Latest News

Monday, April 24, 2017

ပြင်သစ် သမ္မတ ရွေးကောက်ပွဲ နောက်ဆုံးအဆင့် ယှဉ်ပြိုင်မယ့် သမ္မတလောင်း (၂) ဦး က ဘယ်သူတွေလဲ?

ပြင်သစ် သမ္မတ ရွေးကောက်ပွဲ နောက်ဆုံးအဆင့် ယှဉ်ပြိုင်မယ့် သမ္မတလောင်း (၂) ဦး က ဘယ်သူတွေလဲ?

ဧပြီလ၂၃ ရက်နေ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ က ကျင်းပ ခဲ့တဲ့ ပြင်သစ် သမ္မတ ရွေးကောက်ပွဲ ပဏာမ အဆင့်မှာ သမ္မတလောင်း ၁၁ ဦး ဝင်ရောက် ယှဉ်ပြိုင် ခဲ့ကြပါတယ်။

 အဲဒီထဲမှာမှ ၂၀၁၆ ခုနှစ် ဧပြီလ ၆ ရက်နေ့ကမှ ဆိုရှယ် လစ်ဘရယ် ပါတီကို စတင် တည်ထောင် ခဲ့တဲ့ အီမန်နျူရယ် မက်ခရွန် က ဆန္ဒမဲ ရရှိမှု ၂၃.၈ ရာခိုင်နှုန်း ရရှိခဲ့ပြီး နောက်ဆုံး အဆင့် ကို တက်ရောက် နိုင်ခဲ့ပါတယ်။

နိုင်ငံခြားသား ဝင်ရောက်မှု ကို တားမြစ်ဖို့၊ ဥရောပသမဂ္ဂ ကနေ ခွဲထွက်ဖို့ လုပ်မယ် ဆိုတဲ့ မဲဆွယ် စည်းရုံးမှုတွေ လုပ်ဆောင် ခဲ့တဲ့ အမျိုးသားရေး ပါတီ ခေါင်းဆောင် မာရီး လီပန်း ကလည်း ဆန္ဒမဲ ရရှိမှု ၂၁.၅ ရာခိုင်နှုန်း ရှိခဲ့ပြီး နောက်ဆုံး အဆင့် ရွေးကောက်ပွဲ ကို တက်ရောက် နိုင်ခဲ့ပါတယ်။

အမျိုးသားရေး ပါတီ ခေါင်းဆောင် မာရီး လီပန်း ရဲ့ ဆန္ဒမဲ ရရှိခဲ့မှု ကြောင့် နောက်တဆင့် ရွေးကောက်ပွဲမှာ သမ္မတ အဖြစ် ရွေးချယ်ခံ ရ နိုင်ပေ မယ့် အီမန်နျူရယ် မက်ခရွန် ရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ် တွေကို လူကြိုက်ပိုများ ပါတယ်။

အမျိုးသားရေး ပါတီ ခေါင်းဆောင် မာရီး လီပန်း
=========================

၂၀၁၁ ခုနှစ်မှာ အမျိုးသားရေး ပါတီ ခေါင်းဆောင် ရာထူး ကို ဖခင် ဆီက လွှဲပြောင်း ရယူ ခဲ့ပါတယ်။ အခု ချိန်မှာ သူက အသက် ၄၈ နှစ် အရွယ် ရှိပါပြီ။

ရှေ့နေ တစ်ဦး အဖြစ် အသက်မွေးဝမ်းကြောင်း ပြု ခဲ့ပြီး အရင်တုန်း က အမျိုးသားရေး ပါတီ ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင် ခဲ့ဖူးပါတယ်။

၂၀၀၄ ခုနှစ်မှာ ပြင်သစ် အနောက်မြောက်ပိုင်း ဒေသ ကိုယ်စားပြု ဥရောပ သမဂ္ဂ ပါလီမန် အဖွဲ့ဝင် အဖြစ် ရွေးချယ် တင်မြှောက် ခံခဲ့ရပါတယ်။

သမ္မတ အဖြစ် ရွေးကောက် တင်မြှောက် ခံရလျှင် ဥရောပ သမဂ္ဂ နဲ့ ဆွေးနွေး ညှိနှိုင်း မှုတွေ လုပ်ပြီး အဖွဲ့ဝင် အဖြစ် ဆက်နေ မနေ ဆိုတာ ကို ဆန္ဒခံယူပွဲ လုပ်ပေးမယ်၊ နိုင်ငံအတွင်း တရားမဝင် ဝင်ရောက် မှု တွေကို တားမြစ်မယ်လို့ ပြောကြား ထားသူ ဖြစ်ပါတယ်။

ဒါ့ အပြင် အစွန်းရောက် တရားတွေ ဟောပြောမှုတွေ လုပ်နေတဲ့ ဗလီ တွေကို ပိတ်ပစ်မယ်။ အစိုးရ အိမ်ယာနေထိုင်မှု မှာ ပြင်သစ် လူမျိုး ကို ဦးစားပေးမယ်လို့ ပြောကြားထားပါတယ်။

ပြီးတော့ အသက် ၆၀ အရွယ်မှာ အစိုးရ ပင်စင် စတင် ယူလို့ ရမယ်။ တစ်ပတ် အလုပ်လုပ် ချိန် ကို ၃၅ နာရီပဲ ထားရှိမယ်လို့ ပြောကြား ထားသူ တစ်ယောက်ပါ။

လစ်ဘရယ် ပါတီ ခေါင်းဆောင် အီမန်နျူရယ် မက်ခရွန်
=============================

အသက် ၃၉  နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မက်ခရွန် က ပြင်သစ် နိုင်ငံမှာ အသက်အငယ် ဆုံး သမ္မတ ဖြစ်ဖို့ ရေပန်းစားနေပါတယ်။ ဘာကြောင့် လဲ ဆိုတော့ သူနဲ့ ယှဉ်ပြိုင် ခဲ့တဲ့ တခြားပါတီ ကြီးတွေက သမ္မတ လောင်း တွေဟာ မက်ခရွန် ကို မဲပေးကြဖို့ သူတို့ ကို ထောက်ခံ ကြသူတွေကို စည်းရုံးနေလို့ပဲ ဖြစ်ပါတယ်။

သူဟာ လွှတ်တော် ကိုယ်စားလှယ် တစ်ဦး အဖြစ် တာဝန် ထမ်းဆောင် ခဲ့ဖူး ခြင်းလည်း မရှိပါဘူး။ အရင်တုန်း က လက်ရှိ သမ္မတ ဖရန်ဆွာ အော်လွန်း ရဲ့စီးပွားရေး အကြံပေး အဖြစ် တာဝန် ယူခဲ့သူပါ။ ၂၀၁၄ မှာတော့ ပြင်သစ် စီးပွားရေး ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင် ခဲ့ပါတယ်။

လောလောဆယ်မှာတော့ မြို့နေ လူတန်းစား နဲ့ ပြင်သစ် ပညာတတ် အသိုင်းအဝိုင်း ကြားမှာ မက်ခရွန် ရဲ့ ပြုပြင်ပြောင်းလဲရေး မူဝါဒ တွေက ရေပန်းစားပါတယ်။ ဒါ့ အပြင် ပြင်သစ် နိုင်ငံ က အစဉ်အလာ ကြီးမားတဲ့ ဆိုရှယ်လစ် ပါတီ နဲ့ ရီပတ်ဘလီကန် ပါတီက သမ္မတ လောင်း တွေကလည်း မက်ခရွန် ကို မဲပေးကြဖို့စည်းရုံးနေကြပါတယ်။

သူက ဆေးရုံး၊ ကျောင်း စတဲ့ ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်း တွေမှာ ယူရို ၅၀ ဘီလျံ ရင်းနှီးမြှုပ်နှံမယ်။ လုပ်ငန်းခွင်ဝင် သင်တန်းတွေ တိုးမြှင့် လုပ်ဆောင်မယ်။ ပြီးတော့ ကျောက်မီးသွေး လောင်စာ အသုံးပြု ပြီး စွမ်းအင် ထုတ်လုပ်မှုကို ရပ်ဆိုင်း ပြီး ပြည့်ဖြိုးမြဲ စွမ်းအင် ထုတ်လုပ်မှု တွေ လုပ်ဆောင်မယ်။ ခေတ်မီ ပြင်သစ် နိုင်ငံ တည်ဆောက်မယ် လို့ မဲဆွယ် စည်းရုံး ခဲ့သူပါ။

ဒါ့အပြင် ကုန်သွယ်ရေး ခွန်တွေ လျော့ချမယ်။ တစ်ပတ် ကို ၃၅ နာရီ အလုပ်ချိန် ထားရှိဖို့ စီးပွားရေး လုပ်ငန်းတွေ နဲ့ ညှိနှိုင်း ပေးမယ်လို့လည်း ပြောကြားထားပါတယ်။ ပြီးတော့ အလုပ်လက်မဲ့ နှုန်း ထား ကို ၇ ရာခိုင်နှုန်း အထိ လျော့ချ မယ်။ ကျောင်းတွေမှာ ၁၅ နှစ်အောက် ကျောင်းသားတွေ ကို မိုဘိုင်းဖုန်း အသုံးပြုခွင့် တားမြစ်မယ်လို့ စည်းရုံး ထားသူ ဖြစ်ပါတယ်။

ပြင်သစ် နိုင်ငံ က သမ္မတ ရွေးကောက်ပွဲ နောက်ဆုံး အဆင့် ကို လာမယ့် မေလ ၇ ရက်နေ့မှာ ကျင်းပ သွားမှာ ဖြစ်ပါတယ်။ အမျိုးသားရေး ပါတီ ခေါင်းဆောင် မာရီး လီပန်း ကလည်း သူ့ ကိုယ် ထောက်ခံ ကြသူတွေ အခိုင်အမာ ရရှိထားသလို၊  အမျိုသားရေး ဝါဒ လက်မခံ လိုတဲ့ လွတ်လပ်တဲ့ အယူအဆ လစ်ဘရယ် ကို လက်ခံ ကြတဲ့ ပြင်သစ် လူမျိုးတွေ ကြားမှာ အီမန်နျူရယ် မက်ခရွန် ကို လည်း အထူး လူကြိုက်များကြပါတယ်။  BBC

No comments:

Post a Comment