"တရားဝင်လင်မယား မြောက် / မမြောက်"
ကိုဖြူ ။ ။ လက်ထပ်စာချုပ်မရှိဘဲ ပေါင်းသင်းနေတဲ့ ယောကျာ်းနဲ့ မိန်းမတရားဝင်လင်မယား မြောက်/မမြောက် ဘယ်လိုဆုံးဖြတ် မလဲဆရာ။
ယူတီကေ ။ ။ “လင်မယား မြောက်/မမြောက်” ပြဿနာအပေါ် ကောက်ယူချက် (presumption) အကြောင်းပြောပါမယ်။
မြန်မာဗုဒ္ဓ ဘာသာဝင် ယောကျာ်းနဲ့မိန်မနှစ်ဦး တရားဝင်လင်မယားမြောက်ဖို့ရန်အတွက် -
(၁) မည်သည့်အခန်းအနားမျှမလို။ ဘာသာရေးအခန်းအနားလည်းမလို။
(၂) ဧည့်ခံကျွေးမွေးခြင်း၊ လှူဒါန်းခြင်းလည်း လုပ်ရန်မလို။
(၃) လက်ထက်စာချုပ်ပြုလုပ်ရန်လည်း မလို။
(၄) အတူနေ၊ အတူစားရန်လည်းမလို။
(၅) ထိမ်းမြားပြီးနောက် ပေါင်းသင်းစပ်ယှက်မှု(အတူအိပ်ရန်)လည်းမလိုဘူးတဲ့။
နှစ်ဦးသဘောတူလင်မယား အဖြစ်အတူပေါင်းသင်းနေကြရန် ရည်ရွယ်ချက်သာလိုတယ်တဲ့ (အမယ်လေး - လွယ် - လွန် လွန်း - လိုက် - လို့)
ခရစ်ယာန်ဘာသာဝင်များအတွက် ဘာသာရေးအခန်းအနားကို ဘုရားရှိခိုးကျောင်း၊ ခရစ်ယာန်ဘုန်းကြီး၊ အသင်းအုပ် ဆရာ၊ မှတ်ပုံတင်အရာရှိရှေ့မှာ သက်သေနှစ်ယောက်နဲ့အခန်းအနား ပြုလုပ်ရတယ်။ လင်မယားဖြစ်ကြောင်း အများကြားအောင် ထုတ်ဖော်ပြောကြားရတယ်။ ဒီလိုမလုပ်ရင် တရားဝင်လင်မယား မမြောက်ဘူး။ (ဘယ်လောက်ကြာကြာ လင်မယားမဟုတ်ဘူး)
ဟိန္ဒူဘာသာဝင်၊ အစ္စလမ်ဘာသာဝင်များအတွက်လည်း၊ ဘာသာရေး အခန်းအနားလိုပါတယ်။ လူအများရှေ့မှာ လင်မယား ဖြစ်ရန်ကမ်းလှမ်းခြင်း၊ လက်ခံခြင်း၊ သဘောတူညီခြင်းများ ပြုလုပ်ကြရပါတယ်။ ဒါမှတရားဝင်လင်မယားမြောက်ပါ တယ်။ (ကလေးဘယ်နှစ်ယောက်ရရ - လင်မယား မဟုတ်ဘူး)
မြန်မာဗုဒ္ဓဘာသာဝင် ယောကျာ်းနဲ့မိန်းမအကြား၊ လက်ထပ်တဲ့ အခန်းအနားလည်း မလုပ်ခဲ့၊ စာချုပ်စာတမ်းလည်း မလုပ်ခဲ့ဘဲ ပေါင်းသင်းခဲ့တယ်။ တစ်ယောက်ယောက်သေဆုံးသွားရင်၊ ကွဲကွာသွားရင် လင်မယားဖြစ်ခဲ့ပါတယ်ဆိုပြီး (ပြောဆို၊ တရားစွဲ) အခွင့်အရေးတောင်းတဲ့ အမှုတွေအများကြီးရှိပါတယ်။
ဥပမာ ။ ။
၁။ အိမ်ရှင်အပျိုကြီး သေတယ်။ ခြံအလုပ်သမားမောင်တုတ်က သူနဲ့ဒီမိန်းမကြီး လင်မယားဖြစ်နေတာကြာပြီ။ သူဟာ လင်ယောကျာ်း ပါတဲ့။ သူပဲ မိန်းမအမွေကို ရထိုက်တယ်တဲ့။
၂။ မုဆိုးဖို ပွဲစားကြီးသေတယ်။ အိမ်ဖော်မိအေးက သူနဲ့ဘဘကြီး လင်မယားဖြစ်နေတာကြာပြီတဲ့။ သူအမွေရထိုက်တယ် တဲ့။
၃။ ကေတီဗွီက မိန်းကလေးက၊ သူ့ဆီညညလာနေတဲ့ အကိုကြီးနဲ့လင်မယားဖြစ်နေတာကြာပြီတဲ့။ အိမ်တစ်လုံးငှားပေးပြီး ပေါင်းနေတာတဲ့။ အခု သူ့မိန်းမကြီးက ပိတ်ပင်ထားလို့လာမပေါင်းတော့ဘူးတဲ့။ မယားအခွင့်အရေးရထိုက်ပါတယ်။
၎။ တက္ကသိုလ်နားက ရပ်ကွက်က ကျောင်းသားတွေကို ထမင်းလပေး ကျွေးတဲ့အိမ်ရှင် သမီးလေးက၊ ထမင်းလပေးစားခဲ့ တဲ့ ကျောင်းသားလေးနဲ့ လင်မယားဖြစ်နေတာကြာပြီ။ အခုတော့အဲဒီကျောင်းသားက ဘွဲ့ရပြီး အရာရှိကြီးဖြစ်နေပြီတဲ့။ ကျွန်မရဲ့ယောကျာ်းပါတဲ့။
၅။ ကျွန်မက အ၀တ်လျော်တဲ့မိန်းမပါ။ ရုံးအုပ် / လူပျိုကြီး အဝတ်တွေလာလာအပ်ရင်း၊ အိမ်မှာအိပ်အိပ်သွားတယ်။ အခု ရုံးအုပ်ကြီးသေပြီ။ ကျွန်မ သူရဲ့မိန်းမပဲ။ အမွေရချင်တယ်တဲ့။
တရားရုံးက
ဒီလိုအမှုတွေမှာ ဒီယောကျာ်းနဲ့ ဒီမိန်းမတို့ လင်မယားဟုတ်/မဟုတ် ပြဿနာကို (ယခင်ဆောင်းပါးမှာတင်ပြခဲ့တဲ့) မှတ်ယူ နိုင်တဲ့ဖြစ်ရပ်များ (သက်သေခံအက်ဥပဒေပုဒ်မ - ၁၁၄)အရ ဆုံးဖြတ်ကြရပါတယ်။ သဘာဝအားဖြင့် ဖြစ်တတ်တဲ့အဖြစ် အပျက်/ ဖြစ်တတ်တဲ့ ဓမ္မတာလမ်းစဉ်၊ လူသားတို့ရဲ့ အပြုအမူ/အမူအကျင့်နဲ့ အများအားဖြင့် ဖြစ်တတ်တဲ့သဘောကို တရားရုံးက ကောက်ယူပြီး ဆုံးဖြတ်နိုင်ပါတယ်။
(၁၉၁ဝ)ခုနှစ်က အထက်မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ (မမဲနှင့်မရွှေမ)အမှုမှာ - ယောကျာ်းတစ်ယောက်နဲ့ မိန်းမတစ်ယောက်တို့ တရားဝင်အကြင်လင်မယားဟုတ်/မဟုတ်ဆိုတဲ့အချက်ကို၊ ထိုသူနှစ်ဦးတို့ရဲ့ (ပြုမှုနေထိုင်ပုံ၊ ကျော်စောသတင်း)တို့ကို အခြေပြုပြီး ဆုံးဖြတ်ရမယ်လို့ စီရင်ထုံးဖွဲ့ခဲ့ပါတယ်။ ဥပဒေကျမ်းပြု ဆရာဦးမေအောင်နဲ့ ဒေါက်တာ ဧမောင်တို့က (အပြုအမူ)နဲ့ (ကျော်စောသတင်း)ကို အခြေပြုတဲ့အခါ အောက်ပါအချက်များကို စိစစ်ရန်လိုတယ်လို့ ၎င်းတို့ရဲ့ ဥပဒေကျမ်းစာအုပ်များမှာ ရေးသားထားပါတယ်။
စပ်ဆိုင်တဲ့ အပြုအမူနဲ့ ကျော်စောသတင်း Conduct and Reputation
၁။ ယောကျာ်းကဖြစ်စေ၊ မိန်းမကဖြစ်စေ၊ နှစ်ဦးစလုံးကဖြစ်စေ သူ့တို့နှစ်ယောက်ဟာ “လင်မယား” ဆိုပြီး ဖွင့်ဟပြောဆိုခဲ့ ဘူးသလား။
(က) ဒါကျွန်မရဲ့ (ကျားကျား)ပါ။
(ခ ) ဒါကျွန်တော့် (အမျိုး သမီး)ပါ။ (ချစ်ချစ်ပါ) (အသဲလေး)ပါ။
(ဂ ) ဒီလိုကျော်စောသတင်းကို စိစစ်တဲ့အခါမှာ၊ မြန်မာတွေဟာ “မယား” “ဇနီး” ဆိုတဲ့စကားကို တရားဝင် လက်ထပ် ထားတဲ့ မယားရော၊ လက်မထပ်ဘဲအတူနေတဲ့ မယားကိုပါ ခေါ်ဝေါ်သုံးစွဲတတ်ပါတယ်။ ဒါကိုသတိထားပြီး စိစစ်ရပါ တယ်။ (အပြာအဆိုသတိထားပါ)
