Latest News

Thursday, April 20, 2017

မြောက်ကိုရီးယား လေကြောင်းလိုင်းအား ပိတ်ဆို့တားဆီးရန် အမေရိကန် တောင်းဆို

မြောက်ကိုရီးယား လေကြောင်းလိုင်းအား ပိတ်ဆို့တားဆီးရန် အမေရိကန် တောင်းဆို

ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ မြင့်တက်လာတာနဲ့အမျှ အမေရိကန်က မြောက်ကိုရီးယားလေကြောင်းလိုင်း အဲကော်ယိုကို ပိတ်ဆို့တားဆီးမှုတွေ လုပ်ဖို့ တောင်းဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားလေတပ်နဲ့ အဲကော်ယို လေကြောင်းလိုင်းတို့ကြား ဆက်စပ်မှုရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အခုလို တောင်းဆိုလိုက်တာပါ။

စဉ်ဆက်မပြတ် နျူကလီးယားနဲ့ ဒုံးကျည်စမ်းသပ်မှုတွေကြောင့် အမေရိကန်က မြောက်ကိုရီးယားကို စီးပွားရေးပိတ်ဆို့မှုတွေ လုပ်ဆောင်နေပေမယ့် မြောက်ကိုရီးယား အဲကော်ယိုစုပေါင်းကော်ပိုရေးရှင်းကြီးဟာ ပြီးခဲ့တဲ့နှစ်ကစပြီး တခြားလုပ်ငန်းတွေပါ အကြီးအကျယ် တိုးချဲ့လာပါတယ်။

ဖျော်ရည်ထုတ်လုပ်ခြင်း လုပ်ငန်း၊ တက္ကစီလုပ်ငန်းနဲ့ လောင်စာဆီ ရောင်းဝယ်ရေး လုပ်ငန်းတွေကိုပါ သူ့ရဲ့ကြိုးကြာပျံ အမှတ်တံဆိပ်နဲ့ လုပ်ကိုင်နေပါတယ်။

မြောက်ကိုရီးယားအစိုးရပိုင် လုပ်ငန်းတွေဟာ သူတို့ရဲ့ အမြတ်ငွေကို ဖော်ပြလေ့မရှိတာကြောင့် ဘယ်လုပ်ငန်းကနေ ဝင်ငွေ ဘယ်လောက်ရနေတယ်ဆိုတာ မသိရပါဘူး။

စဉ်ဆက်မပြတ် လက်နက်စမ်းသပ်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ မြောက်ကိုရီးယား လေကြောင်းလိုင်း အဲကော်ယိုကို တကမ္ဘာလုံး အတိုင်းအတာနဲ့ ပိတ်ပင်ဖို့ အမေရိကန်က ကြိုးစားနေတာပါ။

ကော်ယို ခရီးသွားလာရေးလုပ်ငန်းရဲ့ အထွေထွေမန်နေဂျာက သူတို့ရဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို မြောက်ကိုရီးယားမှာ အားပေးတဲ့သူ များတယ်လို့ ပြောသလို မြောက်ကိုရီးယားက ပညာရှင်တွေကလည်း ပိတ်ဆို့မှုတွေဟာ နိုင်ငံရေးထက် စီးပွားရေးကိုသာ ပိုထိခိုက်စေလိမ့်မယ်လို့ ပြောကြပါတယ်။

မြောက်ကိုရီးယားမှာ နိုင်ငံသားအနည်းငယ်သာ နိုင်ငံရဲ့ အပြင်ကို ခရီးသွားလာခွင့်ရပါတယ်။ နိုင်ငံပိုင် လေကြောင်းလိုင်းဟာ နိုင်ငံတကာခရီးစဉ်တွေအတွက် ရုရှားနိုင်ငံထုတ် တူပိုလီယက် လေယာဉ်တွေကို အသုံးပြုပေမယ့် ပြည်တွင်းခရီးစဉ်တွေမှာတော့ ခေတ်မမီတော့တဲ့ လေယာဉ်တွေကို အသုံးပြုလျက်ရှိကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ဒီဗွီဘီ

No comments:

Post a Comment