ဖိလစ်ပိုင် လက်မရွံ့ သေနတ်သမား၏ ရှေ့နေက ဒူတာတေးကို နိုင်ငံတကာ ခုံရုံးတွင် စွဲချက်တင်
26-Apr-2017
မူးယစ်ဆေးဝါး နှိမ်နင်းရေး စီမံချက်အတွင်း လူအမြောက်အမြား သတ်ဖြတ်မှုဖြင့် သမ္မတဒူတာတေးနှင့် အကြီးတန်းတာဝန်ရှိသူများအား နိုင်ငံတကာခုံရုံးတွင် ဖိလစ်ပိုင် ရှေ့နေတစ်ဦးက စွဲချက်တင်လိုက်သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
စာမျက်နှာပေါင်း ၇၇ ပါရှိသော စွဲချက်တွင် ဒူတာတေးသည် လူသားတို့အပေါ် ရာဇဝတ်မှုများကို အပြောင်းအလဲမရှိ၊ အကြိမ်ကြိမ်၊ အဆက်မပြတ် ကျူးလွန်ခဲ့ပြီး ၎င်း၏လက်ထက်တွင် မူးယစ်ဆေးဝါး ဆက်စပ်တရားခံများကို သတ်ဖြတ်မှုသည် ဓလေ့ထုံးစံသဖွယ် ဖြစ်လာခဲ့သည်ဟု ရှေ့နေဂျူဒီဆာဘီယိုက တင်ပြထားသည်။
ဆာဘီယိုသည် ဒူတာတေး၏ လူသတ်အမိန့်များကို ဆောင်ရွက်ရာတွင် ပါဝင်ခဲ့ရသည်ဟု ဆီးနိတ်တွင် ထွက်ဆိုထားသူ အက်ဂါမာတိုဘာတို၏ ရှေ့နေဖြစ်သည်။
ဒူတာတေးနှင့်ပတ်သက်၍ နိုင်ငံတကာခုံရုံးသို့ ပထမဆုံး တင်သွင်းသော စွဲချက်သည် မာတိုဘာတိုနှင့် အငြိမ်းစား ရဲအရာရှိ အာတူရိုလာစကာနာတို့၏ ထွက်ဆိုချက်များ၊ လူ့အခွင့်အရေး အုပ်စုများ၏ အစီရင်ခံစာများ၊ Reuters ကဲ့သို့ သတင်းဌာနများ၏ ထုတ်ပြန်ချက်များကို အခြေခံထားခြင်းဖြစ်သည်။
တိုင်ကြားချက်တွင် ဒူတာတေးနှင့် အကြီးတန်း တာဝန်ရှိသူ ၁၁ ဦးသည် လူအမြောက်အမြား သတ်ဖြတ်မှုများအတွက် တာဝန်ရှိကြောင်း စွပ်စွဲထားပြီး စုံစမ်းစစ်ဆေးရန်၊ ဖမ်းဝရန်းထုတ်ရန်နှင့် ပြစ်ဒဏ်စီရင်ရန် တောင်းဆိုထားသည်။
သို့သော် မာတိုဘာတို၏ ဆီးနိတ် ထွက်ဆိုချက်များသည် အထောက်အထား မရှိဟု ဆီးနိတ်အမတ်များက သတ်မှတ်ကြပြီး သမ္မတ၏ လက်ထောက်များကလည်း လုပ်ဇာတ်ဖြစ်သည်ဟု ကန့်ကွက်ထားသည်။
ဖိလစ်ပိုင်တွင် ဒူတာတေး အာဏာရလာပြီးနောက်ပိုင်း မူးယစ်ဆေးဝါး နှိမ်နင်းရေး စီမံချက်အတွင်း လူပေါင်း ၉၀ဝ၀ ကျော် သေဆုံးခဲ့ပြီး ယင်းတို့အနက် သုံးပုံတစ်ပုံခန့်သည် စီးနင်းမှုများအတွင်း ခုခံကာကွယ် ပစ်ခတ်ခဲ့ရခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ကာကွယ်ပြောဆိုလျက် ရှိသည်။
ကျန်သုံးပုံနှစ်ပုံမှာလည်း ရဲများနှင့် ပူးပေါင်းထားသော လက်မရွံ့များနှင့် လက်မရွံ့အဖြစ် ပုံဖျက်ထားသော ရဲများ၏လက်ချက်ဖြစ်သည်ဟု လူ့အခွင့်အရေး အုပ်စုများက ပြောကြားကြသော်လည်း ရဲတပ်ဖွဲ့က ငြင်းဆန်လျက်ရှိသည်။
ဒူတာတေးကမူ လက်မရွံ့အဖွဲ့နှင့် ပတ်သက်မှုကို တစ်သမတ်တည်း ငြင်းဆိုခဲ့ပြီး မူးယစ်ဆေးဝါး တရားခံများအား စီရင်ရာတွင်လည်း ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်ရန် ရဲများကို မှာကြားထားသည်ဟု ကာကွယ်ပြောဆိုသည်။
နိုင်ငံတကာခုံရုံး၏ အမှုလိုက်ရှေ့နေများရုံးမှ ကြေညာချက်တွင် ၎င်းတိုင်ကြား စာကို လက်ခံရရှိကြောင်း၊ သင့်လျော်သလို ပိုင်းခြား သုံးသပ်မည်ဖြစ်ကြောင်း၊ မည်သို့ ကောက်ချက်ချကြောင်းကို အကြောင်းရင်းများနှင့်တကွ အသိပေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ဒူတာတေး၏ ပြောရေးဆိုခွင့်ရှိသူ အန်နက်စတိုအေဘယ်လာက ၎င်းစွဲချက်သည် သမ္မတကို သိက္ခာချရန် လုပ်ကြံခြင်းဖြစ်သည်ဟု ကန့်ကွက်ပြောဆိုသည်။
နိုင်ငံတကာခုံရုံး ICC သည် ၂၀ဝ၂ ခုနှစ် ထူထောင်ပြီးနောက်ပိုင်း တိုင်ကြားချက်ပေါင်း ၁၂၀,ဝ၀ဝ ခန့်လက်ခံရရှိခဲ့ပြီး ၎င်းတို့အနက်မှ ကိုးမှုကို ရုံးတင်စစ်ဆေးခဲ့ပြီး ပြစ်ဒဏ်စီရင်ချက် ခြောက်ခုကို ထုတ်ပြန်နိုင်ခဲ့သည်။
တိုင်ကြားခြင်းသည် နိုင်ငံတကာ ခုံရုံး၏ ရှည်လျားသော လုပ်ငန်းစဉ်တွင် ပထမဦးဆုံးအဆင့် တစ်ခုဖြစ်ပြီး ခုံရုံးက စစ်ဆေးပိုင်ခွင့် ရှိ၊ မရှိ ဆုံးဖြတ်ခြင်း၊ ကနဦးလေ့လာမှု ပြုလုပ်ရန် ဆုံးဖြတ်ခြင်း၊ ထို့နောက်တွင် တရားဝင် စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် တရားသူကြီးကို တောင်းဆိုခြင်း စသည်တို့ကို အဆင့်ဆင့် ဆောင်ရွက်ရသည်။
ဒူတာတေးကမူ ၎င်းအား နိုင်ငံတကာ ခုံရုံးက စစ်ဆေးမည့်ကိစ္စကို ကြိုဆိုသည်ဟု ပြောကြားသည်။
ICC အမှုလိုက်ရှေ့နေ ဖာတူးဘန် ဆူဒါက သူမ၏ရုံးသည် ဖိလစ်ပိုင်နိုင်ငံမှ ဖြစ်ရပ်များကို ကနဦး စုံစမ်းလေ့လာမှု ပြုလုပ်ရန် လို၊ မလို အကဲဖြတ်သည့် ရှုထောင့်မှ စောင့်ကြည့်နေကြောင်း ယခင်နှစ်က ပြောဆိုထားသည်။
The Voice
Subscribe to:
Post Comments (Atom)
No comments:
Post a Comment