Latest News

Sunday, April 23, 2017

ကမ္ဘာ့အပျော်တမ်း စစ်တုရင်ချန်ပီယံ ဝင်းထွန်းအား ဂုဏ်ပြုပွဲကျင်းပ

ကမ္ဘာ့အပျော်တမ်း စစ်တုရင်ချန်ပီယံ ဝင်းထွန်းအား ဂုဏ်ပြုပွဲကျင်းပ


ရန်ကုန် ဧပြီ ၂၃

ယခု ဧပြီလဆန်းပိုင်းက အီတလီနိုင်ငံအက်စ်ပိုလီဒိုရှေးဟောင်း မြို့၌ကျင်းပ ခဲ့သော ကမ္ဘာ့အပျော်တမ်းစစ်တုရင်ပြိုင်ပွဲတွင် အမိမြန်မာနိုင်ငံ၏ ဂုဏ်ကို ဆောင်ကာ က္ဘာ့အပျော်တမ်း စစ်တုရင်ချန်ပီယံဆုကြီး ဆွတ်ခူးနိုင်ခဲ့သည့် စစ်တုရင်ကစားသမား ဝင်းထွန်းအား ဂုဏ်ပြုပွဲအခမ်းအနားတစ်ရပ်ကို ယနေ့ နံနက်ပိုင်းက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ဗိုလ်မင်းရောင်လမ်း ရှိ HI Rock Chess Club ၌ ကျင်းပခဲ့သည်။

''ဒီပြိုင်ပွဲမှာ နိုင်ငံပေါင်း ၂၇ နိုင်ငံက အကောင်းဆုံး၊ အတော်ဆုံး စစ်တုရင်အားကစားသမား ၆၄ ဦး ပါဝင်ယှဉ်ပြိုင်တာဖြစ်တဲ့အတွက် တစ်ပွဲချင်းစီအနိုင်ကစားနိုင်ဖို့ ချဉ်းကပ်ကြိုးစားခဲ့ရပါတယ်။ စုစုပေါင်း ကိုးပွဲကစားရာမှာ ခုနစ်ပွဲနိုင်၊တစ်ပွဲ သရေ၊ တစ်ပွဲရှုံးနဲ့ ရမှတ်အများဆုံးရပြီး ကမ္ဘာ့အပျော်တမ်းစစ်တုရင် ချန်ပီယံဖြစ်လာခဲ့တာဖြစ်ပါတယ်''ဟု က္ဘာ့အပျော်တမ်း စစ်တုရင်ချန်ပီယံ ဝင်းထွန်းက ပြောသည်။
အဆိုပါပြိုင်ပွဲတွင် နိုင်ငံပေါင်း ၂၇ နိုင်ငံမှ ကစားသမားပေါင်း ၆၄ ဦးဝင်ရောက်ယှဉ်ပြိုင်ရာ စစ်တုရင်ကစားသမားတစ်ဦးချင်းစီ ကိုးပွဲစီ ယှဉ်ပြိုင်ရကြောင်း၊တစ်ပွဲနိုင်လျှင် တစ်မှတ်၊သရေကျ လျှင် အမှတ်တစ်ဝက် ဝ ဒသမ ၅ နှင့် ရှုံးလျှင် သုညဖြစ်ပြီး ပြိုင်ပွဲ ကိုးပွဲစီယှဉ်ပြိုင်အပြီး ရရှိထား သော အမှတ်များပေါင်းကာ အမှတ်အများဆုံးရရှိသူအား ချန်ပီယံအဖြစ် ရွေးချယ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ အပျော်တမ်းစစ်တုရင် ကစားသမား ဝင်းထွန်းသည် ခုနစ်ပွဲနိုင်၊ တစ်ပွဲသရေ၊တစ်ပွဲရှုံးဖြင့် စုစုပေါင်း ရမှတ် ခုနစ်မှတ်ခွဲရရှိကာ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

ဧပြီ ၁ ရက်မှ ၈ ရက်အထိ ကျင်းပသည့် အဆိုပါ ကမ္ဘာ့ အပျော်တမ်း စစ်တုရင်ပြိုင်ပွဲတွင် တစ်နိုင်ငံလျှင် ကိုယ်စားပြု စစ်တုရင် အားကစား သမား နှစ်ဦးယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံမှ ဝင်းထွန်းနှင့် စည်သူတို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ကမ္ဘာ့အပျော်တမ်းစစ်တုရင်ချန်ပီယံ ဝင်းထွန်းသည် ဧပြီ ၁ရက်က ထုတ်ပြန်သော ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ်၏ လက်ရည် စံနှုန်းသတ်မှတ်ချက် ၂၂၃ဝ ရှိကြောင်း၊ ၄င်းသည် လက်ရည်စံနှုန်း ၂ဝဝ၃ ကမ္ဘာ့အပျော်တမ်း စစ်တုရင်ပြိုင်ပွဲတွင်လည်း ပထမဆု ဆွတ်ခူးနိုင်ခဲ့သည်။

သတင်း-မြင့်မောင်စိုး

ဓာတ်ပုံ-သက္က

No comments:

Post a Comment