၂။ ၎င်းတို့အတူနေခဲ့သလား။
(က) သဘာဝအားဖြင့် မိန်းမတစ်ယောက်ဟာ သူ့ရဲ့ယောကျာ်းမဟုတ်တဲ့ သူစိမ်းတစ်ဦးတစ်ယောက်နဲ့အတူ၊ နှစ်ယောက် ထဲ၊ တစ်အိမ်ထဲမှာ မနေသင့်ဘူး၊ မသင့်လျော်ဘူးတဲ့၊ ဒါအရေးကြီးတယ်တဲ့။ (မလှိုင်နှင့်မရွှေမ)
(ခ ) အတူမနေဘဲ သီးခြားနေထိုင်လို့လည်း လင်မယားမဟုတ်ဘူးလို့ တစ်ထစ်ချမကောက်ယူသင့်ဘူးတဲ့။ (မကြွယ်နှင့် မသီတာအမှု)
(ဂ ) ယောကျာ်းတစ်ယောက်နဲ့မိန်းမတစ်ယောက်တို့ဟာ အိမ်တစ်အိမ်ထဲမှာ နှစ်ပေါင်းများစွာ လင်မယားအဖြစ် အတူ နေကြပြီး မိတ်ဆွေများ၊ ဆွေမျိုးများကလည်း လင်မယားအဖြစ်အသိအမှတ်ပြုထားကြရင်၊ သူ့တို့ဟာ တရားဝင်လင် မယားအဖြစ်ရည်ရွယ်ပြီး ပေါင်းသင်းနေထိုင်ခဲ့တယ်လို့ မှတ်ယူရမယ်တဲ့။ (ဖိုးလမ်းအမှု - အောက်မြန်မာနိုင်ငံ)
၃။ တစ်ဦးကတစ်ဦးကိုသော်၎င်း၊ အခြားသူများကိုသော်၎င်း၊ လင်မယားတို့ကဲ့သို့ ပြုမူဆက်ဆံသလား။
(က) အလုပ်သွားကာနီး (အာဘွား)ပေးလေ့ရှိသလား။
(ခ ) ဧည့်သည်ရှေ့မှာ ယောကျာ်းကမိန်းမကို ဖက်ဖူးသလား။
(ဂ ) စာဖတ်သူများ ကိုယ့်ဟာကိုယ်ဖြည့်စွက်စဉ်းစား ကြပါကုန်။
၎။ ၎င်းတို့ဟာ ဆွေမျိုး၊ မိတ်ဆွေများထံကို အတူတကွ သွားလာလည်ပတ်သလား။
(က) မရောက်တာကြာလို့ ခင်ဗျားတို့အိမ်ကို (ကျုပ်တို့)အလည်လာကြတာပါ။
(ခ ) မြေးတွေသတိရလို့ ဖိုးဖိုးတို့ အလည်လာကြတာ။
၅။ ဘုရား၊ ကျောင်းကန်၊ ဇရပ်၊ များမှာ အတူတကွသွားရောက်သလား။ အတူတကွ အလှူဒါန ပြုသလား။
(က) ပွဲစားကြီး ဦးညိုနှင့် မိအေးတို့ အလှူငွေကျပ် (၂၅ိ)။
( ခ ) ဘုရားသွားကျောင်းတက်၊ စိတ်တူကိုယ်တူ။
၆။ ယောကျာ်းကို၎င်း၊ မိန်းမကို၎င်း တစ်ဖက်မှဆွေမျိုးများက ဘယ်လိုဆက်ဆံကြသလဲ။
(က) အိမ်ဖော်မိအေးကို ပွဲစားကြီးအမျိုးတွေက ဘယ်လိုဆက်ဆံသလဲ။
(ခ ) ခြံစောင့်မောင်တုတ်ကို အပျိုကြီးအမျိုးတွေက ဘယ်လိုဆက်ဆံသလဲ။
၇။ သူတို့ရဲ့ ဆက်ဆံပုံက၊ (လူရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုး) တိတ်တိတ်ပုန်း (ပုန်းလျှိုးကွယ်လျှိုး) ဆက်ဆံကြတယ်လို့ မိတ်ဆွေ၊ ဆွေမျိုးများက ထင်မှတ်စရာရှိသလား။
(က) လူတွေရှေ့တော့ ခတ်တည်တည်ဗျ။ (မောင်နှမသုံးဝမ်းကွဲတဲ့)
(ခ ) လူကွယ်ရာမှာတော့ - x x x x x x (ဟီး - ဟီး)
၈။ ပစ္စည်းခန်းမှာ နှစ်ဦးအတူ ပူးတွဲအသုံးပြုသလား။
