Latest News

Sunday, April 23, 2017

ဂျပန်ရေတပ်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်ရန် အမေရိကန်လေယာဉ်တင် သင်္ဘောကြီး ရောက်ရှိလာ

ဂျပန်ရေတပ်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်ရန် အမေရိကန်လေယာဉ်တင် သင်္ဘောကြီး ရောက်ရှိလာ

တိုကျို ဧပြီ ၂၃

အမေရိကန်ရေတပ်၏ ကားလ်ဗင်ဆင်အမည်ရှိ လေယာဉ် တင်သင်္ဘောကြီးသည် ဂျပန်ရေတပ်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်ပြုလုပ်နိုင်ရန် ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းသို့ ရောက်ရှိ လာပြီဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၂၃ ရက်တွင် ပြောကြားသည်။

မြောက်ကိုရီးယား၏ လက်နက်အစီအစဉ်နှင့် ပတ်သက်၍ ဒေသတွင်း၌ တင်းမာမှုများမြင့်တက်နေချိန်နှင့် ဆဋ္ဌမအကြိမ် နျူကလီးယားစမ်းသပ် မှုပြုလုပ်ရန် ယင်းနိုင်ငံက စီစဉ်နေသည်ဆိုသောသတင်းကြောင့် စိုးရိမ်ပူပန်မှုများ တိုးပွားနေချိန်အတွင်း အမေရိကန်ရေတပ် တိုက်ခိုက်ရေးအုပ်စုက ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းသို့ ဆိုက်ရောက်လာခြင်းဖြစ်သည်။

'ကားလ်ဗင်ဆင်' လေယာဉ်တင်သင်္ဘောကြီး ဦးဆောင်သော စစ်ရေးလေ့ကျင့်မှုမှာ ရက်ပေါင်းအတန်ကြာမျှ ကြာမြင့်မည် ဟု မျှော်လင့်ရသည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် ဂျပန် စစ်သင်္ဘောနှစ်စင်းပါဝင်မည်ဖြစ်ကြောင်း ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားသည်။

ဂျပန်ရေတပ်က 'ကားလ်ဗင်ဆင်' လေယာဉ်တင် သင်္ဘောကြီးနှင့်အတူ ပူးတွဲစစ်ရေးလေ့ကျင့်ခြင်းမှာ တတိယအကြိမ်ဖြစ်ကြောင်း၊ အလားတူ ပူးတွဲစစ်ရေး လေ့ကျင့်မှုနှစ်ရပ်ကို မတ်လအတွင်း ပြုလုပ်ခဲ့ကြောင်း ဂျပန်သတင်းရပ်ကွက်က ပြောကြားသည်။

ထိုစဉ်အတွင်း မြောက်ကိုရီးယားအရေးနှင့် ပတ်သက်၍ ဒေသတွင်း၌ တင်းမာမှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိသည်။ သြစတြေးလျနိုင်ငံသည် အမေရိကန်၏ မူဝါဒဘက်မှ မျက်ကန်းအားပေးထောက်ခံနေမည်ဆိုပါက ယင်းနိုင်ငံကို နျူကလီးယားလက်နက်ဖြင့် မိမိတို့တိုက်ခိုက်ရဖွယ် ရှိကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက သတင်းထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံအား ထပ်မံ၍ အရေးယူဒဏ်ခတ်နိုင်ရန် လုပ်ဆောင်မည်ဟု သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့၏ပြောကြားချက်ကို မြောက်ကိုရီးယားနိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြင်းထန်စွာဝေဖန်ခဲ့သည်။ ပြန်/ဆက်

No comments:

Post a Comment