တောင်ကြီးသူနဲ့ ကော့သောင်းသူ
သဘာဝအလှတရားနဲ့ ပြည့်ဝနေသေးတဲ့
မြန်မာပြည်တောင်အစွန်ဖျားက ကော့သောင်းမြို့ဆီကို
တောင်ကြီးသူတို့ သူငယ်ချင်းသုံးယောက်
အလည်အပတ်ရောက်လာခဲ့ကြပါတယ်။
ကော့သောင်းစကားက အင်းသားစကားလို
ခပ်ဆင်ဆင်ဝဲတာကြောင့် သူတို့ဒေသခံပြောတဲ့စကားကို
အားစိုက်ပြီးနားထောင်ရင် တောင်ကြီးသူနားလည်ပါတယ်။
ဒီနေ့ တောင်ကြီးသူတို့သူငယ်ချင်းသုံးယောက်
ကော့သောင်းအနီးနားက လည်ပတ်စရာတွေ
လည်ပတ်ပြီးနောက် စားသောက်ဆိုင်တစ်ဆိုင်မှာ နေ့လယ်စာစားကြပါတယ်။ ကော့သောင်းဟာ
ပင်လယ်အနားမှာ ရှိနေလို့ပဲလားမသိ
ငါးပုစွန်တွေကို ဖောဖောသီသီအရသာရှိရှိ စားကြရပါတယ်။
တောင်ကြီးသူတို့စားတဲ့ဆိုင်က ကော့သောင်းသူ
ဆိုင်ဝန်ထမ်းငယ်လေးတွေဟာ ဖော်ရွေပြီး
ချစ်စရာကောင်းပါတယ်။ သူတို့ပြောတဲ့စကားလေသံကို
နားထောင်ပြီး တောင်ကြီးသူတို့ တုပလိုက်ပြောရယ်မောခဲ့ကြပါတယ်။ အင်းသားစကားလေသံနဲ့ ခပ်ဆင်ဆင်မို့
တောင်ကြီးသူက သိလိုတာတွေကို
မေးမြန်းကြည့်လိုက်ပါတယ်။
တောင်ကြီးသူ -- ညီမတို့လည်း (သမီးကို) ဆမီးလို့ခေါ်တာလား
ကော့သောင်းသူ-- ဆမီးကို ဖုတ်ဘုတ်မှာခေါ်တယ်..
တောင်ကြီးသူ--- အမ်.. ဘာရီး.. ဖုတ်ဖုတ်..
ကော့သောင်းသူ--- ဟုတ်တယ်လေ ဖုတ်ဘုတ်မှာခေါ်တယ်.. ဆမီး၊ ညေး၊ ကွီးတို့လေ...
တောင်ကြီးသူတို့ သူငယ်ချင်းသုံးယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရယ်မိလိုက်ကြတယ်။
တောင်ကြီးသူ-- ညီမတို့က ဘာလူမျိုးလဲ.. ဟိုဟာလေ.. ဆလုံလူမျိုး.. တခြားလူမျိုးတစ်မျိုးမျိုးလားပေါ့...
ကော့သောင်းသူ--- ညီမတို့က မြန်မာလူမျိုး ဗုဒ္ဓဘာသာပါ
တောင်ကြီးသူ--- ဒီကော့သောင်းမှာ ဘာလူမျိုးများလဲ
ကော့သောင်းသူ--- လူမျိုးအစုတ်ပေါ့... ကော့သောင်းမှာ လူမျိုးအစုတ်... ဘိတ်မှာလည်း လူမျိုးအစုတ်.. ထားဝယ်မှာလည်း အစုတ်ရှိတယ်...
တောင်ကြီးသူတစ်ယောက် ထမင်းစားနေရင်း ဝါးခနဲအော်ရယ်တယ်။ အဲဒီနောက် သုံးယောက်သား ထမင်းဆက်မစားနိုင်ဘဲ ကော့သောင်းသူလေသံအတိုင်းလိုက်ပြောရင်း ရယ်မောမိကြတယ်။
တောင်ကြီးသူ--- ညီမ... အစ်မတို့စားပြီးရင် အချိုပွဲရှိလား..
ကော့သောင်းသူ---- ရှဲ... ရှိတယ်
ကော့သောင်းသူက "ရှင်" ဆိုတာကို ကော့သောင်းလေသံနဲ့ ရှဲ ဆိုပြီး ခပ်ရှည်ရှည်ဆွဲပြောလိုက်တယ်။ ချစ်စရာ သူ့အမူအရာနဲ့ သူပြောသံလေးကို တောင်ကြီးသူတို့ လိုက်ပြောပြီး ရယ်မိကြပြန်တယ်။ တအောင့်နေတော့ ကောင့်သောင်းသူက သရက်သီးမှည့်နဲ့ ဖရဲသီးကို အချိုပွဲအဖြစ်ယူလာတယ်။ သရက်သီးမှည့်ကိုမြင်တော့ ငတ်ကြီးကျတဲ့တောင်ကြီးသူက သရက်သီးကို အမြန်ကောက်ယူစားလိုက်ပြီး ကော့သောင်းသူကို မေးလိုက်တယ်။
တောင်ကြီးသူ-- ညီမ ... သရက်သီး အဆစ်ရနိုင်မလား...
ကော့သောင်းသူ--- ရှဲ... အစေ့.. အစေ့ရှိတယ်... အသားတော့ မရှိတော့ဘူး....
တောင်ကြီးသူတို့သုံးယောက်သား စက္ကန့်ဝက်လောက် တိတ်ဆိတ်သွားကြတယ်။ အဲဒီနောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး တဝါးဝါး အော်ရယ်လိုက်မိပါတယ်...
----
၁၄, ၁၅ နှစ်အရွယ် ချစ်စရာဆိုင်ဝန်ထမ်းလေးတွေပါ။ ကျွန်မတို့မျက်ရည်ထွက်အောင် ရယ်ကြတော့ သူတို့က အစ်မငိုနေပြီလို့ဆိုပြီး ဘုမသိ ဘမသိရောယောင် လိုက်ရယ်ကြပါတယ်။ မှတ်မှတ်ရရ တောင်ကြီးသူနဲ့ ကော့သောင်းသူတို့ရဲ့ အပြန်အလှန်စကားပါပဲ။ အရယ်မျက်ရည်တွေနဲ့ ပျော်ရွှင်ခဲ့ရပါတယ်။
Nine Nine SaNay @နိုင်းနိုင်းစနေ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment