Latest News

Saturday, April 29, 2017

ကရ၀ိက်ဥယျာဉ်အား ဇေကမ္ဘာကုမ္ပဏီသို့ ငှားရမ်းထားမှု နိုင်ငံတော်မှ တနှစ်ကျပ်၂၀ ဘီလီယံခန့် နစ်နာ

ကရ၀ိက်ဥယျာဉ်အား ဇေကမ္ဘာကုမ္ပဏီသို့ ငှားရမ်းထားမှု နိုင်ငံတော်မှ တနှစ်ကျပ်၂၀ ဘီလီယံခန့် နစ်နာ

ကရ၀ိက်ဥယျာဉ်အတွင်း ဇေကမ္ဘာကုမ္ပဏီသို့ ငှားရမ်းထားသော မြေငှားရမ်းခနှုန်းထားများသည် ကာလပေါက်ဈေးများနှင့် နှိုင်းယှဉ်ပါက အလွန်နည်းပါးနေကြောင်းနှင့် ယင်းသို့ငှားရမ်းသည့်အတွက် နိုင်ငံတော်မှ တနှစ်လျှင် ကျပ် ၂၀ ဘီလီယံခန့် နစ်နာနေကြောင်း ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ ၂၀၁၅-၂၀၁၆ ခု၊ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ကော်မတီ၏ သုံးသပ်ချက်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းသုံးသပ်ချက် အစီရင်ခံစာကို ဧပြီ ၂၆ ရက်တွင် ကျင်းပသော ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်က ဖတ်ကြား တင်သွင်းခဲ့ခြင်းဖြစ်ပြီး ကရ၀ိက်ဥယျာဉ်အတွင်း ဇေကမ္ဘာကုမ္ပဏီသို့ ငှားရမ်းထားသော မြေငှားရမ်းခနှုန်း ထားများအရ နိုင်ငံတော်အတွက် တနှစ်ကျပ် ၂၀ ဘီလီယံခန့် နစ်နာနေကြောင်း ထည့်သွင်းဖော်ပြ ခဲ့ခြင်းဖြစ်သည်။

''ကရ၀ိက်ဥယျာဉ်အတွင်း ဇေကမ္ဘာကုမ္ပဏီသို့ ငှားရမ်းခဟာ လက်ရှိပြင်ပပေါက်ဈေးနဲ့ နှိုင်းယှဉ်ပါက တလလျှင် ၁၆၆၀ သန်း၊ တနှစ်လျှင် ၁၉ ဒသမ ၉၂ ဘီလီယံ နစ်နာနေကြောင်းတွေ့ရှိပါတယ်'' ဟု ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ ကရ၀ိက်ဥယျာဉ်အတွင်း မြေဧရိယာ ၁၈ ဒသမ ၇၃ ဧကအား ဇေကမ္ဘာကုမ္ပဏီသို့ တလလျှင် တစတုရန်းပေကို ၆ ကျပ်နှုန်းဖြင့် ငှားထားသည့်အတွက် ငှားရမ်းခ အလွန်နည်းပါးနေ၍ နိုင်ငံမှ နစ်နာနေ ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က စာရင်းစစ်ချုပ် အစီရင်ခံစာအား ဆွေးနွေးစဉ် ဝေဖန်ထောက်ပြ ခဲ့ကြသည်။

ထို့ပြင် ပန်းဥယျာဉ်နှင့် အားကစားကွင်းဌာနများ၏ လုပ်ငန်းများအပေါ် စိစစ်ရာတွင် ပြည်သူ့ရင်ပြင်နှင့် အပန်းဖြေလုပ်ငန်းများဆောင်ရွက်ရန် ကုမ္ပဏီများကို ရွေးချယ်ရာတွင် Natural World၊ ရွှေတိုင်းရွှေပြည်၊ ဦးအောင်ပြည့်စုံကုမ္ပဏီများအား တင်ဒါလေလံစနစ်ဖြင့် မဟုတ်ဘဲ ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက် များဖြင့်သာ ရွေးချယ်ခဲ့ကြောင်း ပြည်သူ့ငွေစာရင်းကော်မတီက သုံးသပ်အစီရင်ခံထားပြီး မြေငှားရမ်းခများ ကာလပေါက်ဈေးထက် လျော့နည်းနေမှုကို ပြန်လည်သုံးသပ်သင့်ကြောင့် အစိုးရသို့ အကြံပြုထားသည်။

လင်းလင်းအောင်(News Watch)

No comments:

Post a Comment