လမ်းပေါ် တောင်းစားနေသူ ၁၁ နှစ်အရွယ် မိန်းကလေး အဓမ္မပြုကျင့်ခံရ
Photo - FB
ပုသိမ်၊ ဧပြီ ၂၂
ပုသိမ်မြို့ ကမ်းနားလမ်းရှိ ရေပေါ်ဈေး၊ မြို့တော်ခန်းမ မေတ္တာဦး သင်္ဘောဆိပ်နှင့် ရှုခင်းသာရင်ပြင် တစ်ဝိုက်ရှိ ဈေးဆိုင်များ၊ ခရီးသွားများထံတွင် ညအခါ တောင်းရမ်းစားသောက်နေသူများ အုပ်စုမှ အသက် ၁၁ နှစ် အရွယ်ရှိ မိန်းကလေးတစ်ဦးမှာ အဓမ္မပြုကျင့်ခံခဲ့ရကြောင်း ပုသိမ်မြို့မ ရဲစခန်းမှ သိရှိရသည်။
တောင်းရမ်းနေသည့် အသက် ၁၁ နှစ် အရွယ်ရှိ မိန်းကလေးကို ပုသိမ်မြို့ အမှတ် ၈ ရပ်ကွက် ဇေယျဝတီ ၁ လမ်း၌ နေထိုင်၍ ယာဉ်မောင်းလုပ်သား အသက် ၂၈ နှစ် အရွယ်ရှိ သက်ဝေခိုင် ဆိုသူက ဧပြီလ ၂၁ ရက်နေ့ ည ၁၀ နာရီ ဝန်းကျင်ခန့်က ရုပ်ရှင်ကြည့်မည်၊ မုန့်ကျွေးမည် ပိုက်ဆံပေးမည် ပြောဆိုကာ ဆိုင်ကယ်ဖြင့် ခေါ်ဆောင်ခဲ့ပြီး လူသူအသွားအလာ ပြတ်သည့် မြကျွန်းသာအိမ်ရာ စီမံကိန်း နယ်မြေအတွင်း လမ်းနံဘေးရှိ သဲပုံပေါ် တွန်းလှဲ၍ သားမယားအရာ အဓမ္မပြုကျင့်ခြင်း ဖြစ်ကြောင်း ရဲစခန်း စစ်ဆေးချက်တွင် ဖော်ပြပါရှိသည်။
“ကလေးမလေးရဲ့ အော်သံကြောင့် ပတ်ဝန်းကျင် လမ်းသွားလမ်းလာ ကြားပြီး ရဲစခန်းကို အကြောင်းကြားပါတယ်၊ ဆိုင်ကယ်နဲ့ ထွက်ပြေးပေမယ့် ၁၀ မိနစ် အတွင်းလောက်မှာပဲ ဖမ်းမိခဲ့ပါတယ်၊ ပြုကျင့်သူက အရက်သောက်ထားတယ်” ဟု တာဝန်ရှိ ရဲဝန်ထမ်းက ရှင်းပြသည်။
အဓမ္မပြုကျင့်သူ သက်ဝေခိုင်ကို ပုသိမ်မြို့နယ် တရားရုံး၌ ချုပ်ရက်ရမာန်ရယူ၍ ပြစ်မှု အမှတ် (ပ) ၁၃၈/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း ပုသိမ်မြို့မ ရဲစခန်းမှ သိရှိရသည်။
The Voice
Subscribe to:
Post Comments (Atom)
No comments:
Post a Comment