Latest News

Wednesday, April 19, 2017

လူကြီး စတီးရောဂါ _ ရေး - သား(သုခ)


လူကြီး စတီးရောဂါ
Adult Stills Disease (Incurable Disease number #54)

သာမာန်လူသိနည်းတဲ့ ရောဂါတစ်ခုပါ။
အထူးသဖြင့် ကျွန်တော်တို့လို မြန်မာတွေပေါ့။
ကိုယ်တိုင်လည်း (ပြောရရင်တော့ အခုအထိဂဃနဏ မသိသေးပါဘူး) မသိပေမဲ့၊ ဒီနှစ်ပိုင်းမှာ ဂျပန်ရောက် ကျွန်တော်တို့ မြန်မာတွေလည်း ကျားမ မရွေး ဖြစ်နေတာကို တွေ့ရလို့ ဒီရောဂါအကြောင်း  သိသူ နီးရာမိတ်ဆွေတွေကို မေးစမ်းပြီး တင်ပြလိုက်ရပါတယ်။

ဂျပန်လိုတော့ ရှပ်ထွေးခက်ခဲသော ရောဂါလို့ သပ်မှတ်ပြီး၊ သူတို့ အစိုးရက ထောက်ပံ့ကြေးငွေတောင်
ထုတ်ပေးကြတဲ့ ရောဂါတစ်မျိုးပါ။
ကျွန်တော်တို့ဆီမှာတော့ဒီလိုကုသရခက်တဲ့ ရောဂါအမည်တွေဟာ ဒီလောက်အထိ ပေါ်ပြူလာ မဖြစ်သေးဘူးလို့ ထင်ပါတယ်။
ငယ်ငယ်တုံးက အိမ်မှာလာတည်းတဲ့ ဖေဖေမိတ်ဆွေ တောင်ကြီးက အန်တီကြီးက တစ်ညလုံး အဆစ်အမြစ်တွေကိုက်လို့ အိပ်မရကြောင်း၊ ငယ်ငယ်ကလေးထဲက ဖြစ်တာ၊ ဘာကြောင့်မှန်းမသိ။
ဆရာစုံ ဆေးစုံပေမဲ့ အသက်50ကျော်သည့်တိုင် မပျောက်နိုင်ကြောင်း ကြားဘူးခဲ့ပါတယ်။
ဒါပေမဲ့ ဘာရောဂါလည်းဆိုတာတော့ မပြောခဲ့ပါဘူး။
အဲ့သလို ကိုယ့်ရောဂါအမည်တောင် တိတိကျကျ မပြောနိုင်တဲ့သူတွေကကျွန်တော်တို့ ဆွေမျိုးအသိုင်းအဝိုင်းတွေကြားမှာ ရှိနေပါသေးတယ်။

တစ်ဖန် အင်္ဂလိပ်လို့ "မပျောက်နိုင်၊ မကုနိုင်သောရောဂါ(Incurable Disease) " လို့ဘာသာပြန်ထားလေတော့ ကြောက်စရာကြီးလိုလို၊ မကြားချင်စရာကြီးလိုလိုဖြစ်နေပါတယ်။
တစ်ကယ်တော့ ကြောက်စရာ မလိုပါ။
ဒါပေမဲ့ ကိုယ့်ရောဂါဟာ ကုရခက်၊ နာတာရှည်ဆိုတာသိထားတာကတော့ ကာယကံရှင်အတွက် ပိုကောင်းတယ်လို့ ထင်ပါတယ်။
လွယ်လွယ်နဲ့ပျောက်မယ်ထင်ပြီး၊ မပျောက်နိုင်....မပျောက်နိုင်ဖြစ်လာတဲ့အခါ လူနာအတွက် စိတ်ဓါတ်ကျစရာတွေ ဖြစ်တတ်ပါတယ်။
ရောဂါတစ်ခုကို ရင်ဆိုင်ကုသရာမှာ စိတ်ဓါတ်က ဆေးထက်တောင် ပိုအရေးကြီးသလားလို့ ထင်ရတဲ့
သာဓကပေါင်း မြောက်မြားစွာရှိပါတယ်။

