မန္တလေး၊ ဧပြီ ၂၀ ။ ။ ခရီးသည်တင်ယာဉ်လိုင်းများမှ ဧည့်ကြိုများ ယာဉ်လိုင်းအမှတ်တံဆိပ်ကဒ်ပါသူများသာ ဧည့်ကြိုခွင့်ရှိပြီး ယာဉ်လိုင်းအမှတ်တံဆိပ်မပါဘဲ ဧည့်ကြိုသူများကို အရေးယူသွားမည်ဟု သီရိမန္တလာ အဝေးပြေး ခရီးသည်တင်ယာဉ်ရပ်နားစခန်းက စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်စိုးက မဇ္ဈိမကိုပြောသည်။
ယာဉ်လိုင်များ၏ သတ်မှတ်တံဆိပ်မပါဘဲ ဧည့်ကြိုနေသည်ကို တွေ့ရှိပါက ပထမအကြိမ် ဒဏ်ငွေသတ်မှတ်မှာဖြစ်ပြီး ဒုတိယအကြိမ်တွေ့ရှိပါက အသင်းမှထုတ်ပယ်သည်အထိ အရေးယူသွားမည်ဟု ဦးတင်စိုးကဆိုသည်။
"ဧည့်ကြိုခိုင်းတဲ့ ယာဉ်အသင်းရဲ့ အမှတ်တံဆိပ်ပါရမယ်။ မပါရင် ဧည့်ကြိုခွင့်မရှိဘူး။ ကျွန်တော်တို့ အတတ်နိုင်ဆုံးစောင့်ကြည့်နေတယ်။ သတ်မှတ်ထားတဲ့ တံဆိပ်မပါဘဲ ကြိုနေတာတွေ့ရင် ခေါ်ယူပြီး အရေးယူသွားပါမယ်။ ကျွန်တော်တို့အနေနဲ့ ယာဉ်လိုင်းအားလုံးကို ခေါ်ယူသတိပေးပြောဆိုပြီးပါပြီ။"ဟု ဦးတင်စိုးကပြောသည်။
ထိုသို့ဧည့်ကြိုများကို မိမိတို့နှင့်သက်ဆိုင်သည့် ယာဉ်လိုင်းများ၏ အမှတ်တံဆိပ်ပါကဒ်များကို ဆွဲခိုင်းရခြင်းမှာ ခရီးသွားပြည်သူများအနေဖြင့် စိတ်ချမ်းမြေ့စွာသွားလာနိုင်ရေးအတွက်ဖြစ်ပြီး ယခင်က ဧည့်ကြိုများသည် ခရီးသည်လုခြင်း၊ ခရီးသည်များအား ရိုင်းပြစွာဆက်ဆံမှုများရှိနေခြင်းတို့ကြောင့်ဖြစ်သည်ဟု ဦးတင်စိုးကရှင်းပြသည်။
သီရိမန္တလာ အဝေးပြေး ခရီးသည်တင်ယာဉ်ရပ်နားစခန်းတွင် ယာဉ်လိုင်းပေါင်း ၁၂၅သင်းရှိနေပြီး နေ့စဉ် ယာဉ်အစီးပေါင်း ၄၀၀ ကျော်ပြေးဆွဲလျှက်ရှိကြောင်းသိရသည်။
အဆိုပါယာဉ်ရပ်နားစခန်းမှ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်မြောက်ပိုင်းတို့ကို နေ့စဉ်ပြေးဆွဲပေးလျှက်ရှိသည်ဟုလည်း ဦးတင်စိုးက ဆိုသည်။
ခရီးသည်များအနေဖြင့် ကျေနပ်မှုမရှိပါက စည်းကမ်းထိန်းသိမ်းရေးကော်မတီသို့ တိုင်ကြားနိုင်ရန် ယာဉ်ရပ်နားစခန်းအတွင်း နေရာအနှံ့ ကြော်ငြာများကပ်ထားသည်ဟု ဦးတင်စိုးကဆိုသည်။
ဓာတ်ပုံ - အောင်ကိုဦး/မဇ္ဈိမ
No comments:
Post a Comment