ငွေကြေးယူကာ ယာဉ်မောင်း လိုင်စင် အအောင်ပေး၍ က.ည.န ဝန်ထမ်း သုံးဦးကို စသုံးလုံး အမှုဖွင့်
ထားဝယ်၊ ဧပြီ ၂၇
ယာဉ်မောင်း လိုင်စင် ဖြေဆိုရာတွင် ကျရှုံးသူများကို အပိုငွေကြေး ရယူကာ စစ်ဆေးချက်များ အောင်မြင် စေရန် လုပ်ဆောင်သည် ဟုဆိုကာ တိုင်း အတွင်းရှိ ကညန ဝန်ထမ်း သုံးဦးကို စသုံးလုံး (စစစ - အထူး စုံစမ်း စစ်ဆေးရေး ဦးစီးဌာန) မှ တရားလို လုပ်ကာ ဧပြီလ ၁၇ ရက်က အမှု ဖွင့်ထားကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။
ယာဉ်မောင်းလိုင်စင် အတွက် စာမေးပွဲ ဖြေဆိုရာတွင် ကျရှုံးသူများကို အပိုငွေကြေးရယူကာ ရေးဖြေ အဖြေလွှာ အသစ်တွင် အချက်အလက်များ ရေးသွင်း စေပြီး စစ်ဆေးချက် အောင်မြင်စေရန် လုပ်ဆောင်မှုများ အတွက် ထားဝယ်မြို့၊ တိုင်းကညန ရုံးရှိ ယာဉ်မောင်း စစ်ဆေးရေး ဌာနစိတ်မှ စစ်ဆေးရေးမှူး ၂ နှင့် စစ်ဆေးရေးမှူး ၃ တို့ကို အမှုဖွင့်ထားခြင်း ဖြစ်သည်။
အဆိုပါ စစ်ဆေးရေးမှူး နှစ်ဦး ရယူထားသော မတူညီသည့် ငွေကြေး ပမာဏ နှစ်ခုအတွက် အမှုနှစ်ခု ဖွင့်ထားခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ အထိ ၉ လအတွင်း (က) ယာဉ်မောင်း လိုင်စင် ဖြေဆိုသူ ၆၁၂ ဦးထံမှ စစ်ဆေးရေးမှူး ၂ က အပိုငွေကြေး သိန်း ၄၀ ကျော် (၄,၂၅၇,ဝ၀ဝ) ကျပ် ရယူခဲ့ပြီး ယင်းပမာဏ ထဲမှ စစ်ဆေးရေးမှူး ၃ ကို ငွေကျပ် ၁၀ သိန်းကျော် (၁,ဝ၈၀,ဝ၀ဝ) ခွဲဝေ ပေးထားသည်ကို စစ်ဆေး တွေ့ရှိ သဖြင့် စစစ မှ ဦးစီးအရာရှိ ဖြစ်သူက တိုင်တန်းခဲ့ခြင်း ဖြစ်ကြောင်း တိုင်းရဲမှတ်တမ်း အရ သိရသည်။
ထို့အပြင် (ခ) ယာဉ်မောင်း လိုင်စင် ဖြေဆိုရာတွင် ကျရှုံးသူများ ထံမှ အပိုကြေးငွေ ၆၅ သိန်းကျော် (၆,၅၈၀,ဝ၀ဝ) ကျပ်ကို စစ်ဆေးရေးမှူး ၂ ဖြစ်သူက ရယူပြီး စစ်ဆေးရေးမှူး ၃ ဖြစ်သူကို ငွေကျပ် ၁၉ သိန်း (၁,၉၀ဝ,ဝ၀ဝ) ကျပ် ခွဲဝေပေးခဲ့ကြောင်း ရဲမှတ်တမ်း အရ သိရသည်။
ယင်းအပြင် မြိတ်ခရိုင် ကညနရုံး ယာဉ်မောင်း စစ်ဆေးရေး ဌာနစိတ်မှ တာဝန်ခံ (စစ်ဆေးရေးမှူး ၂ ) ကို (ခ) ယာဉ်မောင်း လိုင်စင် အသစ် လုပ်သူ ၃ ဦး ထံမှ ငွေကျပ် ခြောက်သောင်းကို ပွဲစားမှ တစ်ဆင့် ယူကာ လူကိုယ်တိုင် ဖြေဆိုစရာ မလိုဘဲ အောင်မြင်ကြောင်း ထောက်ခံ လက်မှတ် ထုတ်ပေးသည့် အတွက် စစစ ဌာန ဦးစီးအရာရှိ တစ်ဦးက တရားလို လုပ်ကာ ဧပြီလ ၁၇ ရက်တွင် အမှုဖွင့် ထားကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
“အပြစ်ရှိလို့ ပြစ်ဒဏ် ချမှတ်ခံရမယ် ဆိုရင်တော့ ဝန်ထမ်းအဖြစ် ကနေ ထုတ်ပယ်ရမှာပေါ့” ဟု ကညန တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်စိန် က ပြောသည်။
လက်ရှိတွင် ထားဝယ်မြို့ရှိ တိုင်း ကညနရုံးမှ စစ်ဆေးရေးမှူး ၂ နှင့် မြိတ်ခရိုင် ရုံးမှ စစ်ဆေးရေးမှူး ၂ တို့ကို ဖမ်းဆီးထားပြီး တိုင်းရုံးမှ စစ်ဆေးရေးမှူး ၃ မှာ လွတ်မြောက် နေဆဲ ဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
အမှုဖွင့် ခံရသည့် ကညန ဝန်ထမ်း ၃ ဦးနေရာတွင် အစားထိုး တာဝန် ထမ်းဆောင်မည့် သူများ မကြာမီ ရက်ပိုင်း အတွင်း ရောက်ရှိလာမည် ဖြစ်ကြောင်း တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်စိန် က ဆိုသည်။
တိုင်း ကညနရုံးမှ စစ်ဆေးရေးမှူး ၂ နှင့် စစ်ဆေးရေးမှူး ၃ တို့ကို ရာဇသတ်ကြီး ပုဒ်မ ၄၀၉ / ၁၀၉ ဖြင့် ထားဝယ်မြို့မ ရဲစခန်းတွင် အမှုဖွင့် ထားပြီး မြိတ်ခရိုင် ကညန ရုံးမှ စစ်ဆေးရေးမှူး ၂ ကို ရာဇသတ်ကြီး ပုဒ်မ ၄၀၉ ဖြင့် မြိတ်မြို့မ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲမှတ်တမ်း အရ သိရသည်။
ရာဇသတ်ကြီး ပုဒ်မ ၄၀၉ (ပြည်သူ့ ဝန်ထမ်းက ရာဇဝတ် မကင်းသော ယုံကြည် အပ်နှံရေး ဖောက်ဖျက်မှု) ကို ကျူးလွန်ပါက ထောင်ဒဏ် တစ်သက်တစ်ကျွန်း (၂၀ နှစ်) ဖြစ်စေ၊ ၁၀ နှစ် အထိ ထောင်ဒဏ် ဖြစ်စေ ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း သိရသည်။
ရာဇသတ်ကြီး ပုဒ်မ ၁၀၉ (အားပေး ကူညီမှု) ကို ဖောက်ဖျက် ကျူးလွန်ပါက ကျူးလွန်သည့် ပြစ်မှုရင်း အတွက် ပြဋ္ဌာန်းသည့် ပြစ်ဒဏ်ကို ချမှတ်နိုင်ကြောင်း သိရသည်။
Dawei Watch
The Voice
http://thevoicemyanmar.com/news/8024-mon
Subscribe to:
Post Comments (Atom)
No comments:
Post a Comment