Latest News

Thursday, April 20, 2017

'အမေရိကန်နိုင်ငံသားများကို ငှားရမ်းပါ' မူဝါဒနှင့်အညီ အိပ်ခ်ျ-၁ ဘီ ဗီဇာအစီအစဉ်ကို ပြန်လည်သုံးသပ်ရန် ထရန့်ညွှန်ကြား

'အမေရိကန်နိုင်ငံသားများကို ငှားရမ်းပါ' မူဝါဒနှင့်အညီ အိပ်ခ်ျ-၁ ဘီ ဗီဇာအစီအစဉ်ကို ပြန်လည်သုံးသပ်ရန် ထရန့်ညွှန်ကြား


ဝါရှင်တန် ဧပြီ ၁၉

အမေရိကန်ပြည်ထောင်စုအတွင်း ကျွမ်းကျင်မှုမြင့်မားသော နိုင်ငံခြားသား အလုပ်သမားများကို ကုမ္ပဏီများက ငှားရမ်းရာ၌ အသုံးပြုနေသည့် အိပ်ခ်ျ-၁ ဘီ အမျိုးအစား ပြည်ဝင်ခွင့်ဗီဇာကို ပြန်လည်သုံးသပ်ရန် သမ္မတဒေါ်နယ် ထရန့်က ဖက်ဒရယ်အစိုးရဌာနများအား ညွှန်ကြားသည့် အမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးထုတ်ပြန်လိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဧပြီ ၁၉ ရက်တွင် သတင်းထုတ်ပြန်သည်။

အမေရိကန်ထုတ်ပစ္စည်းများကို ဝယ်ယူပါ၊ အမေရိကန် နိုင်ငံသားများကို ငှားရမ်းပါဟူ၍ သမ္မတထရန့်က တိုက်တွန်းလျက် ညွှန်ကြားချက်အမိန့်ကို လက်မှတ်ရေးထိုးလိုက်ခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စု ဝစ္စကွန် ဆင်ပြည်နယ် ကီနိုရှာမြို့ရှိ စနက်အွန်အင်ကော်ပိုရိတ်တက်၏ ဌာနချုပ်ရုံးတွင် ဧပြီ ၁၈ ရက် မွန်းလွဲပိုင်းက လက်မှတ်ရေးထိုးပွဲ အခမ်းအနားပြုလုပ်ခဲ့သည်။

အိပ်ခ်ျ-၁ ဘီ ပြည်ဝင်ခွင့်ဗီဇာကို နှစ်စဉ်ကံစမ်းမဲ ဖောက်ပေးသည့်အစီအစဉ်ဖြင့် ထုတ်ပေးနေခြင်းမှာ မှားယွင်းကြောင်း၊ ကျွမ်းကျင်မှုမြင့်မားပြီး လုပ်ခလစာကြီးမား သော အလုပ်နေရာများအတွက် လျှောက်ထား သူများသည် အမေရိကန်နိုင်ငံသားများသာလျှင် ဖြစ်သင့်ကြောင်း ထရန့်က ပြောကြားသည်။

အိပ်ခ်ျ-၁ ဘီ အမျိုးအစား ဗီဇာအစီအစဉ်ကို အစိုးရဌာနများက ပြန်လည်သုံးသပ်စိစစ်မှုပြုလုပ်ရန် ညွှန်ကြားသည့် အမိန့်ဒီဂရီကို သမ္မတထရန့်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည်။ လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ စနက်အွန်ကုမ္ပဏီမှ ဝန်ထမ်းများ၊ အစိုးရတာဝန်ရှိ သူများနှင့် ဒေသန္တရအဖွဲ့အစည်းများမှ အကြီးအကဲများ တက်ရောက်ကြသည်။

အိပ်ခ်ျ-၁ ဘီ အမျိုးအစားဗီဇာအစီအစဉ်သည် ပြည်ပမှ လုပ်အားခဈေးချိုသော အလုပ်သမားများ ဝင်ရောက်မှုကို ဖြစ်ပေါ်စေခဲ့ပြီး လုပ်အားခကျဆင်းသည့် အခြေအနေကို ဖြစ်ပေါ်စေခဲ့ကြောင်း အိမ်ဖြူတော်က ပြောကြားသည်။

သို့ရာတွင် အဆိုပါဗီဇာရှိရန်လိုအပ်ပုံကို အမေရိကန် နည်းပညာလုပ်ငန်းကဏ္ဍမှ ကုမ္ပဏီများက ကာကွယ်ပြောကြားကြသည်။ အမေရိကန်၌ အဆင့်မြင့်နည်းပညာဆိုင်ရာ ဘာသာရပ်များကို ဆည်းပူးသင်ယူခဲ့ကြသော နိုင်ငံခြားသား ကျောင်းသားများအတွက် အိပ်ခ်ျ-၁ ဘီ အမျိုးအစားဗီဇာ ရှိရန်လိုအပ်ကြောင်း၊ အဆင့်မြင့် နည်းပညာတတ်ကျွမ်းသူ အလုပ်သမားများကို အမေရိကန် ပြည်တွင်း၌ အလုံအလောက်ရရှိရန်မှာ အစဉ်အမြဲ မဖြစ်နိုင်ကြောင်း နည်းပညာကုမ္ပဏီများက ပြောကြားကြသည်။

ရိုက်တာ(ပြန်/ဆက်)

No comments:

Post a Comment