(က) ဝင်ငွေ၊ ထွက်ငွေ အတူတူသုံးကြသလား။ စီးပွားအတူလုပ်ကြသလား။
(ခ ) ကုတင်၊ ခြင်ထောင်၊ အိုးခွက်၊ သွားပွတ်တန်၊ တဘက်၊ မုတ်ဆိပ်ရိပ်ဓါး။
၉။ တစ်ယောက်သေဆုံးချိန်မှာ (အသုဘ)မှာ ကျန်တစ်ယောက်ရဲ့ အပြုအမူ။
(က) တည်တည်ငြိမ်ငြိမ်ပဲ။ စိတ်မကောင်းပါဘူးဗျာ / ရှင်တဲ့။
(ခ) အမလေးဘဘကြီးရဲ့၊ ကျမ ဘယ်သူနဲ့နေခဲ့ရမှာလဲ။ ပြောခဲ့ပါအုံး။ (သိချင်လွန်းလို့)
( ဂ) ငိုရင်း တက်သွားတယ်တဲ့တော့။
၁၀။ မိန်းမနဲ့ ၎င်းရဲ့ မိဘများအဆင့်အတန်း၊ အကျင့်စာရိတ္တ။
(က) မိအေးက ရွာမှာတစ်ကောင်ကြွက်၊ မိဘဆွေမျိုးမရှိဘူးတဲ့။
(ခ ) သူ့မိဘတွေက ရွာမှာသူရင်းငှားတဲ့၊ မိအေးပို့ပေးတဲ့ လခလေးကို မျှော်ပြီးစားနေကြတာတဲ့။
(ဂ ) မိန်းကလေးက အရင်ကလိုင်းထဲကတဲ့။ အကိုကြီး တကယ်လာတာတဲ့။
(ဃ) မိန်းကလေးက အရင်လူ(၂)ယောက်ဆီက လျော်ကြေးရဖူးတယ်တဲ့။
ဒီအချက်တွေကို ထောက်ထားပြီး ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်တို့ တရားဝင်လင်မယားဖြစ်၊ မဖြစ်ဆုံးဖြတ် ကြရပါတယ်။ (မအေးနှင့်မောင်ဆန္ဒ) (မလှိုင်နှင့်မရွှေမ) (၁၈၉၂)။
(အတိုမှတ် - ပြော / နေ/ ပြု / လည်/ လှူဘွယ်/ ဆွေမျိုး/ ပုန်းလျှိုး/ ပစ္စည်း/ သေပြီး/ အဆင့်အတန်း)တဲ့။
ကိုဖြူ ။ ။ အနောက်နိုင်ငံတွေမှာ၊ ထိမ်းမြားလက်ထပ်ခြင်း မပြုဘဲ ယောက်ျားနဲ့ မိန်းမစိတ်တူ၊ သဘောတူ၊ ကြည်ကြည်ဖြူဖြူ အတူပေါင်းသင်း နေထိုင်ကြတာတွေရှိတယ်ဆရာ။ (Living Together) ဆိုပြီး (LT) ခေါ်နေကြတယ်။ မြန်မာလူမျိုး၊ ဗုဒ္ဓဘာသာဝင်တွေအတွက် ဒီလိုနေထိုင်ကြတာတွေကို “မြန်မာ့ဓလေ့ ထုံးတမ်း(စံ)အနေနဲ့ ဥပဒေနဲ့ညီညွတ်မှုရှိ/မရှိ ပြောပြပါဆရာ။ (LT)တွေကို တရားဝင် လင်မယားလို့ ကောက် ယူလို့ ရသလားဆရာ။
ယူတီကေ ။ ။ အခု (၂ဝ၁၅)ခုနှစ် တစ်လင်တစ်မယား ဥပဒေဆိုတာ (၃၁.၈.၂ဝ၁၅)နေ့က ပြည်ထောင်စုလွှတ်တော်ချုပ်က ပြဌာန်းလိုက်ပြီ။ အခြားဘာသာတွေရဲ့ ဥပဒေ၊ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ၊ တစ်လင်တစ်မယားဥပဒေနဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေ(စံ) (ပြဌာန်းချက်)တွေနဲ့ ညှိနှိုင်းပြီး ပြောရလိမ့်မယ်ထင်တယ်။ နောက်ဆောင်းပါး မှာ အကျယ်တဝင့် ဆွေးနွေးပါမယ်။
UTK (မဟာဝိဇ္ဇာ၊ သိပ္ပံ၊ ဥပဒေ)
Lawyer U Tun Kyi
Subscribe to:
Post Comments (Atom)
No comments:
Post a Comment