"ရွှေလက်ဝါးရေယာဉ်မှာ မနစ်မြုပ်သင့်ဘဲ နစ်မြုပ်ရခြင်းဖြစ်သည်ဟု သင်္ဘောပိုင်ရှင်မိသားစုက ပြောကြား"
ဧပြီ ၂၆ ရက်က ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ဗားကရာ ဆိပ်ကမ်းတွင် ကုန်စည်တင်ဆောင်ရပ်နားထားသော စစ်တွေ-ရန်ကုန်ပြေးဆွဲနေသည့် ရွှေလက်ဝါး ကုန်တင်ရေယာဉ် တိမ်းစောင်းနစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်မှာ မဖြစ်သင့်ကြောင်း ယင်းကုန်တင်ရေယာဉ်ပိုင်ရှင်၏ မိသားစုဝင်တဦးက ပြောသည်။
ရွှေလက်ဝါးကုန်တင်ရေယာဉ်သည် လူသုံးကုန်ပစ္စည်းများ၊ ဆီပေပါများနှင့် မော်တော်ယာဉ်နှစ်စီးတင်ဆောင်ထားပြီး ရန်ကုန်မှ စစ်တွေသို့ထွက်ခွာရန် စီစဉ်နေစဉ် ညနေ ၃ နာရီခန့်မှ စတင်၍ ဆိပ်ကမ်းဘောတံတားဘက်သို့ တိမ်းစောင်းခဲ့ကြောင်းနှင့် ရေ၀င်မှုကြောင့် ညနေ ၆း၃၀ နာရီဝန်းကျင်တွင် နစ်မြုပ်သွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ထူးခြားဖြစ်စဉ် သတင်း မှတ်တမ်းများအရ သိရသည်။
ရေယာဉ်နစ်မြုပ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ပိုင်ရှင် ဦးရွှေမောင်၏သား ကိုမောင်မောင်က ''ဆိပ်ကမ်းတာဝန်ရှိသူ တွေက ဆိပ်ခံဘောနားမှာ စိုးရိမ်တယ်။ ကျွန်တော်တို့က သင်္ဘောကို အသက်လုပြီး ကြိုးနဲ့ဆိုင်းထားတယ်။ နားလည်တဲ့လူတွေဆိုရင် အကုန်သိတယ်။ ဒါက မြုပ်သွားနိုင်စရာ အခြေအနေ မဟုတ်ပါဘူး။ ကျွန်တော့်အမြင် ပြောရရင် ဒါက မလုပ်သင့်ဘဲ လုပ်လိုက်ကြတယ်လို့ မြင်ပါတယ်။ ကုန်တန်ချိန်က အပေါ်ဝိတ်များနေတယ်လို့ ပြောပါတယ်။ ဆုံးရှုံးမှုကတော့ ခုလောလောဆယ် ပြောလို့မရသေးပါဘူး''ဟု ပြောကြားသည်။
ရေယာဉ်စတင်တိမ်းစောင်းပြီး ရေ၀င်ရာတွင် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနနှင့် သက်ဆိုင်ရာ အခြေစိုက် မီးသတ်စခန်းများမှ ရေစုပ်စက်များဖြင့် လာရောက်၍ သင်္ဘောအတွင်းမှ ရေများစုပ်ထုတ်ခြင်း၊ နီးစပ်ရာသင်္ဘောများဖြင့် ကုန်စည်ရွှေ့ပြောင်းခြင်းတို့ကို ကူညီဆောင်ရွက်ပေးခဲ့ပြီး မြစ်ရေတက်ချိန်တွင် ဆိပ်ခံဘောတံတားမထိခိုက်စေရေးအတွက် ဆိပ်ကမ်းအာဏာပိုင်များက သင်္ဘောချည်ကြိုးများအား ပြတ်တောက်လိုက်ချိန်တွင် တစောင်းအနေအထားဖြင့် နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ခဲ့သူ သမ္ဗန်လုပ် သားတဦးက ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာ့ကမ်းရိုးတန်းသွား ကုန်တင်ရေယာဉ်များအသင်း (ဗားကရာဆိပ်ကမ်း) တံတားကြီးကြပ်ရေးရုံးမှ မန်နေဂျာ ဦးကျော်စိုးဦးက''ရေယာဉ်နစ်မြုပ်မှုက ပြောရရင် မဖြစ်သင့်ဘူးဗျ။ ကမ်းခွာသွားလို့ ပင်လယ်ခွာသွားတာမျိုးဖြစ်ရင်တော့ ကိစ္စမရှိဘူးလေ။ ကမ်းမှာတင်ဖြစ်သွားတာဆိုတော့ ဆုံးရှုံးနစ်နာမှုက မဖြစ်သင့်ဘဲ ဖြစ်ရတာ'' ဟု ၎င်း၏အမြင်ကို သုံးသပ်ပြောကြားသည်။
ရွှေလက်ဝါးရေယာဉ်မှာ စုစုပေါင်း တန်ချိန် ၄၅၀ တင်ဆောင်နိုင်ပြီး နစ်မြုပ်ချိန်တွင် ဆီပီပါ အလုံး ၁၃၀ ကျော်၊ စားသောက်ကုန်များနှင့် မော်တော်ယာဉ် နှစ်စင်းတင်ဆောင်ထားကြောင်း ရေယာဉ် နစ်မြုပ်ရာတွင် ဆုံးရှုံးမှုတန်ဖိုးကို မတွက်ချက်ရသေးကြောင်းနှင့် ဆိပ်ကမ်းအာဏာပိုင်နှင့်ညှိနှိုင်းပြီး သင်္ဘောကို ပြန်လည် ဆယ်ယူမည်ဖြစ်ကြောင်း သိရသည်။
သတင်း-ထူးမြတ်
ဓါတ်ပုံ -ရွှေဖီး
News Watch
Subscribe to:
Post Comments (Atom)
No comments:
Post a Comment