သခွတ်ပင်က မီးတကျည်ကျည် နိုင်ငံတော်
'ပြည်'တင်း၊ 'မင်း'မခံသာ
အတိတ်ကို ပြန်လည်တူးဆွချင်လွန်းလှ၍တော့ဖြင့်မဟုတ်၊ သမိုင်းပါမောက္ခဆရာကြီး ဒေါက်တာသန်းထွန်း၏ ဆုံးမသင်ပြခဲ့ဖူးသော စကားကဲ့သို့ သမိုင်းကို (အတိတ်ကို) နှောင်းလူတွေသိအောင် မအ,အောင် ပြောနေရေးနေဦးမည် ဖြစ်ပါသည်။ မြန်မာ့သမိုင်းတွင် မင်းကောင်းမင်းမြတ် 'အနော်ရထာ'ကဲ့သို့သော မင်းများအကြောင်းကို အတုယူအားကျဖွယ် လမ်းပြပုဂ္ဂိုလ်အဖြစ် ညွှန်ပြရမှာဖြစ်သလိုပင်၊ မင်းဆိုးမင်းညစ် များအကြောင်းကိုလည်း အတုယူမမှားအောင် ရှောင်ရှားနိုင်အောင် သတိပြုဆင်ခြင် နှလုံးသွင်းနိုင်ကြအောင် ရေးသားနေရဦးမည် ဖြစ်ပါသည်။ ဤသည်မှာ ကျွန်တော်တို့၏ခေါင်းပေါ်သို့ပြည်သူတွေ ရွက်တင်ပေးလိုက် သော တာဝန်'အိုးကြီး'ဖြစ်ပေသည်။ နှစ်လုံးထီ၊ သုံးလုံး ထီနှင့် အောင်ဘာလေထီ စသည်တို့ဖြင့် လေထဲတွင် တိုက်အိမ်ဆောက်နေကြရရှာသော များရာစုသော မြန်မာပြည်သူအပေါင်းတို့သည်ကား ရှင်အဇ္ဇဂေါဏကလည်း မ,စရန်အကြောင်းမမြင်၊ ရတနာရွှေမိုးငွေမိုးများလည်း သွန်းဖြိုးရန်မမြင်ချေ။ (ခုနေခါများ ရတနာ ရွှေမိုးငွေမိုးတွေ ရွာချလိုက်ရင်ဖြင့် လုယက်မှုတွေ၊ လူသတ်မှုတွေနဲ့ထောင်းလမောင်းထကာ တောကြောင်တွေ လက်ခမောင်းခတ်ကြမှာမလွဲပါ။ ရွှေမိုးငွေမိုးရွာသွန်းနိုင်မည့်အခြေအနေရှိ၊ မရှိ မိုးလေ၀သပညာရှင်တဦးက ခန့်မှန်းပေးနိုင်လျှင် ဘုရားစူးခန့်မှန်းပေးစေချင်ပါသည်။ သန်းနှင့်ချီသော ရဲအင်အားတွေ အချိန်မီခန့်ထား၊ လုံခြုံရေးကြိုတင်ချထားနိုင်ရေးပါ။)
'ပြည်'တင်း၊ 'မင်း'မခံသာဆိုရိုးစကားနှင့်အညီ တိုင်းပြည်အတွင်းမှီတင်းနေထိုင်ကြသော အအုပ်ချုပ်ခံ အဖိနှိပ်ခံ ပြည်သူလူထုကြီးသည် သည်းမခံနိုင်တော့ သည့်အဆုံးတွင် ရုန်းကြွလာကြသည်။ တွန်းလှန်ရုန်းထ လာကြပေသည်။ လူထု၏ဆန္ဒသဘောထား၊ နှလုံးသားခံစားချက်တို့ ပြင်းထန်တင်းမာလာကြသည်တွင် အုပ်ချုပ်သူ အစိုးရမင်းများ မခံသာနိုင်ကြတော့ဘဲ ပြည်သူလူထု၏လိုအပ်ချက် (Necessity) နှင့် လိုအင် (Needs)များအပေါ် လိုက်လျောကြရမည်မှာ သဘာဝဓမ္မဖြစ်ပေသည်။ မလိုက်လျောဘဲ အာဏာနှင့် လက်နက်နှင့် ဖြိုခွင်းနှိမ်နင်း၍မရတော့သည်တွင် အစိုးရပြုတ်ကျပြီး အုပ်ချုပ်သူတို့ ထွက်ပြေးတိမ်းရှောင် ပုန်းခိုကြရကာ နောက်ဆုံးလူထုတံတွေးခွက်တွင်မျော၍ လူတောတိုးမရရှင်လျက်နှင့် သေနေရသည့်ဘ၀များကို ရရှိသွားကြလေတော့သည်။ ကိုယ့်နိုင်ငံအပါအ၀င် သာဓကများစွာရှိသည်ပင်။
