ဗုံး...
***
ဗုံးပေါက်ကွဲမှုတွေ ဖြစ်တယ်…တဲ့။
ကမ္ဘာမှာ ဒါဟာ ထူးဆန်းမှုတောင် မဟုတ်တော့တဲ့ သတင်း ဖြစ်နေပြီပေါ့။
***
အပြစ်မဲ့တဲ့ လူ့အသက်တွေကိုမှ ချွေချင်တဲ့လူတွေကို သူထောင်တဲ့ ဗုံးတလုံးရဲ့ ပေါက်ကွဲမှု ဖြစ်စဉ် အနောက်ကို တခုခြင်းစီ အသေးစိတ် လိုက်ကြည့်စေချင်လိုက်တာ…။
သေဆုံးသွားတဲ့ အသက်မဲ့ ခန္ဓာကိုယ်တွေ…။
အားကိုးရာမဲ့သွားမယ့် ဘ၀ကလေးတွေ…။
တသက်လုံး ဒုက္ခိတ ဖြစ်သွားကြတဲ့ သူတွေ…။
နောက်ထပ် ဘယ်နေရာမှာများ ဗုံးတွေ ထပ်ကွဲဦးမှာလဲ ဆိုတဲ့ မလုံခြုံတဲ့ စိတ်စိုးရွံ့မှုတွေ…။
ဗုံးပေါက်ခွဲခ အနေနဲ့ ဘယ်လောက် ရကြတာလဲ…။ ဘာတွေ ရတာလဲ။ ငွေကြေးလား၊ အာဏာလား။ အသက်နဲ့ ဘ၀တွေ သေဆုံးပေးလိုက်မယ့် ပေါက်ကွဲမှုတွေကို အရသာခံတတ်တဲ့ အသည်းနှလုံးပိုင်ရှင်တွေ ဒီကမ္ဘာမှာ…၊ ပြီးတော့ ကျွန်တော်တို့ မြန်မာမှာ ဘယ်လောက်တောင် များနေပြီလဲ..။
***
ဝုန်းခနဲ ပေါက်ကွဲပစ်လိုက်တဲ့ ဗုံး…။ ဒိုင်းနမိုက်ဗုံးတင်လား…၊ မဟုတ်ဘူး။
လူမျိုးရေးဗုံး၊ ဘာသာရေးဗုံး၊ အတ္တဗုံး၊ အာဏာဗုံး၊ မစ္ဆရိယဗုံး၊ အမုန်းတရားဗုံး၊ နာကျည်းမှုဗုံး၊ အညိုးလက်နက်ဗုံး များလိုက်တဲ့ ဗုံးတွေ…၊ ထောင်လိုက်ကြတဲ့ ဗုံးတွေ၊ ကွဲဖို့ အသင့်ပြင်နေဆဲ ဗုံးတွေ…။
***
ပေး….အဲဒီ ဗုံးတွေ…။
ဟောဟိုရှေ့မှာ ကျွန်တော်တို့ သွားချင်တဲ့ လမ်းမှာ ပိတ်ဆို့ကာဆီးနေတဲ့ ကျောက်တောင်ကို ခွဲပြီး အဲဒီ ကျောက်ခဲတွေကို လမ်းခင်းဖို့ပဲ သုံးကြမယ်လေ…။ အဲဒီအခါကျရင်တော့ ပေါက်ကွဲသံဟာ ချိုမြိန်တဲ့ တေးသွားတချက်တောင် ဖြစ်ချင်ဖြစ်နေမှာ…။
***
ချစ်ခြင်းမေတ္တာဖြင့်…
ကလိုစေးထူး
ဧပြီလ ၁၁ ရက်၊ ၂၀၁၇ ခုနှစ်။
ဒေသစံတော်ချိန် မနက် ၁၁ နာရီ ၄ မိနစ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment