Latest News

Tuesday, April 4, 2017

ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲခံရသည့် ဦးမျိုးရန်နောင်သိမ်းအမှု ဧပြီ ၇ ရက်တွင် အပြီးသတ်အမိန့်ချမှတ်မည်

ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲခံရသည့် ဦးမျိုးရန်နောင်သိမ်းအမှု ဧပြီ ၇ ရက်တွင် အပြီးသတ်အမိန့်ချမှတ်မည်

ရန်ကုန်၊ ဧပြီ (၄) ရက်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ပုတ်ခတ်ရေးသားသည်ဟုဆိုကာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) တရားစွဲဆိုခံရပြီး (၅)လကျော်ကြာ အမှုရင်ဆိုင်နေရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုသုတေသန တာဝန်ခံ ဦးမျိုးရန်နောင်သိမ်း အမှုကို ဧပြီ ၇ ရက်တွင် အပြီးသတ်အမိန့်ချမှတ်မည်ဖြစ်ကြောင်း ကမာရွတ်မြို့နယ် တရားရုံးမှ သိရှိရသည်။  

ဦးမျိုးရန်နောင်သိမ်း အမှုနှင့်ပတ်သက်၍ ကမာရွတ်မြို့နယ်တရားရုံးတွင် တရားလိုရှေ့နေနှင့် ဦးမျိုးရန်နောင် သိမ်းဖက်မှ ရှေ့နေက ဧပြီ ၄ ရက်တွင် အပြီးသတ်လျှောက်လဲချက်များပေးခဲ့ကြပြီး ဧပြီ ၇ ရက်၊ နံနက်(၁၁း၀၀) နာရီတွင် အပြီးသတ်အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရသည်။

“အပြီးသတ် အမိန့်ချတော့မှာပါ။ ဧပြီ ၇ ရက်၊ မနက်(၁၁)နာရီပါ။ ဒီနေ့ သက်သေတွေထွက်ဆိုသွားတာကတော့ ဦးမျိုးရန်နောင်သိမ်းဟာ သုတေသနအချက်အလက်တွေ စုဆောင်းတာတွေအကြောင်းပြောပြတယ်။ မဟုတ်မ မှန်စွပ်စွဲတာတွေကို ပြန်ချေပတာတွေလုပ်တာ ပြောပြတယ်။ နောက်ပြီး ဒီမိုကရေစီခေတ်ကာလမှာ ဒီလောက် ဝေဖန်တာ တရားမစွဲသင့်ဘူး။ နိုင်ငံ့ခေါင်းဆောင်တွေအနေနဲ့ သဘောထားကြီးဖို့လိုတယ်ဆိုတာ ထွက်ဆိုသွား တယ်။”ဟု ဦးမျိုးရန်နောင်သိမ်း၏ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးကပြောသည်။

ကမာရွတ်မြို့နယ်တရားရုံး၌ ဧပြီ ၄ ရက်တွင် သက်သေများဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအ လုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်နှင့် မြန်မာသံတော်ဆင့်သတင်းဌာန၏ အယ်ဒီတာချုပ် ဦးအံ့ခေါင်မင်းတို့  လာရောက်အစစ်ဆေးခံခဲ့ကြသည်။

အမှုနှင့်ပတ်သက်၍ တရားလိုပြသက်သေပြ(၇)ဦးတွင် တပ်မတော်ဖက်မှ ဒုတိယဗိုလ်မှူးကြီး လင်းထွန်း (၁)ဦး သာ လာရောက်အစစ်ဆေးခံခဲ့ပြီး၊ ကာကွယ်ရေးဦးစီးချုပ်အား အသရေဖျက်သည့် အထောက်အထားများ မပြနိုင်ခဲ့ကြောင်း သိရသည်။

“သူကတော့ အသရေဖျက်ပါတယ်ဆိုပြီး စွပ်စွဲတာ၊ အသရေဖျက်တယ်ဆိုတာပဲရှိတယ်။ ဘာအထောက်အထား မှ မပြနိုင်ဘူး။ သက်သေလည်း မပြဘူး။ ထောက်ခံတဲ့စာရွက်စာတမ်းလည်း မပြနိုင်ဘူး။”ဟု တရားလွှတ်တော် ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ပုတ်ခတ်ရေးသားသည်ဟုဆိုကာ ဇန်နဝါရီ ၁ ရက်တွင် ပုဒ်မ ၆၆ (ဃ) ဖြင့် စွဲချက်တင်ခဲ့ပြီး၊ တရားလိုပြသက်သေ(၇)ဦးနှင့် တရားစွဲဆိုခြင်းခံရသူဘက်မှ သက်သေ(၄)ဦးတို့ ကမာရွတ်မြို့နယ် တရားရုံးတွင် လာရောက်အစစ်ခံခဲ့ပြီးဖြစ်သည်။

ဇော်မင်း (မြစ်မခ)

No comments:

Post a Comment