ရန်ပြုခြိမ်းခြောက်ခဲ့တဲ့ အမျိုးသားသုံးဦးအမှုကို ကိုဆွေဝင်းက ပိတ်သိမ်းပေး
၎၊ဧပြီ၊ရန်ကုန်။ ။ရန်ပြုခြိမ်းခြောက်ခဲ့တဲ့ အမျိုးသားသုံးဦးအမှုကို တရားလိုဖြစ်သူ မြန်မာနောင်းသတင်းဌာနမှ အယ်ဒီတာချုပ်ကိုဆွေဝင်းဘက်က သည်ကနေ့ မှာ ပိတ်သိမ်းပေးလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
ကိုဆွေဝင်းရဲ့ ဥပဒေအကြံပေးဖြစ်သူ ဦးခင်မောင်မြင့်ကတော့ အခုလို ပိတ်သိမ်းပေးလိုက်တာဟာ ရန်ပြုခြိမ်းခြောက်ပြောဆိုသူ သုံးဦးထဲမှာ ပါဝင်တဲ့ ကိုထွန်းထွန်းဇော်ဆိုသူက တောင်းပန်ထားသလို ကိုဆွေဝင်းကိုယ်တိုင်ကလည်း တခြားသူတွေကို စိတ်အနှောင့်အယှက်မပေးလိုတာကြောင့် ဖြစ်တယ်လို့  ဆိုပါတယ်။
ကိုထွန်းထွန်းဇော်က ကိုဆွေဝင်းကို ရန်ပြုဖို့ ကြိုးစားတာမဟုတ်ဘဲ မိတ်ဆွေဖွဲ့ လိုတာကြောင့် ကိုဆွေဝင်း နောက်ကို လိုက်ကြတာဖြစ်တယ်လို့  ရဲတပ်ဖွဲ့ က စစ်ဆေးချိန်မှာ ထွက်ဆိုထားတယ်လို့ သိရပါတယ်။
” ကိုထွန်းထွန်းဇော်ကလည်း ရန်ပြုဖို့ မဟုတ်ပါဘူး။ ကိုဆွေဝင်းကို မသိတဲ့ အတွက် မိတ်ဆက်တာပါလို့  ပြောတယ်။ နောက်ပြီး ကိုဆွေဝင်းကလည်း သူကိုယ်တိုင် တရားရင်ဆိုင်နေတာတော့ သူလိုမျိုး စိတ်အနှောင့်အယှက်ဖြစ်နေတာကို တခြားလူတွေကိုလည်း မဖြစ်စေချင်ဘူး။ ဒီအမှုကလည်း ဘာမှမပြောပလောက်ဘူးလေ။ ဒါ့ကြောင့် တရားလိုဖြစ်တဲ့ ကိုဆွေဝင်းကိုယ်တိုင် ပိတ်သိမ်းလိုက်တဲ့အတွက် အမှုက ပြီးသွားပါပြီ”လို့  ဦးခင်မောင်မြင့် က ပြောပါတယ်။
မတ်လ ၁၄ ရက် ည ၉ နာရီအချိန်က Myanmar Now သတင်း ဌာနမှ အယ်ဒီတာချုပ် ကိုဆွေဝင်းဟာ အမေရိကန်သံအမတ်ကြီးစကော့မာရှယ် နေအိမ်မှ စမ်းချောင်းမြို့ နယ်မှာရှိတဲ့ သူ့ ရဲ့ နေအိမ်သို့ ပြန်လာ ချိန် ဗဟိုလမ်းနဲ့  မြောင်းမြလမ်း ထိပ်ရှိ ဆိုက်ကားဂိတ်အနီးမှာ မိတ် ဆွေတစ်ဦးနဲ့စကားပြောနေချိန် အမျိုးသားသုံးဦးရဲ့  ရန်ပြုခြိမ်းခြောက်တာကို ခံခဲ့ရပါတယ်။ အဲသည်ဖြစ်စဉ်နဲ့ ပတ်သတ်ပြီး ခြိမ်းခြောက်ပြောဆိုသူတွေကို အရေးယူပေးဖို့  မတ်လ ၁၅ ရက် မှာ ကိုဆွေဝင်းက စမ်းချောင်းမြို့နယ်တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့တာဖြစ်ပါတယ်။
ချမ်းသာ(kumudra)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment