Latest News

Friday, April 21, 2017

မူးယစ်သားကောင်တွေကို အမေတို့ လိုက်ထိန်းနေရတယ်

မူးယစ်သားကောင်တွေကို အမေတို့ လိုက်ထိန်းနေရတယ်

ဆယ်ကျော်သက်လူငယ်အများစုဟာ ဘာအလုပ်မှမလုပ်ကြတော့ဘဲ မူးယစ်ဆေးဝါးနောက်လိုက်ရင်း ဘဝတွေ ဆုံးရှုံးနေရတယ်။

တောင်ကြီး၊ ဧပြီ ၁၉ - ညမှောင်ရီပျိုးစ အချိန်ဆိုရင် သားယောကျာ်း လေးမွေးထားတဲ့ ဒေါ် ညိုတို့လို မိခင်တွေဟာ သောကတွေ ရင်မှာအပြည့်နဲ့ ဓာတ်မီးတစ်လက်ကိုင်ရင်း လမ်းဆုံလမ်း ထောင့်တွေ၊ ကျူခုံတွေ၊ ဘိလိယက်ခုံတွေနဲ့ ဂိမ်းဆိုင်တွေမှာ သားတွေကို ရှာပုံတော်ဖွင့်နေရပါတယ်။

သည်လို ရှာဖွေနေရင်းက လမ်းထောင့်တွေမှာ ဖုန်းထိုင်ပွတ် နေတဲ့လူငယ်တွေတွေ့ရင် သဘော ပေါက်လိုက်ပါပြီ။ သူတို့တွေဟာ ဒေသခေါ် (ရာဘမြင်းဆေး) WY စိတ်ကြွဆေးပြားတွေကို လူငယ်အချင်းချင်း ဖြန့်ဝေရောင်းချနေ သူတွေလို့ သိနေလို့ပါပဲ။ သည်လို ရောင်း ချတဲ့ ကလေးငယ်တွေမှာ အလယ်တန်းကျောင်းသားအချို့ ပါ ပါဝင် နေပြီး ရောင်းချပေးတဲ့အတွက် ငွေကြေးမရဘဲ သုံးစွဲဖို့ ဆေး ပြားတွေသာ ရနေကြတယ်လို့ ကလေးမိဘ တချို့က ဆိုပါတယ်။

“နောက်ဆိုရင် ဒီဒေသမှာ လူကြီးဆိုတာ ရှိပါဦးမလားလို့တောင် တွေးမိတယ်၊ ကလေးတွေက ဒါတွေနဲ့မှ မလွတ်တော့တာလေ”လို့ ဒေါ်ညိုက လေသံတိုးတိုးနဲ့ ညည်းညူနေပါတယ်။ ဒေါ်ညိုမှာ သားသုံးယောက် ရှိရာမှာ သားနှစ် ယောက်က မူးယစ်ဆေး စွဲနေပါတယ်။ မိဘတွေအနေနဲ့ ဆေးပြတ် စေချင်ပေမဲ့ မူးယစ်ဆေး ပေါများတဲ့ဒေသဖြစ်တာကြောင့် ဆေးပြတ်ဖို့ မစွမ်းဆောင်နိုင်တော့ဘူး လို့ သူက ပြောပြတယ်။

စိုးရိမ်မှုတွေ

ဒေါ်ညို နေတဲ့နေရာကတော့ ရှမ်း ပြည်နယ် ပအိုဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ဆီဆိုင်မြို့နယ်ထဲ မှာရှိ နေတဲ့ ကျေးရွာတစ်ခုကပါ။ သည်ဒေသမှာ နေထိုင်တဲ့ သားမွေးထားတဲ့ မိခင်အများစုဟာ ဆေးစွဲနေတဲ့ သားတွေကို လိုက် ထိန်းရင်း စိုးရိမ် ပူပန်မှုတွေနဲ့နေနေရတယ်လို့ ပြောကြတယ်။

ငွေကြေးတတ်နိုင်တဲ့ မိဘက ဒေသနဲ့ ဝေးတဲ့ နေရာတွေမှာ ကျောင်းသွားထားကြသလို ငွေကြေးမတတ်နိုင်တဲ့ မိဘတွေကတော့ ငယ်စဉ်ကတည်းက ရန်ကုန်၊ မန္တလေးမြို့တွေက ဘုန်းကြီးကျောင်းတွေ၊ မိဘမဲ့ ပရဟိတဂေ ဟာတွေ မှာ သွားရောက်အပ်နှံ လေ့ရှိကြပါတယ်။

ဒေါ်နန်းလှလှ ဆိုရင် သူ့ရဲ့ သားငယ်ဟာ အလယ်တန်း ကျောင်းသားဘဝမှာ မူးယစ်ဆေး ဖြန့်ဝေသူတချို့ရဲ့ ပစ်မှတ်ထားခံခဲ့ ရဖူးပါတယ်။ ငွေကြေးအတော်အတန် ကြွယ်ဝသူဖြစ်လို့ သားဖြစ်သူ ကို တောင်ကြီးမြို့ပေါ်က ဆွေမျိုး အိမ်မှာ နေထိုင်စေပြီး ကျောင်း တက်ခိုင်းပါတယ်။ ဆိုင်ကယ်နဲ့ ကျောင်းတက်တဲ့ ရှစ်တန်းအရွယ် သားဖြစ်သူကို မူးယစ်ဆေးသုံးစွဲသူတွေက ယုံကြည်အောင် ပေါင်းသင်းပြီး ဆေးပြားတွေကို အလကား ပေးသုံးတာပါ။ ဆေးပြားပေးသုံးပြီး စွဲစပြုတဲ့အချိန်ရောက်တဲ့အ ခါ သူတို့လို လူငယ်တွေ ကြားထဲမှာ ဆေးပြားတွေ ဖြန့်စေခဲ့ပါတယ်။ ကိုးတန်းရောက်ချိန်မှာတော့ သားဖြစ်သူဟာ မူမမှန်တဲ့အပြုအမူတွေ ကြောင့် ကျောင်းထုတ် ခံခဲ့ရပါ တယ်။ ကျောင်းက ထွက်ပြီးတဲ့ နောက်မှာ မူးယစ်ဆေးကြောင့် ထောင်ကျရတဲ့အထိ ဖြစ်ခဲ့ပေမဲ့ ဆေးကတော့ ပြတ်မသွားခဲ့ပါဘူး။

“ကျွန်မ ရူးမတတ်ခံစားရတာ၊ ပညာတတ် ဖြစ်စေချင်တဲ့စိတ် ကြောင့် ဆေးဖြတ်ဖို့ အမျိုးမျိုးကြိုး စားတယ်၊ မရဘူး၊ ခုဆို သူ ပြဿနာဖြစ်မှာစိုးလို့ သူ့နောက်ကို တ ကောက်ကောက်လိုက်နေရတယ်၊ ညဆိုလဲ ကောင်းကောင်းအိပ်မရ တော့ဘူး”လို့ လက်ရှိ သူ ကြုံတွေ့ နေရတာတွေကို ဒေါ်နန်းလှလှက ပြောပြပါတယ်။

ဆေးသုံးစွဲနေတဲ့ ကလေးမိဘတွေရဲ့အဆိုအရ ဆေးပြားတစ်ပြား ကို ကျပ် ၅၀ဝ ကနေ ကျပ် ၁၀ဝ၀ အတွင်းသာ ပေးရပါတယ်။ ဘိန်းမည်းတွေက အနည်းဆုံး ကျပ် ၂၀ဝ၀ ဖိုးကနေ လိုချင်သလောက် အလွယ်တကူ ဝယ်လို့ရနနေတယ်လို့ ပြောပါတယ်။ သည်ဒေသမှာရှိတဲ့ အရွယ်ကောင်း ဆယ်ကျော် သက်လူငယ် အများစုဟာ ဘာအလုပ်မှ မလုပ်ကြတော့ဘဲ မူးယစ်ဆေးဝါးနောက်လိုက်ရင်း ဘဝတွေ ဆုံးရှုံးနေရတယ်လို့ ဆိုတယ်။

ထိရောက်မှုနည်းပါး

ရှမ်းပြည်နယ်အတွင်းမှာ မူးယစ်ဆေးဝါးတွေ မကြာခဏ ဖမ်းဆီးရမိနေပေမဲ့လည်း သုံးစွဲသူတွေ လျော့မသွားသေးဘူးလို့ မူးယစ်ဆေးစွဲနေသူတွေကို ကူညီပေးနေတဲ့ သူတွေဆီက သိရပါတယ်။ သည်ဒေသမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ ကျေးရွာအလိုက် ကွင်းဆင်းပညာပေးနေပေမဲ့ မထိ ရောက်ဘူးလို့ မိဘတချို့က ပြောပါတယ်။

“ရောင်းတဲ့နေရာတွေကို ဒီက နေ့ဖမ်း နောက်နေ့ဆိုပြန်ရောင်းနဲ့ သံသရာလည်နေတော့တာပဲ၊ ညညအိပ်မပျော်ဘူးလေ၊ သူတို့တွေကိုပဲ လိုက်ထိန်းနေရတာ”လို့ ဒေါ် ညိုက ပြောပြပါတယ်။ လက်ရှိ မူးယစ်ဆေးဝါးသုံးစွဲနေသူတွေကို အရေးမယူဘဲ ကျန်းမာရေးအရ ဆေး ကုသခွင့်ရရှိနိုင်မယ့် မူးယစ်ဆေး ဝါးဥပဒေကို ရေးဆွဲနေတယ်လို့ မြန်မာနိုင်ငံရဲချုပ်က ပြောကြား ထားပါတယ်။ သုံးစွဲသူတွေ ပိုများလာမှာကို မိဘတွေအနေနဲ့က တော့ စိုးရိမ်နေကြပါတယ်။

ရှမ်းပြည်နယ်အတွင်း မူးယစ် ဆေး သုံးစွဲမှုနဲ့ပတ်သက်ပြီး ပညာပေးနေတဲ့ အဖွဲ့တွေကတော့ လက်ကမ်းစာစောင်တွေဝေပြီး ပညာပေးနေပေမဲ့ လက်ရှိသုံးစွဲနေတာတွေကို လျှော့ချနိုင်ဖို့ ဘက်ပေါင်းစုံ ကနေ ထောက်ပံ့ပေးမှုတွေ လိုအပ် နေတယ်လို့ ဆိုပါတယ်။ လက်ကမ်း စာစောင်တွေမှာ မူးယစ်ဆေးဝါး ပြန့်ပွားနေတာရဲ့ အဓိကတရားခံဟာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခနဲ့ တစ်ဝက်တစ်ပျက် ငြိမ်းချမ်း ရေးဖြစ်စဉ်တွေကြောင့်လို့ ရေးသားထားပါတယ်။ ကျောင်းသား လူငယ်တွေဟာ မူးယစ်ဆေးဝါးရဲ့ သားကောင်တွေသာ ဖြစ်ပါတယ်။

တရားခံအစစ်တွေကို ထိရောက်စွာ ရှာဖွေပြီး အပြစ်ပေးအ ရေးယူသင့်တယ်။ ဆေးစွဲလူငယ်တွေကို ထောင်ချလိုက်တာဟာ ပတ်ဝန်းကျင်မှာ မူးယစ်ဆေးကင်း စင်တဲ့ ဖြေရှင်းနည်းလားဆိုပြီး ရေးသားထားတဲ့ စာရွက်တွေကို ဝေငှ ထားပါတယ်။ ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးစွဲသူတွေကို အကူအညီပေးနေတဲ့ ပညာပေးအဖွဲ့က ဦးအောင်ဇေက “ငယ်ငယ်က ကျွန်တော်တို့အရွယ် မူးယစ်ဆေး သုံးစွဲခဲ့ဖူးတဲ့သူတွေ အခုအချိန်မှာ အသက်ရှင်နေတဲ့သူတွေ မရှိတော့ဘူး၊ မဖမ်းဘဲ ပညာပေးတာတွေ လုပ်မယ်၊ ပြန်လည်ပြုစုရေးတွေ လုပ်မယ်ဆိုရင် လျော့ကျသွားမလားဆိုတာ စောင့်ကြည့်နေရ တယ်” လို့ ပြောပါတယ်။

  မြန်မာနိုင်ငံမှာ ၂၀၁၆ ခုနှစ် ဧပြီလကနေ ၂၀၁၇ ခုနှစ် မတ်လအထိ မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ အမှုပေါင်း ၉၀ဝ၀ ကျော် ဖမ်း  ဆီးရမိတဲ့သူ ၁၄,ဝ၀ဝ ကျော် ရှိနေ တယ်လို့ သိရပါတယ်။ နေအိမ်တွေမှာ မူးယစ်ဆေးစွဲနေတဲ့သား တွေရှိနေတာကြောင့် ငွေကြေးတွေ၊ တန်ဖိုးကြီးတဲ့ပစ္စည်းတွေကို အလွယ်တကူမထားရဲတော့ လောက်အောင် ဖြစ်နေရတယ် လို့ မိဘတချို့က ပြောပါတယ်။

မူးယစ်ဆေးစွဲနေတဲ့ သားနှစ် ဦးမိခင် ဒေါ်နန်းမိုးက “ငါတို့ ဘယ်လိုလုပ်ရမလဲတောင် မသိတော့ပါဘူး၊ ရှာဖွေထားသမျှလဲ ကုန်ပြီ၊ အိမ်မှာ ဘာပစ္စည်းမှကို မရှိတော့ ဘူး၊ အိမ်အခွံပဲ ကျန်တော့တယ်”လို့ ပြောပါတယ်။

၂၀၁၆ ခုနှစ်အတွင်းကလည်း ဆီဆိုင်မြို့နယ်အတွင်းမှာ သားဖြစ်သူက ဆေးကြောင်ကြောင်ပြီး မိဘ နှစ်ဦးကို ဓားနဲ့ခုတ်သတ်တဲ့ အမှု တစ်ခု ဖြစ်ပွားခဲ့ဖူးပါတယ်။ ခုဆို ရင် ရှမ်းပြည်နယ် မြို့တော်တောင် ကြီးမြို့ပေါ်တွေမှာကအစ မူးယစ် ဆေးဝါးတွေကို အလွယ်တကူဝယ် ယူလို့ရနေတယ်လို့ မိဘတွေက ပြောကြပါတယ်။ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့ ဆိုက်ခေါင်စံပြကျေးရွာမှာ မူးယစ်ဆေးဖြတ်စခန်းတစ်ခု တည်ဆောက်ဖို့ ပြင်ဆင်နေတယ်လို့ သိ ရပါတယ်။

“ဆေးဖြတ်စခန်းတွေ မြန်မြန် ဖွင့်မှပဲ မဟုတ်ရင်တော့ ဒီဒေသမှာ နောက်ဆိုရင် ယောကျာ်းလေး တောင် ရှိပါ့တော့မလားပဲ”လို့ ပြောရင်း ဒေါ်ညိုတစ်ယောက် အိမ်ကနေ ပျောက်သွားတဲ့သားကိုရှာဖို့ ထွက်သွားပါတယ်။

အေးအေးအောင်(Kumudra)


No comments:

Post a Comment