Latest News

Saturday, April 29, 2017

မုံရွာနှင့် ရွှေဘိုရှိ ထီဆိုင်သုံးဆိုင် ထီလက်မှတ် ဈေးပိုရောင်းချ၍ တိုင်ကြားခံရ

မုံရွာနှင့် ရွှေဘိုရှိ ထီဆိုင်သုံးဆိုင် ထီလက်မှတ် ဈေးပိုရောင်းချ၍ တိုင်ကြားခံရ

ရွှေဘိုရှိ ထီဆိုင်နှစ်ဆိုင်နှင့် မုံရွာမြို့ရှိ ထီဆိုင်တစ်ဆိုင်သည် ကျပ် ၅၀၀ ထီလက်မှတ်ကို ဈေးပိုရောင်းခဲ့သည်ဆိုကာ အောင် ဘာလေသိန်းဆုဌာနသို့ တိုင်ကြားသဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ ကြောင်း တိုင်းဒေသကြီး ပြည်တွင်း အခွန်များဦးစီးဌာနမှူး ဦးကျော် ဇေယျက ပြောသည်။

‘‘ပြီးခဲ့တဲ့ ၅၀၀ ကျပ်တန်ထီ လက်မှတ်စရောင်းကတည်းက ရွှေဘိုမှာ နှစ်ဆိုင်၊ မုံရွာမှာ တစ် ဆိုင် ဘယ်ဆိုင်တွေကတော့ ၅၀၀ကျပ်ထက် ပိုရောင်းတယ်၊ ဘယ် ဆိုင်က ၆၀၀ ကျပ်ရောင်းတယ်၊ ဘယ်ဆိုင်က ၇၀၀ ရောင်းတယ် စသဖြင့် တိုင်စာက ကျွန်တော်တို့ ဆီရောက်တာမဟုတ်ဘူး။ အောင် ဘာလေသိန်းဆုဌာနခွဲကို ရောက် တာ။ အောင်ဘာလေသိန်းဆုဌာ နခွဲကမှ ဘယ်ဆိုင်တွေကတော့ ပိုရောင်းနေတယ်၊ အဲဒါလေးကို စိစစ်ပြီး ပြန်တင်ပြပါဆိုရင် ပြန်စိစစ်ပြီး ပြန်လည်တင်ပြရတဲ့ အခြေအနေပဲရှိပါတယ်’’ဟု ၎င်းက ပြောသည်။

ထီဝယ်ယူခွင့်ပါမစ်ရရှိသူ များကို ပဋိညာဉ်စာချုပ်ချုပ်ဆိုရာ တွင် ထီစာအုပ်တစ်အုပ်လျှင် ထီ ၁၁ ရွက်ပါရှိပြီး ၅,၀၀၀ ကျပ်ဖြင့် ရောင်းချခဲ့ရာ ထီတစ်စောင် ၅၀၀ ကျပ်ဖြင့် ပြန်လည်ရောင်းချရန် ကတိကဝတ်ပြုလုပ်ပြီး အောင်ဘာလေသိန်းဆုဌာနခွဲမှ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် သတ်မှတ်ဈေးထက်ပိုရောင်းသော ထီဆိုင်များကို သတင်းရယူ စောင့် ကြည့်မှုများရှိကြောင်း ဦးကျော် ဇေယျက ပြောကြားသည်။

‘‘အောင်ဘာလေ ၅၀၀ တန် ဝယ်ထားတာတော့ ပဋိညာဉ်စာ ချုပ်အုပ်စုထဲမှာ ပါနေတယ်။ ကျွန်တော်တို့ရောင်းလို့ တွေ့သွားရင် တော့ ပဋိညာဉ်စာချုပ်အရ အရေး ယူခံရမှာပါ။ ပဋိညာဉ်စာချုပ်အရ ၁၁ စောင်ပါ ထီတစ်အုပ်ကို ၃၀၀ Deposit တင်ထားရတယ်။ အမည်ပျက်စာရင်းဝင်မယ်၊ တင်ထားတဲ့ Deposit လည်း ပြည်သူ့ဘဏ္ဍာအ ဖြစ် သိမ်းမယ်’’ဟု မုံရွာမြို့ မင်းမဟော်ထီအရောင်းဆိုင်ရှင် ဦး ကျော်ဌေးက ပြောသည်။

မုံရွာတွင် ထီအရောင်းဆိုင် ၂၀ ကျော်နှင့် နယ်လှည့်ထီအ ရောင်းကား ၃၀ ကျော်ရှိပြီး အောင်ဘာလေသိန်းဆုဌာနက တိုက်ရိုက်ဝယ်ယူရောင်းချသော ထီလက်မှတ်တစ်စောင်လျှင် ကျပ် ၅၀၀ နှုန်းဖြင့် ရောင်းချနေသည်။

သို့သော် ထီဝယ်လိုအား များ ပြားပြီး ပြင်ပထီဆိုင်များမှ ဝယ်ယူရသော ထီလက်မှတ်များနှင့် ထီအရောင်းဆိုင်ဝန်ဆောင်မှုစရိတ် များကြောင့် ထီတစ်စောင်လျှင် ကျပ် ၆၀၀ ခန့် ရောင်းချမှုများ ရှိကြောင်း ဦးကျော်ဌေးက ပြော သည်။

စစ်ကိုင်းတိုင်းဒေသကြီးအ တွင်း ထီအရောင်းဆိုင်များက ဝယ်ယူလိုကြောင်း မှာကြားမှုစာရင်း အရ ကျပ် ၅၀၀ တန် ထီလက်မှတ် ၃,၃၂၃,၇၆၃ အုပ်၊ ကျပ် ၂၀၀ ကျပ် တန်ထီလက်မှတ် ၁၂၄,၉၃၈အုပ် ရှိသော်လည်း အမှန်တကယ် ရောင်းချပေးနိုင်သော စာရင်းအရ ကျပ် ၅၀၀ တန် ထီလက်မှတ် ၇၃,၁၉၈ အုပ်၊ ကျပ် ၂၀၀ တန် ထီလက်မှတ် ၂,၄၇၀ အုပ်ရှိ ကြောင်း တိုင်းဒေသကြီးပြည်တွင်း အခွန်များဦးစီးဌာနရုံးမှ သိရ သည်။

(7Day News)

No comments:

Post a Comment