ဖျာပုံမြို့ပေါ်၌ ဆိုင်ကယ်ခိုးမှုများ၊ ကားမှန်ခွဲခံရမှုများဖြစ်ပေါ်နေသဖြင့် သက်ဆိုင်ရာမှ ထိရောက်သည့် လုံခြုံရေးအစီအမံများဆောင်ရွက်ပေးရန် ဒေသခံများလိုလားနေ
ဖျာပုံ ဧပြီ ၂၆
ဖျာပုံမြို့ပေါ်၌ ဆိုင်ကယ်ခိုးမှုများ၊ ကားမှန်ခွဲခံရမှုများဖြစ်ပေါ်နေသဖြင့် သက်ဆိုင်ရာမှ ထိရောက်သည့် လုံခြုံရေးအစီအမံများဆောင်ရွက်ပေးရန် ဒေသခံများကလိုလားနေကြကြောင်း သိရ သည်။
ဆိုင်ကယ်ပျောက်မှုများဖြစ်ပေါ်နေသည့်အပြင် ပြီးခဲ့သည့်ရက်ပိုင်းက တစ်ညတည်း ၅ စီး ထက်မနည်း ကားမှန်ခွဲခံရမှုများပါ ထပ်မံကြုံတွေ့လာရမှုကြောင့် မြို့ခံများက လုံခြုံရေးအတွက် စိုးရိမ် စိတ်များရှိနေခြင်းဖြစ်သည်။
“ဘယ်လောက်ထိရဲတင်းလွန်းလဲဆိုရင် ခြံဝန်းတံခါးပိတ်ထားတယ်။ အုတ်နံရံကိုဖြိုပြီး ၀င်ခိုးတဲ့ အဆင့်ထိဖြစ်နေတာ။ တချို့တွေဆိုရင် အိမ်တိုင်မှာ ဆိုင်ကယ်ကို သံကြိုးနဲ့ သော့ခတ်ထားတယ်။ အဲဒီ့ သော့ခတ်ထားတဲ့ဘီးကို ဖြုတ်ပြီး ယူလာတဲ့ဘီးနဲ့တပ်ပြီး ခိုးသွားတာမျိုးပါဖြစ်နေတယ်။ ကားမှန်ခွဲတဲ့ ကိစ္စကတော့ နှစ်ရက်လောက်ရှိသွားပြီ။ ညဘက်မှာ မှန်ခွဲတာ။ တစ်စီးတည်းမဟုတ်ဘူး။ လမ်းမတူဘူး။ နေရာထားတာမတူဘူး။ ၅ စီးထက်မနည်း ကားမှန်တွေ ခွဲသွားတယ်။ ခဲနဲ့ တစ်ချက် ပေါက်သွားတာ မျိုးမဟုတ်ဘဲ သေသေချာချာထုထားတဲ့ပုံစံမျိုး ခွဲထားတာတွေ့ရတယ်”ဟု ဖျာပုံမြို့ခံ မသူဇာနွယ်က ပြောကြားသည်။
“နေရာအနှံ့မှာဖြစ်တာဆိုတော့ မူးလို့ရူးလို့ကြုံလို့လုပ်သွားတယ်လို့တော့ပြောရဖို့ခက် တယ်။ စဉ်းစားစရာဖြစ်နေတာလေ။ အုပ်စုလိုက်လုပ်တာဖြစ်နိုင်တယ်။ ရုပ်ဝတ္ထုပစ္စည်းတွေကို လုပ်လာ တယ်။ နောက်ပိုင်း လူတွေမှာအန္တရာယ်ရှိမလာနိုင်ဘူးလို့ မပြောနိုင်ဘူး။ ဒီ့ထက်ပိုပြီး လုံခြုံရေး အစီအမံ တွေ၊ ထိရောက်တဲ့ဟန့်တားမှုတွေ လုပ်ပေးစေချင်တယ်။ တရားခံဖမ်းဆီးဖို့ကိုလည်း ဒီ့ထက်ပိုပြီး အားထုတ်စေချင်တယ်”ဟု မသူဇာနွယ်က ဆက်လက်ပြောကြားသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ဖျာပုံမြို့နယ်ရဲတပ်ဖွဲ့မှူးထံ ဆက်သွယ်မေးမြန်းခဲ့ရာ ဆိုင်ကယ်ခိုးမှု အချို့ကို ရဲတပ်ဖွဲ့မှဖမ်းဆီးရမိထားပြီး ကျန်အမှုများနှင့် ကားမှန်ခွဲခံရသည့်အမှုတို့ကိုလည်း ဆက်လက်စုံစမ်းလျှက်ရှိကြောင်း ဖြေကြားသည်။
“ကျွန်တော်တို့ ဒီမှာရှိတဲ့အင်အားကတော့ ညဦးပိုင်းရော ညဥ့်နက်ပိုင်းရော ညဦးပိုင်းက လှည့် ကင်း၊ ညဥ့်နက်ပိုင်းက ၀ပ်ကင်းနဲ့ ဒီလိုအမြဲတမ်းဆောင်ရွက်နေတာပါပဲ။ ဒီလိုဖြစ်စဉ်ဖြစ်လို့ဆောင်ရွက် တာမဟုတ်ဘူး။ နဂိုကတည်းက ဆောင်ရွက်နေတာပါပဲ။ ဒါပေမယ့် ဖြစ်တဲ့နေရာနဲ့ လှည့်ကင်းရှိတဲ့ နေရာနဲ့မတိုက်ဆိုင်တော့ နောက်ကျမှသိရတာတွေလည်းရှိတာပေါ့။ ဖြစ်တဲ့နေရာကို ချက်ချင်းရောက် နိုင်ရင်တော့ အဆင်ပြေတာပေါ့။ ဒါပေမယ့် သတင်းပေးမယ့်သူကလည်း မရှိပါဘူး။ သတင်းမပေးတော့ လည်း ကျွန်တော်တို့အချိန်မီမရောက်နိုင်ဘူးပေါ့။ အဲဒီ့တော့ တရားခံက လွတ်သွားတာပေါ့”ဟု ဖျာပုံ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးမြင့် ကဆိုသည်။
ဖျာပုံမြို့သည် ဧရာဝတီတိုင်းဒေသကြီး၏ ခရိုင်မြို့တစ်မြို့ဖြစ်ပြီး ဆိုင်ကယ်ခိုးခံရမှုများ၊ ကားမှန် ခွဲခံရမှုများမှာ မြို့ပေါ်ထင်ရှားသည့်လမ်းများတွင်ပါ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရ သည်။
အောင်ကျော်မျိုး(ဟင်္သတ)
Friday, April 28, 2017
ဖျာပုံမြို့ပေါ်၌ ဆိုင်ကယ်ခိုးမှုများ၊ ကားမှန်ခွဲခံရမှုများဖြစ်ပေါ်နေသဖြင့် သက်ဆိုင်ရာမှ ထိရောက်သည့် လုံခြုံရေးအစီအမံများဆောင်ရွက်ပေးရန် ဒေသခံများလိုလားနေ
ဖျာပုံမြို့ပေါ်၌ ဆိုင်ကယ်ခိုးမှုများ၊ ကားမှန်ခွဲခံရမှုများဖြစ်ပေါ်နေသဖြင့် သက်ဆိုင်ရာမှ ထိရောက်သည့် လုံခြုံရေးအစီအမံများဆောင်ရွက်ပေးရန် ဒေသခံများလိုလားနေ
Reviewed by Ar Ti
on
12:14 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment