Latest News

Sunday, April 30, 2017

ရှားရှားပါးပါး အမျိုးသမီးအုပ်ချုပ်ရေးမှူး ဒေါ်မွန်မွန်အောင် ဂုဏ်ပြုဆုများ ချီးမြှင့်ခံရ

ရှားရှားပါးပါး အမျိုးသမီးအုပ်ချုပ်ရေးမှူး ဒေါ်မွန်မွန်အောင် ဂုဏ်ပြုဆုများ ချီးမြှင့်ခံရ

မြန်မာနိုင်ငံ၏ ရပ်/ကျေးအုပ်ချုပ်ရေးမှူးအများစုသည် အမျိုးသားများသာရှိကြပြီး အမျိုးသမီး ရပ်/ကျေးအုပ်ချုပ်ရေးမှူးမှာ အနည်းငယ်သာရှိကြသည်။ ၎င်းကဲ့သို့ အနည်းငယ်သာရှိသည့်အထဲ မြောက်ဥက္ကလာပမြို့နယ် (င)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်မွန်မွန်အောင်တယောက်လည်း ပါဝင်ခဲ့သည်။

ဒေါ်မွန်မွန်အောင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတာဝန်စတင်ထမ်းဆောင်သည့်အချိန်မှစ၍ အများပြည်သူက ရွေးချယ်တင်မြှောက်ခဲ့သည့် ရပ်/ ကျေးအုပ်ချုပ်ရေးမှူးတယောက် ဖြစ်သည်။ သူမ တာဝန်ယူသည့် အချိန်မှစတင်ပြီး မြောက်ဥက္ကလာ (င)ရပ်ကွက်တွင် ဒုစရိုက်မှုလျှော့ချနိုင်ရုံမက သန့်ရှင်း သပ်ရပ်သည့် ရပ်ကွက်တခုလည်း ဖြစ်လာခဲ့သည်။ ယင်းအပြင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးအများစုသည် ည ၇ နာရီ မှ ၉ နာရီအတွင်းသာ ရုံးထိုင်လေ့ရှိသော်လည်း ဒေါ်မွန်မွန်အောင်က တနေ့ခင်းလုံးရုံးတွင် တာဝန်ထမ်းဆောင်သည့်အပြင် ညဥ့်သန်းခေါင်ချိန်အထိ ရပ်ကွက်အတွင်း ကင်းလှည့်တတ်သူဖြစ်၍ သူမ တာဝန်ထမ်းဆောင်ချိန်မှစ၍ ရပ်ကွက်အတွင်း ကောင်း မွန်သည့်အပြောင်းအလဲဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ နေပြည်တော်ရဲချုပ်နှင့် ဦးဖြိုးမင်းသိန်း၏ ဂုဏ်ပြုလက်မှတ် ချီးမြှင့်ခြင်းခံခဲ့ရသည်။ ထို့ကြောင့် ဂုဏ်ပြုထိုက်သော လုပ်ရပ်များနှင့် ထူးခြားကောင်းမွန် မှုများကြောင့် ဒေါ်မွန်မွန်အောင်နှင့် တွေ့ဆုံမေးမြန်း ဖြစ်ခဲ့သည်။

အစ်မ အုပ်ချုပ်ရေးမှူးတာဝန်ကို ဘယ်အချိန်ကစပြီး တာဝန်ယူခဲ့တယ်ဆိုတာလေးက စပြောပြပါဗျ။

အုပ်ချုပ်ရေးမှူးတာဝန်ကို အစိုးရသစ် လက်ထက်စပြီး တာဝန်ယူချိန်ကပေါ့။ အုပ်ချုပ်ရေးမှူးတွေ စရွေးတဲ့အချိန်က အများပြည်သူ ရွေးချယ်ချိန်ကစပြီး တာဝန်ယူခဲ့တာပေါ့။

အုပ်ချုပ်ရေးမှူးတော်တော်များများက အမျိုးသားတွေပဲလုပ်ကြတယ်။ အမျိုးသမီးအရေအတွက်က အရမ်းနည်းတယ်။ ဒီတော့ အစ်မအနေနဲ့ ဒီအလုပ်ကို ဘာကြောင့်ရွေးချယ်ခဲ့လဲ။

ဘယ်လိုကြောင့်လဲဆိုတော့ အစ်မက အရင်တုန်းက NLD မှာ လုပ်ခဲ့တယ်။ အဲဒီတော့ လုပ်ချင် တဲ့စိတ်ပဲရှိတယ်။ လုပ်ပိုင်ခွင့်မရှိဘူးလေ။ လုပ်ချင် တာတွေ အများကြီးပဲရှိတယ်လေ။ ကိုယ့်မြို့ဆိုကိုယ့် မြို့၊ ကိုယ့်ရပ်ကွက်ဆို ကိုယ့်ရပ်ကွက် ဖွံ့ဖြိုးတိုးတက်အောင် ဒါပေမဲ့ အစ်မမှာ လုပ်ပိုင်ခွင့်မရှိဘူး။ အဲဒီတော့ အုပ်ချုပ်ရေးမှူးဆိုရင် ကိုယ်လုပ်ချင်တာလေး တွေ လုပ်ပိုင်ခွင့်ရှိလာမယ်။ အများပြည်သူတွေရဲ့ ဆန္ဒကို လိုက်လုပ်ပေးလို့ရတယ်။ ဒါကြောင့် ရွေးချယ်ခဲ့တာပါ။

အုပ်ချုပ်ရေးမှူးဖြစ်လာပြီဆိုတော့ အစ်မအနေနဲ့ အများပြည်သူအကျိုးအတွက် ဘယ်လိုကိစ္စတွေ ဆောင်ရွက်ပေးခဲ့ပြီလဲ။

အုပ်ချုပ်ရေးပိုင်းဆိုတာက လူတယောက် မွေးဖွားရာနေရာကနေ ကွယ်လွန်ချိန်အထိ ဆိုင်တဲ့အတွက် လမ်းဘေးမှာ ခွေးသေကောင်လွှင့်ပစ်ထားရင်တောင် ကိုယ်ကစွန့်ပစ်ရမယ်လေ။ ဥပမာ စည်ပင်ဆို စည်ပင် အလုပ်၊ ကျန်းမာရေးဆို ကျန်းမာရေးအလုပ် ရဲဆို ရဲအလုပ်ရှိကြတယ်။ အစ်မတို့ အုပ်ချုပ်ရေးမှူးကြ တော့ အားလုံးက အုပ်ချုပ်ရေးနဲ့ဆိုင်တယ်။ ဒီဟာလေးတွေ အကုန်လုံးလိုအပ်တဲ့ဟာတွေ ကိုယ်စွမ်းရှိသလောက် လုပ်ခဲ့တယ်။

အမျိုးသမီးတယောက်အနေနဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးလုပ်တဲ့အခါ ဘယ်လိုအခက်အခဲတွေရှိလဲဗျ။

စ,စချင်းလုပ်တုန်းကတော့ ပါတီဆိုက်နဲ့ အုပ်ချုပ်ရေးပိုင်းက လုံးဝကိုမတူတာပါ။ မတူတော့ လုပ်ရတာ အဆင်ပြေပါ့မလား။ ပြည်သူတွေနဲ့ တကယ်ထိပ်တိုက်တွေ့ပြီး တကယ်လက်တွေ့ဆောင်ရွက်ရတာ အစိုးရဌာနတွေနဲ့ ပတ်သက်ရမယ်ဆိုတော့ အဆင်ပြေပါ့မလားဆိုတဲ့ စိုးရိမ်စိတ်။ ဒါပေမဲ့ တကယ်တကယ် လုပ်ကြည့်တော့ အဆင်ပြေတယ်လို့တော့ ထင်တယ်။

အုပ်ချုပ်ရေးမှူးအများစုက ညနေပိုင်းအချိန်လောက်မှပဲ ရုံးမှာရှိကြတယ်။ ကျွန်တော် သိရသလောက်ကတော့ အစ်မက ဒီမှာရုံးထိုင်ပြီး မပြန်ဘဲ မိုးလင်းမိုးချုပ်အထိ လုပ်တယ်လို့ ကြားတယ်၊ ဘယ်လိုကြောင့်လဲ။

ဘယ်လိုကြောင့်လဲဆိုတော့ အစ်မက ပရဟိတကို ၀ါသနာပါတယ်။ နာရေးကိစ္စတွေအတွက် ကိုယ့် ဟာကိုယ်ထောင်ပြီး လုပ်ခဲ့ဖူးတယ်။ လူတွေရဲ့ အခက် အခဲအရ အစ်မက ည ၇ နာရီမှဖွင့်ပြီး ည ၉ နာရီ ရုံးပိတ်မယ်ဆို လူတွေရဲ့ အခက်အခဲ ဥပမာ-မှတ်ပုံ တင်လုပ်မယ့်သူတို့၊ သေစာရင်းလုပ်မယ်၊ ပင်စင်တွေ ထုတ်မယ့်သူတို့၊ အစ်မ လက်မှတ်ပါမှ ရမယ်လေ။ ဒါမျိုးတွေ အခက်အခဲဖြစ်လို့ရှိရင် အစ်မအိမ်နဲ့ သွားလိုက်ပြန်လိုက် ဖြစ်နေမယ်။ အဲဒီတော့ ရုံးမှာပဲနေပြီးတော့ ရုံးမှာဖြစ်ပေါ်လာတဲ့ အခက်အခဲလေးတွေကို လက်မှတ်ထိုးရင် မထူးတော့ပါဘူးဆိုပြီး ဒီ့ပြင်ကိစ္စတွေပါ လုပ်မယ်၊ ရပ်ကွက်ထဲပါ ဆင်းရင်းနဲ့ မြောင်းတွေကြည့်၊ အခုလို အမှိုက်သိမ်းတဲ့အခါ ခေါင်းလောင်းလေးတွေတီးပြီး လိုက်လုပ်ရင်း နေဖြစ်တာ၊ လုပ်တော့ ပင်ပန်းတော့ ပင်ပန်းတာပေါ့။ လုပ်ရင်းနဲ့ အဆင်ပြေသွားတယ်ဆိုတော့ ပျော်တာပေါ့။

ရပ်ကွက်အုပ်ချုပ်ရေးမှူးလုပ်မယ်ဆိုတော့ မိသားစုမိဘအသိုင်းအ၀ိုင်းက ဘယ်လိုတုံ့ပြန်လဲ။

မိဘရော၊ ဆွေမျိုးတွေရော၊ အစ်မတို့အမျိုးက စစ်မျိုးတွေ၊ အစ်မက အဖေကလည်း စစ်သားပဲလေ။ မိဘရော၊ ဆွေမျိုးရော၊ သားသမီးရော ဘယ်သူမှ သဘောမတူဘူး။ သမီးတွေဆို စကားများလို့ စိတ်တိုပြီး ရိုက်တာတွေ၊ ဘာတွေတောင်ရှိတယ်။ ဒါပေမဲ့ အခုကျတော့ တဖြည်းဖြည်းကြာလာချိန်မှာတော့ အစ်မက ဆုလည်းရတယ်ဆိုတော့ အရင်က ဒီလိုမျိုး မရှိခဲ့ဘူးလေ၊ ဂုဏ်ယူစရာဖြစ်တယ်ဆိုတာ သူတို့ ဘာသာသူတို့ သိလာတယ်။ နားလည်လာပြီးတော့ အခုဆို သူတို့က ကိုယ့်အ၀တ်အစားတွေတောင် လာယူပြီး လျှော်ပေးတယ်။ ထမင်းတွေချက်ပြီး ချိုင့်နဲ့ လာပို့တယ်။

အစ်မ ဆုရတယ်ဆိုတာ ဘယ်လုပ်ဆောင်ချက်မှာ ဘယ်လိုကြောင့်ဆုရခဲ့ပြီး ဘယ်အဖွဲ့အစည်း တွေကပေးတာလဲ။

ဆုရတာက ပိုင်းလော့ပရောဂျက်ဆိုပြီး ကင်းတွေစောင့်ရတယ်။ တလပဲ စောင့်ရတာကို အစ်မတို့က ကြိုပြီးစောင်ခဲ့တာ နှစ်လကြိုစောင့်ခဲ့တာလေ။ အစ်မ စတက်ကတည်းက ပိုင်းလော့ပရော့ဂျက်မပေါ်သေးဘူး။ ရဲတွေက ညဥ့်ဦးပိုင်း ညဥ့်နက်ပိုင်းမှာ ပိုင်းလော့ပရော့ဂျက်မပေါ်ခင်ကတည်းက လှည့်နေရတာလေ။ အဲဒါကို အစ်မက ညတိုင်းကင်းလှည့်လိုက်တယ်။ လိုက်တယ်ဆိုတာကလည်း လမ်းဘေးတွေမှာ အရက်သောက်တာတို့ဆိုတော့ ရဲတွေနဲ့ကျ တခါတလေ အဆင်မပြေတာရှိတယ်။ အဲလိုလိုက်ရင်းနဲ့ ဘာတွေ ဖြစ်လာလဲဆိုတော့ ခါးပိုက်နှိုက်တွေ၊ ဆိုင်ကယ်တွေနဲ့ လုပြေးတာတို့ များသောအားဖြင့် စက်မှုဇုန်မှာ ပေါတယ်။ လကုန်ရက်တွေမှာ ကလေးတွေက လစာထုတ် ပြီးပြီ။ အဲဒီအချိန်မှာ ဆိုင်ကယ်တွေနဲ့ ချောင်းစောင့်နေတယ်။ လုပြီး ထွက်ပြေးတယ်။ အစ်မက မိုးချုပ်ပြီ ၈ နာရီဆို ကလေးတွေ အလုပ်ဆင်းတဲ့အချိန်၊ အမှောင် ရိပ်ကသွားသွားချောင်းပြီး အဲဒါတွေကို ဖမ်းတာ။ ကလေးလေးတွေက လုခံရပြီဆို ရုံးလာတိုင်ရင် ငိုနေတာပဲ၊ စိတ်မကောင်းဘူးပေါ့။ သူတို့တလလုံးရှာထားတဲ့ ပိုက်ဆံကို လုခံရတာလေ။ အဲဒါတွေ ကြုံရတော့ အစ်မ အနေနဲ့ မှတ်တိုင်တွေမှာ လာစောင့်တယ်။ အလုပ်သမလေးတွေ ပြန်လာတယ်။ ဆိုင်ကယ်နဲ့ လုပြီး ထွက်ပြေးသွားတာတို့ရှိတော့ အစ်မက ကင်းလှည့်တယ်၊ လှည့်ရင်းနဲ့ ဆိုင်ကယ်နဲ့ လုတာ ကြုံသွားတယ်။

အဲဒီကြုံခဲ့ရတဲ့ဖြစ်စဉ်က ဆုရတာလေး ပြောပေးပါဦး။

ပိုင်းလော့ပရော့ဂျက် မတိုင်ခင်ကပေါ့။ ကလေးမလေးရဲ့အိတ်ကို ဆွဲလုပြီး ဆိုင်ကယ်နဲ့ ထွက်ပြေးသွားတယ်။ အဓိကတော့ ပြည်သူလည်းပါလို့ပေါ့။ ၀ဇီရာမှာရှိတဲ့ လူငယ်လေးတွေလည်း ကောင်းတာပေါ့။ ဆိုင်ကယ်နဲ့ လုပြီးထွက်ပြေးတဲ့ လူနှစ်ယောက်က ၀ဇီရာဆိုတဲ့လမ်းက ထွက်ပေါက်မရှိဘူး။ ထွက်သွားရင် ဟိုးဘက်ထိပ်က ချောင်းပဲရှိတာ။ ဘာထွက်ပေါက်မှ မရှိဘူး။ ဒါကို မသိတဲ့အခါကျတော့ အဲဒီဘက်ထွက်ပြေးတယ်။ အဲဒီခါကျတော့ ကာလသားတွေဝိုင်းလိုက်တယ်။ သူတို့က ပြန်ခုခံတယ်။ အဲဒီတော့ ၀ါးတုတ်နဲ့ ရိုက်ရတယ်။ ၂ ယောက်လုံးက ပြန်ခုခံတော့ ၂ ယောက်လုံးကို ရိုက်ရတယ်။ ပြီးတော့ ဖမ်းပြီး ရဲလက်ကို အပ်လိုက်တယ်။ လာလုတဲ့သူတွေက သာကေတဘက်ကလို့ သိရတယ်။ နေရာအတိအကျ မရှိဘူး။ အဲဒီလို လိုက်လုခံရတဲ့သူက ၀ဇီရာဘက်က ၀န်ထမ်းကောင်မလေးတွေ အဲဒီကနေဆုရတာ။

ဆုရတာ ဘယ်အဖွဲ့အစည်းက ပေးတာလဲ။

သူတို့ပြောတာကတော့ ဒီတခုတည်း ဆောင်ရွက်ချက်ကြောင့် မဟုတ်ဘူး။ အုပ်ချုပ်ရေးမှူးတွေ အားလုံး ဥပမာ-ရပ်ကွက်အတွက်ဆို ရပ်ကွက်အတွက် ရေစီးရေလာကောင်းအောင်လုပ်တာတို့ ၊ အစ်မ မအုပ်ချုပ်ခင်က ဘယ်လိုအခြေအနေရှိတယ်။ အစ်မ အုပ်ချုပ်တော့ ဘယ်လိုအခြေအနေရှိတယ်။ ဒါလေးတွေကို ဆင်းပြီး လေ့လာတယ်။ အစ်မရဲ့ အခြေအနေက လာဘ်ပေးလာဘ်ယူရှိလား၊ ပြည်သူတွေကို အစ်မက အလုပ်မလုပ်ဘဲနဲ့နေလား စုံစမ်းပြီးတော့ ဘက်စုံပုံစံမျိုးနဲ့ပေးတာလို့ ပြောတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည်း ပေးတယ်။ နေပြည်တော်ရဲချုပ်ကလည်းပေးတယ်။ ဦးဖြိုးမင်းသိန်းလည်း ပေးတယ်။ သုံးဆုရတာ ၁-၁၀-၂၀၁၆ က ရတာပါ။

အဲဒီလို အစ်မရဲ့ဆောင်ရွက်ချက်တွေကြောင့် အစ်မတာဝန်ယူရတဲ့ ရပ်ကွက်မှာ မှုခင်းလျော့ကျသွားသလား။

လုံးဝမရှိတဲ့ပုံစံကို ဖြစ်သွားတယ်။ အရင်တုန်းကဆို ရိုက်မှုတွေ၊ လုယက်မှုတွေက အစ်မ ကင်း စောင့်နေတာသိတဲ့အခါကျတော့ ဆေးမှုဆိုလို့ရှိရင် ဆေးအရောင်းအ၀ယ်လုပ်တဲ့သူတွေက ညဘယ် နှနာရီဆိုဝင်တာ ရပ်ကွက်အ၀င်အထွက် ဒီအုပ်ချုပ်ရေးမှူးက အမြဲတမ်းကင်းလှည့်နေတာသိတော့ ဆေး အရောင်းအ၀ယ်သမားတွေလည်း မ၀င်တော့ဘူး။ ဒါတောင် နေ့ခင်းဘက်ကို ချောင်းသေးတယ်။ အစ်မ ကလည်း လုံးဝအလစ်မပေးဘူး။ နောက်ပြီး လမ်းဘေးမှာ မူးယစ်သောက်စားနေတဲ့ ကလေးတွေ ည ၁၂ နာရီ ထိုးထိ သောက်တယ်။ ဆေးလာပို့တဲ့သူက တနာရီ နှစ်နာရီလာပို့တယ်။ ဆေးတွေနဲ့ နှစ်ပင်လိမ်ပြီးတော့ ရိုက်ပွဲတွေဖြစ်ကြတာပေါ့။ အဲဒါတွေကို ကင်းလှည့်ရင်းနဲ့ ကလေးတွေကိုတွေ့ရင် မိခင်စိတ်နဲ့ သားတို့ ဒီလိုဖြစ်ရင် ဒီလိုရှိတယ်ပြောပြတယ်။ တချို့တွေကြတော့လည်း သားက ဒါလေးကုန်ရင် ပြန်မှာပါ။ တချို့ကြတော့လည်း ဂစ်တာလေးတီးရင်းနဲ့ ဒါလေးပြီးရင် ပြန်မှာပါ။ မူးလည်းမူးနေကြတာကိုး။ အန်တီနားထောင်ပေးမယ်ဆိုတော့ အမေသီချင်းတွေ ဘာတွေဆိုကြတယ်။ ပြီးသွားရင် သားဆိုတာ အရမ်း ကောင်းတယ်၊ ပြန်တော့နော်ဆို သူတို့ဘူးလေးတွေ ကစ အရက်ဘူးလေးတွေ သားအိမ်မှာပဲ သားသောက်ဆိုပြီး အိပ်ထဲထည့်ကောက်ပေးလိုက်တယ်။ နောက် သူတို့ကိုယ်တိုင် အားနာလာတယ်။ နောက် ကိုယ့်မြင်ရင် မလုပ်တော့ဘူး။ တဖြည်းဖြည်း အစ်မက ညဥ့် နက်ပိုင်း ကင်းလှည့်ရင်း သူတို့ပါလိုက်လာကြတယ်။ မသောက်ကြတော့ဘူး။

အစ်မက ဒီလိုမျိုးကိုယ်ရောစိတ်ရောနှစ်ပြီး ဆောင်ရွက်တော့ ဖြစ်ချင်တဲ့ဆန္ဒက ဘာရှိမလဲ။

ဖြစ်ချင်တဲ့ဆန္ဒက သမိုင်းပေါ့။ အစ်မတာဝန်ယူတဲ့အချိန် အုပ်ချုပ်တာမဟုတ်ပါဘူး။ အစ်မ တာဝန်ယူတဲ့ ငါးနှစ်တာကာလအတွင်းမှာ အစ်မရပ်ကွက်က ပြောင်းလဲသွားတာလေး လူတွေက ပြောင်းလဲချင်လို့ မဲပေးတာလေ။ အစ်မက မိန်းကလေးလည်းဖြစ်တယ်။ အစ်မရပ်ကွက်က ပြောင်းလဲသွားချင်တယ်။ ကောင်း သောပြောင်းလဲခြင်းပေါ့။ ဒါလေးကို သမိုင်းတခု လေး ဖြစ်ချင်တယ်။ ဒါကြောင့်မို့ အစ်မက ကိုယ့်ရပ်ကွက်မှာ ဘာတွေလိုလဲလိုက်ကြည့်တယ်။ အမြဲတမ်းလိုအပ်တာ လိုက်ကြည့်တယ်။

အစ်မက ရပ်ကွက်အတွင်းမှာ မိခင်စိတ်နဲ့ပဲ ဆောင်ရွက်တယ်ဆိုတော့ အစ်မလိုချင်တဲ့ လူမှုအသိုက်အ၀န်းက ဘယ်လိုပုံစံဖြစ်မလဲ။

အဓိက အစ်မဖြစ်ချင်တာတော့ စည်းကမ်းပေါ့။ အစ်မတို့ရပ်ကွက်က စော်ကားတာတော့ မဟုတ်ဘူး။ ဟိုးအရင်တုန်းက စည်းကမ်းမရှိခဲ့ဘူး။ အမှိုက်ပုံတွေကစ ညစ်ပတ်နေတာ အစ်မလက်ထက်မှာ ဘယ်နားမှ အမှိုက်ပုံမရှိတော့ဘူး။ အကုန်လိုက်ရှင်းတယ်။ စည်းကမ်းလေးရှိရမယ်။ ဥပဒေကိုသိရှိပြီး ဥပဒေ ဘောင်အတွင်းက လုပ်တတ်တဲ့အကျင့်လေးရှိရမယ်။ ဘယ်အလုပ်ပဲဖြစ်ဖြစ် သမ္မာအာဇီဝနဲ့ အလုပ်ကလေး တွေလုပ်ချင်အောင် ဟိုဆေးရောင်းမှ ဒီဆေးရောင်းမှ ထမင်းစားရတာမဟုတ်ဘူး။ နှစ်လုံးထိုးတာတို့၊ ဘော လုံးလောင်းတာတို့ ဒုစရိုက်အလုပ်လုပ်ချင်စိတ် မရှိအောင် စည်းကမ်းရှိအောင် ရပ်ကွက်မှာရှိတဲ့ကလေးတွေရဲ့ မိဘကစပြီး မိဘကောင်းမှ ကလေးကောင်းမှာလေ။ အဲဒါမျိုးလေးတွေ သိရှိနားလည်အောင် ဘာသာရေးဆိုရင်လည်း အစ်မတို့ရပ်ကွက်က ဘုန်းကြီးကျောင်း ၅၈ ကျောင်း ရှိတယ်။ ဘာသာရေး နဲ့ပတ်သက်ရင် ကလေးတွေ ဓမ္မစကူးလ်ရှိတယ်။ အဲဒါ တွေသွားတယ်။ ဓမ္မစကူးလ်ကျောင်းတက်ရင် တလ ပဲရှိလို့ အဲဒီတလပဲ ခေါင်းထဲမှာအသိဝင်ဖို့မဟုတ်ဘူး။ တလပြီးလို့ ဆင်းသွားရင် ကိုယ့်အိမ်မှာရှိတဲ့သူတွေကို ပြန့်ပွားလို့ရတယ်။ အလုပ်လုပ်ရင် အလုပ်လုပ်တဲ့နေရာမှာ ကိုယ့်ရဲ့ဓမ္မစကူးလ်က အသိလေးတွေ ပြန့် ပွားလို့ရတယ်။ အဲဒါမျိုးလေးတွေ အကုန်လုံးကို ဖြစ်စေချင်တယ်။                      

(ကိုခက်)
Photo-ရွှေဖီး
NewsWatch

No comments:

Post a Comment