ဒီရောဂါအကြောင်း လွယ်လွယ်နဲ့ ပြောရရင်တော့ ကလေးသူငယ်တွေမှာ အဖြစ်များတဲ့စတီးရောဂါ၊ ရိုးဆစ်ပေါင်းများစွာတွင်ဖြစ်သော နာတာရှည် ကူးဆက်ရိုးဆက်ရောင်ရမ်းနာ လိုမျိုးက လူကြီးမှာလည်း လာပြီးတော့ ဖြစ်တဲ့ ရောဂါပါ။
ဒီနေရာမှာလူကြီးဆိုတာက အသက်16နှစ်အထက်ကို ပြောချင်တာပါ။
1971ခုနှစ်လောက်ကမှ စတင်တွေ့ရှိလို့ 20ရာစု ရောဂါသစ်လို့လည်း ဆိုနိုင်ပါတယ်။

collagen disease,  connective tissues disease ဆိုတဲ့ သွေးလွှတ်ကြောနဲ့ရိုးဆစ်တွေပတ်ဝန်းကျင်က ဆက်သွယ်တစ်ရှူးတွေကို ဒုက္ခပေးတဲ့ ရောဂါအမျိုးအစားထဲမှာ ပါတယ်ဆိုပေမဲ့၊ Rheumatism ရူမားတစ်ဇင်ရောဂါ လို အရိုးအဆစ်အမြစ်တွေရောင်ကိုင်းတဲ့ အချက်အလက်တွေ၊ ပင်ကိုယ်ခုခံအားတွေမရှိလို့ မိမိကိုယ်တွင်း ရောင်ရမ်းနာကျင်နီရဲခြင်းဆိုတဲ့ ရောဂါအမျိုးအစားထဲ ထည့်နိုင်မယ်လို့ ထင်ပါတယ်။
အထူးသဖြင့် ရောဂါလက္ခဏာကတော့ နာတာရှည် Rheumatism ရူးမားတစ်ဇင်ရောဂါ အချက်အလက် (သွေးခဲရည်ကြည် တုံ့ပြန်မှူ မရှိခြင်း) ဖြစ်သော ရာသက်ပန်အဆစ်အမြစ် နာကျဉ်ခြင်း၊ ကိုယ်ပူလာသောအခါ အရည်ပြားပေါ်တွင် မယားယံသော်လည်း ပန်းရောင် အကွက်အပျောက်များ ဟိုမှာထွက်လိုက်၊ ဒီမှာထွက်လိုက် ထွက်ပေါ်ခြင်း (ကိုယ်ပူချိန်ကျဆင်းခြင်းနှင့် အတူတူ ပြန်လည်ပျောက်ကွယ်သွားတတ်ပါတယ်)၊ မနက်ပိုင်းမှာ သာမာန်ကိုယ်ပူချိန်ဖြစ်ပေမဲ့ ညနေပိုင်းရောက်လာတဲ့ အခါ 40ဒီဂရီC လောက် (104ဒီဂရီ ဖါရင်ဟိုက်)အထိ တက်လာတတ်ပါတယ်။
ဒီလူကြီး စတီးရောဂါ Adult Stills Disease (Incurable Disease number #54)ကို အောက်ပါအချက်တွေ အပေါ်မူတည်ပြီး ဆုံးဖြတ်တတ်ကြပါတယ်။ လူကြီးစတီးရောဂါလို့ အမည်ပေးထားတဲ့ အတိုင်း ကလေးဘဝက စပြီးရောဂါဖြစ်ပေမဲ့ အသက်16နှစ်ကျော်သည့်တိုင် မပျောက်နိုင်သော သူများလည်း အများအပြား ပါဝင်ပါတယ်။

ပထမဆုံးကတော့ ကိုယ်လက်အဆစ်အမြစ်တွေက တစ်ပတ်ကျော်ကျော်လောက် ကိုက်ခဲပြီးတဲ့အခါ၊ ကိုယ်ပူချိန်က 39ဒီဂရီC လောက်တက်လာပြီး၊ တစ်ပါတ်ကျော်ကျော်ကြာသွားလည်း အဖျားမကျရင် ဒီရောဂါကို သံသယ ဖြစ်လာပါတယ်။ ဒါပေမဲ့ ဒီအထိက ကျွန်တော်တို့ သာမာန်မြန်မာတွေ ပြောလေ့ပြောထရှိတဲ့
တုတ်ကွေးနဲ့များ လက္ခဏာတွေ တူနေလေမလားမသိ။ ဆရာဝန်ကြီးတွေကတော့ ကိုယ်ပေါ်မှာ
အစက်အပျောက်အဖုကလေးတွေ တွေ့လာရင် သွေးစစ်ပြီး သွေးဖြူဥတိုးပွားမှူတွေအပေါ်မှာလိုက်ပြီး
ဆုံးဖြတ်ပေမဲ့ ကျွန်တော်တို့ကတော့ ဒီအထိနားလည်ဖို့ မလိုသေးပါဘူး။

အဲ့သလို အကြမ်းဖျင်း သပ်မှတ်ပြီးတဲ့အခါမှာ ဆက်ပြီး စစ်တာကတော့ အာခေါင်တွေ နာသလား၊ ပြန်ရည်ဂလင်း(လင့်ဂလင်း) ဒါမှမဟုတ်သရက်ရွက်တို့ ရောင်ရမ်းခြင်း၊အသည်းစွမ်းရည်ကျဆင်းခြင်းများကို တွေ့ရှိရပေမဲ့၊ Rheumatism လို အရိုးအဆစ်အမြစ်တွေရောင်ကိုင်းတဲ့ အချက်အလက်တွေ၊ ပင်ကိုယ်ခုခံအားတွေမတွေ့ရတဲ့အခါ လူကြီးစတီးရောဂါလို့ သတ်မှတ်ကြပါတယ်။ ဒီလောက်ဆို ဒီရောဂါဟာ ဘယ်လောက်ရှုပ်ထွေးနေသလဲ ခန့်မှန်းလို့ ရမှာပါ။ ရောဂါအမည် တပ်ဖို့ တင်တစ်ခြားရောဂါနဲ့ ဝေဒနာ လက္ခဏာတွေကတူနေတော့ ဒီလိုIncurable Disease တွေကို ဂျပန်တွေကတော့ ရှုပ်ထွေးနက်နဲသောရောဂါလို့ အမည်တပ်ကြလို့ သဘောပေါက်ရ လွယ်တယ်လို့ ထင်မိပါတယ်။
ဒီကြားထဲ ကူးစက်ပိုးမွှားကြောင့်သော်လည်း၊ ကင်ဆာဖြစ်နိုင်တဲ့ ဆိုးဝါးမကောင်းသော မြင်းဖု(အထူးသဖြင့် ပြန်ရည်ဂလင်း) လိုရောဂါတွေ ရှာဖွေတွေ့တဲ့အခါမှာတော့ လူကြီးစတီးရောဂါလို့ အမည်မတပ်တော့ပါဘူး။

အမျိုးသားတွေထက် အမျိုးသမီးက အနည်းငယ်ပိုဖြစ်တတ်ပြီး၊ 16နှစ်သားအထက် ယေဘုယျပျမ်းမျှအားဖြင့် 40ကျော်လောက်မှာ အများဆုံးတွေ့ရတယ်ဆိုပေမဲ့ သက်ကြီးရွယ်အို အသက်70ကျော်သူတွေမှာလည်း တွေ့ရတတ်ပါတယ်။ ပြီးတော့ ကလေးဘဝတုံးက Rheumatism ရူမားတစ်ဇင်ရောဂါဖြစ်ခဲ့သူတွေရဲ့ 5%လောက်ဟာ ဒီလူကြီးစတီး ရောဂါဖြစ်နေတတ်တယ်လို့လဲ သိရှိရပါတယ်။

အခုလို ရောဂါဝေဒနာ လက္ခဏာတွေကို တွေ့ထား၊ သိထားပေမဲ့ စိတ်မကောင်းစရာ အကြောင်းကတော့ ဘာကြောင့် ဒီလိုဖြစ်သလဲဆိုတာကို တိတိကျကျ မပြောနိုင်ခြင်းပါ။ တစ်ခုပဲ တွက်ဆလို့ရတာက  သွေးဖြူဥရဲ့ တစ်ချို့ကတစ်သီးတစ်ခြားလှုပ်ရှားကာ ရောင်ရမ်းမှုတွေကို ဖြစ်စေတဲ့ ဒြပ်တွေကို မြောက်မြားစွာ ထုပ်လုပ်ပေးလို့ ကိုယ်ပူချိန်မြင့်ခြင်း၊ အဆစ်အမြစ်ကိုက်ခဲနာကျဉ်ခြင်းတွေကို ဖြစ်စေတယ် ဆိုတာပါပဲ။

တစ်ခါကံကောင်းတာက ဒီရောဂါဟာ မျိုးရိုးမလိုက်ဘူး ဆိုတာပါပဲ။

အထက်ကဖေါ်ပြတဲ့ လက္ခဏာတွေ အပြင်၊ ဆေးမတည့်တဲ့ အလက်ဂျိတ်တွေလည်း ဖြစ်တတ်တယ်လို့ ဆိုပါတယ်။သွေးစစ်ရင်တော့ ရောင်ရမ်းခြင်းကိုလိုက်ပြီးပြောင်းတာ၊ သွေဖြူဥ ပမာဏ၊ အသည်းစွမ်းရည်ကျဆင်းမှူ့ကို ဖေါ်ပြတဲ့ ကိန်းဂဏန်းတွေကို တွေ့ရတယ်လို့လည်း ဆိုပါတယ်။

နောက်ဆက်တွဲရောဂါတွေ အနေနဲ့ကတော့ ရင်ခေါင်းရောင်ရမ်းခြင်း(အဆုပ်ပတ်ဝန်းကျင်မှာ ရေများစုစည်းခြင်း)၊ နှလုံးအမှေးပါးရောင်ရမ်းခြင်း(နှလုံးပါတ်ဝန်းကျင်မှာရေများ စုစည်းခြင်း)၊ အဆုပ်ရောင် အဆုပ်မာကြော၍ အသက်ရှုကျပ်ခြင်းတွေ ဖြစ်တတ်ပါတယ်။ သိပ်ပြီးတော့ ဖြစ်ခဲပေမဲ့ တစ်ခါတစ်ရံမှာတော့ အသက်
အန္တရာယ်နဲ့ တွေ့ကြုံရတဲ့ အခါတွေလည်း ရှိတတ်ပါတယ်။

ယေဘုယျအားဖြင့် ဒီလိုရောဂါတွေက ပျောက်အောင်ကုသတယ် ဆိုတာထက်၊ ရောဂါကို ပိုပြီး မဆိုးဝါး လာအောင်လို့ ကုသတယ်လို့ ပြောရမှာပါ။ ဒါ့ကြောင့် ကုသနည်းကို အသေးစိတ်မတင်ပြတော့ပါဘူး။ ဒါပေမဲ့ဆေးကုသတဲ့  ရည်ရွယ်ချက်ကို အလျင်းသင့်လို့  နည်းနည်း ဆွေးနွေးလိုပါတယ်။
တစ်ချို့ကတော့ မပျောက်တဲ့ရောဂါကို ဘာလို့ ငွေကုန်၊ အချိန်ကုန် လူပန်းစိတ်ပန်းခံပြီး ကုသလဲလို့ အထင်ရှိတတ်ပါတယ်။

တစ်ကယ်တော့ ဒီလိုရောဂါမျိုးမှ မဟုတ်ပါဘူး။
ကင်ဆာရောဂါကစလို့ ဘယ်လိုရောဂါမျိုးမဆို ကုသတယ်ဆိုတာက မသေအောင်လို့ မဟုတ်ပါ။
အသက်ရှည်အောင်ပါ။
သည့်ထက်ပြောရရင် လူပီသစွာ သွားလာလှုပ်ရှားပြီး အသက်ရှည်နေနိုင်အောင်လို့ပါ။
တစ်ချို့တော့ နာတာရှည် ဝေဒနာ အပေါ် သည်းမခံနိုင်တော့ပဲ ဖြစ်ချင်တာ ဖြစ်ပါစေဆိုတဲ့ လူနာမျိုး ရှိတတ်ပါတယ်။ အဆိုးမဆိုပါ၊ သူသူကိုယ်ကိုယ် စိတ်ဓါတ်ကျတတ်ပါတယ်။
ဒီကြားထဲ ကိုယ်ဘာသာ ကိုယ်ကြိုက်လို့သောက်တာ၊ ဒီအရက်၊ ဒီဆေးလိပ်မဖြတ်ဘူးကွာဆိုတဲ့ လူ့ဂလန့်တွေလည်း ရှိပါတယ်။ ကိုယ်ဖြစ်ကိုယ်ခံမယ်ဟေ့လို့ ပြောကြပေမဲ့၊ ဘယ်မိသားစုကမှ လှည့်မကြည့်ပဲ မနေနိုင်ပါ။ သူတို့တတ်နိုင်သလောက်တော့ ဝိုင်းဝန်းကူညီမှာပါ။ မကူညီနိုင်တဲ့ အခါမှာလည်း စိတ်ဆင်းရဲ
ဝမ်းနည်းကြမှာ မလွဲပါဘူး။
ဒါ့ကြောင့် ရောဂါတစ်ခုဖြစ်ရရင် လိုတာထက်ပို မကြောက်ပဲ ကိုယ့်ရောဂါအကြောင်း ကိုယ်သိအောင်လုပ်ပြီး လာမဲ့ဘေး ပြေးတွေ့နိုင်အောင်၊ အခွင့်ရခိုက်မှာ စိတ်အား၊ လူအားအပြည့်နဲ့ ကုသတာကတော့ အကောင်းဆုံးလို့ထင်ပါတယ်။

တစ်ဖန်ဆေးကုသတယ်ဆိုတာက ဆရာဝန်၊ ဆေးရုံဆေးခန်းက ကျမ်းမာရေးဝန်ထမ်းတွေကိုပဲ လွှဲထားလို့ မရဘူး။ ကိုယ်ကိုယ်တိုင်ကလည်း အနေအထိုင် အစားအသောက် ကလေးတွေ ဆင်ခြင်ဖို့ လိုပါတယ်။ ဒီ လူကြီးစတီးရောဂါဟာ တစ်ခါတစ်ရံမှာ ပြင်ပက ပိုးမွှားတွေကြောင့် ရောဂါထဖောက်သလို၊ ရောဂါတိုးတဲ့ အခါတွေလည်း ရှိတတ်ပါတယ်။
ဒါကြောင့် သန့်သန့်ရှင်းနေထိုင်ရုံသာမက၊ ကျမ်းမာရေးအတွက် အခြေခံအကျဆုံး လက်ဆေးခြင်း၊ အာခေါင်ကျင်းခြင်းများ လုပ်သင့်ပြီး၊ ဟင်းသီးဟင်းရွက်သားငါး မျှတတဲ့ အစားအသောက်မျိုးကို စားသင့်ပါတယ်။
ကျမ်းမာရေးဝန်ထမ်းများနဲ့တိုင်ပင်ပြီး ဆေးတည့်ပါက ကာကွယ်ဆေးများလည်း ထိုးသင့်ပါတယ်လို့ တင်ပြရင်းဖြင့်.....

သုခ(သား)

No comments:

Post a Comment