတော့ မထိခိုက်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့မြစ်မခမှာ သူတို့လို သစ္စာ မရှိတဲ့သူတွေချည်း ရှိတာမှ မဟုတ်တာ၊ မြစ်မခမှာ သစ္စာ မရှိတဲ့သူတွေ လူကောင်းလူမွန်တွေမှ အများကြီးပဲ။ သူတို့မရှိပေမဲ့ မြစ်မခဟာ ရှေ့ဆက်နိုင်တာပဲ။

ဒါပေမဲ့ ကျွန်မစိတ်ထဲမှာတော့ထိခိုက်ခံစားရပြန်တယ်။ အော် သမင်မွေးရင်း ကျားစားရင်း ဖြစ်နေတော့မှာပဲ ဆိုပြီးတော့လူသစ်တွေကို မွေးထုတ်ချင်စိတ်ကို မရှိတော့လောက်အောင် စိတ်ပျက်သွားတယ်။(ကျွန်မက သတင်းစာပညာ လုံးဝ မတတ်သေးတဲ့လူငယ်တွေကို သတင်းစာပညာသင်ပေးပြီး မှ သတင်းထောက်အလုပ်ကို လုပ်စေတဲ့သူဖြစ်တယ်)

အဲဒီမှာ ကျွန်မ သတင်စာပညာ သင်တန်းတွေ ဆက်ပေးချင်စိတ်လည်း မရှိတော့ဘူး။စိတ်ညစ်ညစ်နဲ့ ရင်ကြပ်နေခဲ့တယ်။ အဲဒီအချိန်မှာပဲ ကျွန်မရဲ့ အတွေးအမြင်သစ်ကို ရရှိစေခဲ့ပြန်တယ်။

တစ်ရက်တော့ မိတ်ဆွေတစ်ယောက်က ကျွန်မ ရင်ကြပ်နေတာကို မေးမြန်းရင်းနဲ့စကားပြောဖြစ်တယ်။ မိတ်ဆွေမို့ ရင်ဖွင့ပြောဆိုလိုက်ပါတယ်။

သူက ပြောတယ်။ မမေရယ်… မမေက ကောင်းပါလျက်နဲ့သူတို့က ဒီလိုလုပ်တယ်ဆိုတော့မမေအနနဲ့ခံစားနေစရာကို မလိုတာပါ။ ခုလို စိတ်မကောင်းဖြစ်တာ စိတ်ထိခိုက်နေရင် ကို်ယ့်အလုပ်ကို ထိခိုက်ပါတယ်။ ဒါကို မခံစားပါနဲ့လို့ဆိုတယ်။

ဒါဆို ကျွန်မ ဘယ်လို သဘောထားရမလဲဆိုတော့သူက ရှင်းပြပါတယ်။ လောကမှာ တူရာတူရာကိုသာ စုစည်းလေ့ရှိတယ်။ ကောင်းတဲ့သူတွေကြားထဲမှာ မကောင်းတဲ့သူက နေလို့မရဘူး။ အဲလိုပဲမကောင်းတဲ့ သူတွေကြားထဲမှာလည်း ကောင်းတဲ့သူက နေလို့မရပါဘူးတဲ့။ အဲဒီသဘောပါ။

ကုသိုလ်တွေများတဲ့နေရာမှာ အကုသိုလ်များတဲ့သူတွေ နေလို့်မရဘူး ။အချို့လူတွေဟာ ကိုယ်နဲ့အဆင့်မတူတဲ့နေရာတွေမှာ နေလို့မရတဲ့အတွက် သူတို့ဟာ ထွက်သွားရတယ်။ အဲဒါကြောင့် မမေက အလုပ်မထုတ်ဘဲနဲ့သူတို့ဟာ သူတို့သဘောနဲ့ထွက်သွားတယ်ဆိုရင် ကိုယ့်အတွက် ပိုကောင်းတယ်လို့ နားလည်လိုက်ပါ။
ဘာကြောင့်လဲ ဆိုတော့သူက ကိုယ့်နားမှာ မနေနိုင်တော့လို့ပါ။…

သူ့စကားတစ်ခွန်းဟာ ကျွန်မကို  ဘယ်လိုနားလည် လက်ခံရမယ်ဆိုတဲ့အသိပေးလိုက်သလိုပါပဲ။

နောက်တစ်ချက်ကတော့ ဘာသာရေးအသိပါ။ ကျွန်မက အသက် ၁၄ နှစ်အရွယ်ကတည်းက ဂုဏ်တော်ကိုးပါးကို ပုတီးစိတ်တယ်။ မေတာပို့အမျှဝေတာတွေလည်း လုပ်တာ ဒီကနေ့ထိပါပဲ။ ငါးပါးသီလကို လုံအောင်စောင့်ထိန်းပါတယ်။

နောက်ဆယ်ကျော်သက်အရွယ်မှာတော့ ငါးပါးသီလထဲက သုံးပါးကို လုံခြုံအောင် ထိန်းထားနိုင်ခဲ့တယ်။ဝိုင်နည်းနည်းပါးပါး သောက်တတ်တယ်၊ အလုပ်အတွက် စကားပြောတဲ့အခါ လိုအပ်လာရင်တော့ မုသားလည်း သုံးလေ့ရှိခဲ့တယ်။

ဒါပေမဲ့၂၀၁၁ကစပြီး ကျွန်မက ငါးပါးသီလ လုံခြုံအောင် ထိိန်းသိမ်းတော့တယ်။
ကျွန်မဟာ ၀ိုင်လည်း လုံးဝ မသောက်တော့ဘူး။ မုသာဝါယကံထိုက်စေမဲ့စကားမျိုးလည်း မပြောတော့ဘူး။ဒီနှစ်ပါးကို လုံခြုံအောင် ထိန်းနိုင်ရင် ကျန် ၃ ပါးကိုတော့နဂိုကတည်းက လုံခြုံပြီးသား အကျင့်ရရှိပြီးသားပါ။ အဲတော့ဘာသာရေး အသိနဲ့အချို့ကိစတွေကို ထိန်းချုပ်ထားနိုင်ပါတယ်။

နေ့စဉ် ဘ၀တွေမှာ ကျွန်မက မကောင်းမှု မပြုမိအောင် ၊ မပြောမိအောင်၊ မကြံမိအောင် အမြဲထိန်းလေ့ရှိပါတယ်။ သူတပါးအပေါ်ကို မတရားမှုပြုဖို့မပြောပါနဲ့ မတရားမှုဆိုတာကို စိတ်မနောနဲ့တောင်  မရောက်အောင် ထိန်းသိမ်းနိုင်ပါတယ်။
တစ်ခါတစ်ရံမှာ စိတ်ခံစားချက်တွေပြင်းထန်ပြီး ဒေါသစိတ်ဖြစ်ရင်လည်း  အဲဒါကို ချက်ချင်း သိခွင့်ရတယ်။ ကာယကံမြောက် မပြုဖြစ်တော့ဘူး။

အဲဒီအချိန် စပြီး ကိုယ့်ကို ထိခိုက်အောင် လုပ်သူတွေ၊ ကိုယ့်ကို တိုက်ခိုက်သူတွေ ကိုယ့်ကို နစ်နာအောင် ကြံစည်ပြောဆိုသူတွေနဲ့ပတ်သက်ပြီးတော့ကြီးကြီးမားမား စိတ်ထိခိုက်ခံစားခဲ့ရတာ မရှိတော့ပါဘူး။ အဲဒီမှာ ကျွန်မ သူတို့အပေါ် ခွင့်လွှတ်နိုင်သွားတယ်။

ခွင့်လွှတ်နိုင်သွားတဲ့အတွက် ကျွန်မရဲ့မေတ္တာစိတ်ကိုလည်း ပြန်တည်ဆောက်နိုင်လိုက်ပါတယ်။

အဲလို နည်းလမ်းနဲ့ကျွန်မရဲ့ပြင်ထန်တဲ့စိတ်ဖိအားဒဏ်ကို ကျော်ဖြတ်နေတာ ခုဆို ၂ နှစ်နီးပါးလောက် ရှိနေပါပြီ။
ကျေးဇူးတင်ပါတယ်ရှင်။
မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment