ဂူအမ်တွင် အမေရိကန်ရေတပ် ရဟတ်ယာဉ်တစ်စီး ပျက်ကျ
အမေရိကန် ရေတပ်မှ ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့သော်လည်း အမှုထမ်းများကို ဘေးမသီ ရန်မခ ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
ဧပြီ ၂၆ ရက်က ဂူအန်ကျွန်းအနီးတွင် ရဟတ်ယာဉ် ပျက်ကျသွားပြီးနောက် အမေရိကန် ဖျက်သင်္ဘော တစ်စီးက လေယာဉ်မှူး နှစ်ဦးနှင့် အဖွဲ့သားတစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ရေတပ်က ကြေညာသည်။ USS Dewey ဖျက်သင်္ဘောပေါ်မှ ဆေးအမှုထမ်းများက ၎င်းတို့ကို တာဝန်ယူ စစ်ဆေးခဲ့ပြီးနောက် ထိခိုက်ဒဏ်ရာရမှု မရှိဟု အတည်ပြုခဲ့သည်။
MH-60R အမျိုးအစား Sea Hawk ရဟတ်ယာဉ်သည် ပုံမှန် လုပ်ငန်းတာဝန်များ ထမ်းဆောင် ပျံသန်းနေစဉ် ပျက်ကျခဲ့ခြင်း ဖြစ်သည်။ ပျက်ကျရသည့် အကြောင်းရင်းကို လတ်တလောတွင် မသိရသေးဘဲ စုံစမ်းမှုများ ပြုလုပ်နေဆဲဟု ရေတပ် တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ ရဟတ်ယာဉ်သည် ရေတပ်၏ ရဟတ်ယာဉ် တိုက်ခိုက်ရေး အုပ်စု အမှတ် ၇၈ တွင် အပါအဝင်ဖြစ်သည်။ ယင်းသည် USS Deweyနှင့်အတူ မတ် ၃၁ ရက်က ဆန်ဒီယေဂို အခြေစိုက် စခန်းမှ ဂူအမ်သို့ ထွက်ခွာလာခြင်း ဖြစ်သည်။
USS Deweyနှင့်အတူ ပဲ့ထိန်းဒုံးကျည်တပ် Arleigh-Burkeအဆင့် ဖျက်သင်္ဘော USS Sterettသည်လည်း ကိုယ်ပိုင် တိုက်ခိုက်ရေး ရဟတ်ယာဉ် အုပ်စုကို သယ်ဆောင် လိုက်ပါလာခဲ့သည်။
၆၄ ပေရှည်ပြီး ပေါင်ချိန် ၁၄၀၀၀ လေးလံသေ ရဟတ်ယာဉ်များကို ရေတပ်တွင် ရန်သူ့ ရေငုပ်သင်္ဘောများကို ခြေရာခံ ရှာဖွေရန်နှင့် မြေပြင်အခြေစိုက် ရန်သူ့ပစ်မှတ်များကို ဖိအားပေး တိုက်ခိုက်ရန် အဓိက အသုံးပြုသည်။ ထိုရဟတ်ယာဉ်များသည် အမြင့်ပေ ၁၃၀၀၀ မျှထိ တက်ရောက်ကာ တစ်နာရီ မိုင် ၂၀၀ ကျော်နှုန်းမျှ ပျံသန်းနိုင်စွမ်း ရှိသည်။
အမေရိကန် ရေတပ်တွင် Sea Hawkများကို ၂၀၀၆ ခုနှစ်က စတင် အသုံးပြုခဲ့ပြီး လက်ရှိတွင် ၂၁၈ စီးထိ ရှိနေသည်။ ရေတပ်က Sea Hawk အရေအတွက် ၂၈၀ ထိ ချဲ့ထွင်သွားရန် စီစဉ်ထားသည်။ ယခုဖြစ်ရပ်သည် USS Carl Vinson လေယာဉ်တင် သင်္ဘောကြီးတွင် အခြေစိုက်သော F/A-18 ရေတပ် တိုက်လေယာဉ်တစ်စီး လေ့ကျင့်ပျံသန်းစဉ် စက်ချွတ်ယွင်းသဖြင့် လေယာဉ်မှူးက အရေးပေါ် ခုန်ထွက်ခဲ့ရသည့် ဖြစ်ရပ်အပြီး တစ်ပတ်မျှ မကြာမီ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဖြစ်စဉ်တွင်လည်း လေယာဉ်မှူး ထိခိုက်မှု မရှိခဲ့ဟု သိရသည်။
Ref: CNN
(7Day News)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment