မက်ဒရစ်ဖိုင်နယ် ဆက်ဖြစ်ဦးမလား
မက်ဒရစ်မြို့ခံအသင်းနှစ်သင်းဖြစ်တဲ့ ရီးယဲလ်နဲ့ အက်သလက်တီကိုအသင်းတို့ ချန်ပီယံလိဂ်အကြိုဗိုလ်လုပွဲအဆင့်ကို တက်လှမ်းလာနိုင်ခြင်းနဲ့အတူ ဒီနှစ်သင်းတွေ့ဆုံတဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်နောက်တစ်ကြိမ်ဆက်ဖြစ်လာဦးမလားဆိုတဲ့ မေးခွန်းတွေလည်း ဆက်ထွက်လာပြန်ပါပြီ။ ချန်ပီယံလိဂ်အကြိုဗိုလ်လုပွဲစဉ်များမဲခွဲမှု ထွက်မလာသေးခင် အခုလို မက်ဒရစ်နှစ်သင်းထိပ်တိုက်တွေ့ဆုံတဲ့ ဗိုလ်လုပွဲ ဆက်ဖြစ်လာမလားဆိုတဲ့ အတွေးတွေဝင်လာတာဟာ အနည်းငယ်စောလွန်းနေတယ်လို့ ထင်စရာရှိပါတယ်။
ဒါပေမယ့် လွန်ခဲ့တဲ့ သုံးနှစ်တာကာလအတွင်း ဗိုလ်လုပွဲမှာ ဒီမက်ဒရစ်အသင်းနှစ်သင်း နှစ်ကြိမ်ထိပ်တိုက်တွေ့ခဲ့ပြီး နှစ်ကြိမ်လုံးမှာ ရီးယဲလ်က အောင်ပွဲခံနိုင်ခဲ့တာပါ။ ဒါကြောင့် ရီးယဲလ်နဲ့ အက်သလက်တီကိုအသင်းတို့ အကြိုဗိုလ်လုပွဲအဆင့်ကို တက်ရောက်လာတာနဲ့ အားလုံးက နောက်တစ်ကြိမ်မက်ဒရစ်ဗိုလ်လုပွဲထပ်ဖြစ်လာဦးမလားဆိုတဲ့အတွေးတွေ စောစောစီးစီး ဝေစီလာတာဖြစ်ပါတယ်။
ခုနောက်ပိုင်းနှစ်တွေမှာ ချန်ပီယံလိဂ်ရော ယူရိုပါလိဂ်ကိုပါ စပိန်ကလပ်အသင်းများ လွှမ်းမိုးနေပြီး ကျန်ကလပ်အသင်းတွေက အဖြည့်ခံအသင်းတွေလို ဖြစ်နေတာကလည်း လာလီဂါဟာ အခြားနိုင်ငံအသင်းတွေထက် ခေါင်းတစ်လုံးအသာ အနေအထားဖြစ်နေတယ်ဆိုတာကို မီးမောင်းထိုးပြသနေတဲ့ အခြေအနေပါ။ ရီးယဲလ်နဲ့ ဘာစီလိုနာတို့ရဲ့ အပြိုင် လွှမ်းမိုးပြနိုင်မှု၊ အက်သလက်တီကိုရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ မြင့်မားတဲ့အနေအထား ရပ်တည်ပြနိုင်မှုတွေကြောင့် ချန်ပီယံလိဂ်ဟာ လာလီဂါအသင်းတွေသာ အပြိုင်အဆိုင်ယူနေတဲ့ ဖလားကြီးလိုဖြစ်နေပါတယ်။
ဒီလိုဖြစ်လာရတာတွေက ပရီမီယာလိဂ်ဟာ အလွန်ပွဲဆက်များတဲ့ လိဂ်ဖြစ်နေသလို၊ စီးရီးအေနဲ့ ဘွန်ဒက်စ်လီဂါတို့မှာလည်း ဂျူဗင်တပ်၊ ဘိုင်ယန်မြူးနစ်တို့သာ တစ်ကောင်တည်း ပြေးတဲ့မြင်း အနေအထားဖြစ်နေတာတွေကြောင့်လို့ ယေဘုယျသုံးသပ်နိုင်ပါတယ်။ လာလီဂါအသင်းတွေကတော့ ချန်ပီယံလိဂ်ရော ယူရိုပါလိဂ်မှာပါ အဆိပ်ရှိတဲ့ ပုံစံနဲ့ စစ်မျက်နှာ နှစ်ရပ်လုံးဖွင့်တိုက် ယှဉ်ပြိုင် နေတာကြောင့် အခုလို ရလဒ်တွေကောင်းနေ တာဖြစ်ပါတယ်။
လက်စတာအသင်းနဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ ပွဲစဉ်မှာ အက်သလက်တီကို နည်းပြ ဆီမြွန်နီရဲ့ ကွင်းဘေးစည်းဘေးတည်ငြိမ်မှု အပြည့်နဲ့ ရှိနေတဲ့ပုံစံက သူဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အကောင်းဆုံးဦးဆောင်နိုင်တဲ့ နည်းပြ တစ်ဦးဆိုတာကို ယုံကြည်တဲ့ပုံစံကို ဖော်ညွှန်း ပေးနေသလိုပါပဲ။ ဒါ့အပြင် အက်သလက် တီကိုအသင်းမှာ ဂရစ်ဇ်မန်းလို အရည်အသွေး မြင့်မားတဲ့ ကစားသမားရှိနေတာ၊ ကာရက်စ္စကို၊ တောရက်စ်တို့လို ဂိုးသွင်းခြေမြင့်မားတဲ့ တိုက်စစ်မှူးတွေ ရှိနေတာ၊ နောက်တန်းခံစစ် အင်ပြည့်အားပြည့်ရှိနေခြင်းတွေကလည်း အက်သလက်တီကိုရဲ့ အဆင့်တစ်ရပ်ကို လျော့ကျမသွားအောင် ဆွဲတင်ပေးထားနိုင်တဲ့ အကြောင်းတရားများပဲ ဖြစ်ပါတယ်။
အက်သလက်အနေနဲ့ ဒီနှစ်ဘောလုံး ရာသီမှာ အရင်နှစ်တွေကလောက် ပုံစံကောင်း တစ်ရပ်ပြသနိုင်ခြင်းမရှိပေမယ့် ဘိုင်ယန်လို အသင်းကိုတောင် နောက်ကောက်ချပြီး အုပ်စု ဗိုလ်အနေအထားနဲ့ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့တာကို ကြည့်ရင် ချန်ပီယံလိဂ်မှာ အက်သလက်ရဲ့ခြေ ပိုကောင်းတယ်ဆိုတာ မြင်နိုင်ပါတယ်။ ပြိုင်ဘက်နောက်တန်းက အက်သလက်တိုက်စစ်ကစားသမားတွေကို အသေကပ်ထားလို့ တိုက်စစ်ပိုင်းက ဂိုးမသွင်း နိုင်ရင်တောင် နောက်တန်းနဲ့ ကွင်းလယ်ကစား သမားတွေက လိုအပ်နေတဲ့ဂိုးတွေကို ရယူပေး နိုင်တာ၊ ကမ္ဘာ့အဆင့် လက်စွမ်းရှိတဲ့ဂိုးသမား အော့ဘလက်ခ်ကို ပိုင်ဆိုင်ထားတာတွေကလည်း ဆီမြွန်နီရဲ့ အသင်းဟာ ချန်ပီယံလိဂ်မှာ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ ရီးယဲလ်တို့ကိုတောင် ယှဉ်နိုင်တဲ့အသင်းအဖြစ်ကို ရောက်ရှိစေခဲ့တာဖြစ်ပါတယ်။
ဥရောပ ထိပ်တန်းအသင်းတွေလို့ ပြောလိုက်တာနဲ့ အများစုက ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နဲ့ ရီးယဲလ်တို့လိုသာ ပြေးမြင်မိကြပေမယ့် ဂျူဗင်တပ်နဲ့ အက်သလက်တီကို အသင်းတွေဟာ ဒီအသင်းတွေကို နောက်ကောက်ချနိုင်မယ့် အသင်းတွေလို့ သတ်မှတ်နိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ အက်သလက်ဟာ ဘာစီလိုနာကို ကွာတား အဆင့်၊ ဘိုင်ယန်မြူးနစ်ကို အကြိုဗိုလ်လုပွဲ အဆင့်မှာ နောက်ကောက်ချနိုင်ခဲ့ပြီး ဗိုလ်လုပွဲမှာလည်း ရီးယဲလ်ကို ပင်နယ်တီနဲ့သာ အရေး နိမ့်ခဲ့တာကိုကြည့်ရင် ဒီအချက်မှန်ကန်တယ် ဆိုတာကို သက်သေခံနေတာဖြစ်ပါတယ်။
ဒါကြောင့် ချန်ပီယံလိဂ်အကြိုဗိုလ်လုပွဲ မဲခွဲဆုံးဖြတ်မှုမှာ အက်သလက်တီကိုနဲ့ ရီးယဲလ်တို့သာ မတွေ့ဆုံခဲ့ရင် ဒီနှစ်သင်း လေးနှစ်အတွင်း သုံးကြိမ်မြောက်တွေ့ဆုံတဲ့ ဗိုလ်လုပွဲ ဖြစ်လာနိုင်ပါတယ်။ ရီးယဲလ်ဟာ ဘိုင်ယန်မြူးနစ်လို အသင်းကိုတောင် နောက်ကောက်ချပြီး အကြိုဗိုလ်လုပွဲအဆင့်ကို ခုနစ်နှစ်ဆက်တိုက် တက်ရောက်လာနိုင်တာကြောင့် အကြိုဗိုလ်လုပွဲမှာ ဘယ်အသင်းကိုတွေ့တွေ့ ဖြတ်ကျော်နိုင် ဖွယ်ရှိနေပါတယ်။ ဒီလိုပါပဲ အက်သလက်တီကို အသင်းဟာလည်း ချန်ပီယံလိဂ်မှာ သမ္ဘာရှိလာတဲ့အသင်းဖြစ်ပြီး နောက်ဆုံးလေးနှစ်မှာ သုံးကြိမ်မြောက်အကြိုဗိုလ်လုပွဲ တက်ရောက် ထားတဲ့အသင်းဖြစ်နေတာကြောင့် သူတို့ နှစ်သင်းသာ အကြိုဗိုလ်လုပွဲမှာ မတွေ့ဆုံရင် မက်ဒရစ်ဒါဘီဗိုလ်လုပွဲ ဖြစ်လာနိုင်မယ်လို့ ခန့်မှန်းနေကြတာဖြစ်ပါတယ်။
ဆီမြွန်နီရဲ့ အက်သလက်ဟာ ၂ဝ၁၄ ခုနှစ် ဗိုလ်လုပွဲမှာ ရီးယဲလ်ကို အချိန်ပိုသွင်းဂိုးတွေနဲ့ အရေးနိမ့်ခဲ့ရပြီး ၂ဝ၁၆ ခုနှစ် ဗိုလ်လုပွဲမှာတော့ ပင်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ ယှဉ်ပြိုင်ခဲ့တဲ့ ဗိုလ်လုပွဲစဉ်နှစ်ပွဲအတွင်းက ဒီနှစ်သင်းရဲ့ ခြေစွမ်းပိုင်းကို ယှဉ်ကြည့်ရင် ၂ဝ၁၄ ခုနှစ်မှာ ရီးယဲလ်က သာခဲ့ပေမယ့် ၂ဝ၁၆ ခုနှစ်မှာတော့ ပိုကောင်းတဲ့အသင်းက အက်သလက်ပါ။ ဒါပေမယ့် ဒီနှစ် ဒီတစ်ကြိမ် ဒီနှစ်သင်း ဗိုလ်လုပွဲ (သို့မဟုတ်) အကြိုဗိုလ်လုပွဲမှာ ထပ်မံ တွေ့ဆုံရင် ဘယ်အသင်းက အသာရမလဲဆိုတာကို အဖြေထုတ်ဖို့ ခဲယဉ်းပေမယ့် ဒီတစ်ခါကတော့ နာကျည်းမှုနဲ့ တုံ့ပြန်မယ့် အက်သလက်တီကိုက စိတ်ဓာတ်ပိုင်းမှာ အသာရမယ်လို့ ထင်မြင်မိကြောင်းပါ...။
မေလဲ့သင်း
MOI
Subscribe to:
Post Comments (Atom)
No comments:
Post a Comment