မျက်မှောက်နိုင်ငံရေးအခင်းအကျင်းအရ ပွင့်ပွင့်လင်းလင်း ရေးပါရစေ။ မျှမျှတတ ရှုမြင်ကြဖို့ဖြစ်ပါ၏။ လူထုအစိုးရ၏ လုပ်ဆောင်ချက်မှန်သမျှကို အကောင်း မြင်နိုင်ခဲသော ဤမြန်မာ့လောကကြီးဝယ် လူထုခေါင်း ဆောင်ဘာလုပ်လုပ် လူထုအစိုးရဘာလုပ်လုပ် တိုက် မယ်ခိုက်မယ်၊ ဖဲ့မယ်ရွဲ့မယ်၊ ဆော်မယ်နှက်မယ်ဆို သောသူတွေ တစစများလာသည်ကို တွေ့ရပေသည်။ စစ်နည်းဗျူဟာအရပြောရလျှင် (ထိုသို့ပြောသဖြင့် ကျွန်တော်သည် စစ်သားလုံးဝမဟုတ်) ညတိုက်ပွဲများ အမှောင်ကြီးစိုးသော စစ်မြေပြင်တွင် ရန်သူကို ရှာဖွေ တွေ့မြင်နိုင်ရန် မီးကျည်ပစ်ဖောက်၍ (Searching fire)လုပ်ရလေ့ရှိပါသည်။ မီးကျည်ပစ်ဖောက်ကြည့်လိုက်မှ အမှောင်ထုကြီးကို အလင်းရောင်က ဖြိုခွင်းပြီးရန်သူ့စခန်းများ၊ ရန်သူ၏ လှုပ်ရှားမှုများကို သိနိုင်သည်ဟု ကြားဖူးပါသည်။ ရန်သူက အမှောင်ထဲကကိုး။
မီးကျည်ပစ်ဖောက် ရှာဖွေခြင်း (Searching fire)
နိုင်ငံတော်အစိုးရနှင့် နိုင်ငံ၏ပုံရိပ်ကို ထင်ဟပ်မြင်သာမှုရှိသော ရန်ကုန်တိုင်းဒေသကြီးအစိုးရသည် ယင်းသို့လျှင် ဘုံရန်သူကိုရှာဖွေရာတွင် ကျွမ်းကျင်လှသည်ဟု တွေးမိပါသည်။ ထင်ရှားသည့်ဥပမာ။ 'မဘသ'မလိုဟုပြောခြင်း၊ 'မထသ'ဖျက်သိမ်းခြင်း YBS ထူထောင်ခြင်း၊ ယခင်နှစ်က စီးပွားဖြစ်သင်္ကြန် မဏ္ဍပ်များကိစ္စ၊ ယခုသင်္ကြန်ရုံးပိတ်ရက်ကိစ္စပြင်ဆင်မှု၊ ကိုဖီအာနန်ကို ကော်မရှင်တွင် ရွေးချယ်ခဲ့မှုစသည်ဖြင့်။
ဤနေရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အကြောင်းရေးရန် ရှိလာပါသည်။ ဆွေမျိုးစပ်လျှင် ကျွန်တော်၏ မြန်မာအစ်မကြီးတဦးဖြစ်ပါသည်။ သူနှင့် ကျွန်တော် မတွေ့ဆုံဘူးရုံမက တွေ့ရန်လည်း ခုထိ အကြောင်းကိစ္စမရှိချေ။ ကျွန်တော့်အိမ်ဧည့်ခန်းတွင် သူ့ဖခင် သခင်အောင်ဆန်း၏ဓာတ်ပုံကို (စစ်ဝတ်စုံနှင့် မဟုတ်) အမျိုးသားခေါင်းဆောင်ကြီး မြန်မာ့လွတ်လပ်ရေးဖခင်ကြီးအဖြစ် ချိတ်ဆွဲထားပါ၏။ နောက်ဓာတ်ပုံ တခုမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း(ဆရာလွန်း) ဓာတ်ပုံဖြစ်ပါသည်။ ငြိမ်းချမ်းရေးစာဆို ကဗျာဆရာ ကြီးဖြစ်ပါသည်။ ထို့ထက်ပို၍ မည်သည့်ဓာတ်ပုံမှ ထွေထွေထူးထူးချိတ်ဆွဲရန် အကြောင်းမရှိပါ။ ကျွန်တော့် မိဘဘိုးဘွားပုံက လွဲရင်ပေါ့။ (ထားပါတော့ . . .)
ကျွန်တော့်အစ်မကြီးအကြောင်းစကားဆက်ရလျှင် သူက အနာဂတ်ကို အလှမ်းများစွာတွေးခေါ် ကျော်မြင်တတ်သူဖြစ်၍ ကျွန်တော်တို့တွေ မမြင်မတွေး နိုင်သည်များက (သူ့လုပ်ဆောင်ချက်၊ သူ့မိန့်ခွန်း၊ သူ့ စကား၊ သူ့နှလုံးသား) သက်သေပြလျက်ရှိပါသည်။ ယင်းသို့ဆို၍ သူ့ကို ချီးပ,နေခြင်း မဟုတ်ကြောင်း ရှေ့တွင် ကျွန်တော် ပြောခဲ့ပြီးဖြစ်ပါသည်။ သူ့ကို ယုံကြည်မှုလွန်ကဲနေသူ (သလနမ ခသည်ငိနညခန) ဟု မရှုဆိတ်လေသံများဖြင့် ကောက်ချက်ဆွဲသူများရှိနေပါသည်။ သူ့ယုံကြည်ချက်ကိုသူ ယုံကြည်စိတ်ချလွန်း သူအဖြစ်သာ ကျွန်တော် မြင်ပါသည်။ သူ့အတွေးအခေါ်တွေက လတ်ဆတ်နေသဖြင့် ဟောင်းနွမ်းဖန် တရာတေနေသော အတွေးအခေါ်ရှိသူများကြားတွင် 'အသစ်'ကို ဖန်တီးရသူမှာ ခက်ခဲပါလိမ့်မည်။ သို့ရာတွင် သူ့အတွက် ကျော်လွှားနိုင်မည့်အရည်အချင်းနှင့် သူ၏မိတ်ကောင်းဆွေကောင်းများ၏ ၀န်းရံနေမှုများက သူ့ကို ပို၍ရဲရင့်စေပါသည်။ ကျွမ်းကျင်မှု (Skill) ရှိမှ ကိုယ့်ကိုယ်ကိုယ်ယုံကြည်၍ ယုံကြည်မှု (Confidence) ရှိမှ အရာရာကို ရဲရင့်ဆိုသကဲ့သို့ သူ၏ရဲရင့်နေမှုကို တွေ့ရပေသည်။ သူ့မျက်နှာနှင့် သူ့မျက်လုံးတို့၏ ကြည်လင်စူးရဲနေမှုများ။
သို့အတွက်ကြောင့် သူနှင့် သူ့ပါတီကို စောင့်ကြည့်တိုက်ခိုက်နေကြသူများကြားတွင် ဇာပ၀ါပါးကဲ့သို့မဟုတ်ဘဲ အုတ်တံတိုင်းကဲ့သို့ ကွာခြားနေခြင်းမျိုးလည်း ဖြစ်နိုင်ပါသည်။ ထို့ကြောင့်ပင် အဓိကရန်သူ၏ ဌာနချုပ်စခန်းကြီးကို ကြက်လေးငှက်လေးလို ဖမ်းယူသိမ်းပိုက်လိုက်နိုင်ခြင်းဖြစ်၍ ရန်သူအကြွင်းအကျန်စခန်း၊ တောင်ကုန်းငယ်လေးများကို ကောက်သင်း ကောက် လိုက်သိမ်းနေပုံရပါသည်။ သူသည် သူ၏ စွမ်းအင်ထက်မြက်ဝင်းပသော မီးကျည်များထွန်းညှိ၍ ရှာဖွေမှု Searching Fire လုပ်ရသည်များလည်း ရေ ရှည်တွင် ရှိနေရဦးမည်ထင်ပါသည်။ သို့သော် တခါတရံတွင် ဖယောင်းတိုင်မီးလျှံ မီးတောက်သည် ပတ် ၀န်းကျင်တွင် တောက်ပလင်းလက်နိုင်စွမ်းသော်လည်း၊ ဖယောင်းတိုင်၏ အောက်ခြေတွင် ကွက်၍ မှောင်နေ တတ်သည်ကိုမူ သတိပြုမိဖို့ လိုပါလိမ့်မည်။ ၎င်းသည်လည်း အမှောင်ပင်ဖြစ်ပါ၏။
နေပြည်တော် ဆင်ပိန်ကျွဲများ
အတိတ်ကို လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ဆီကိုပဲ ပြန်တူးဆွကြည့်လျှင်၊ ၂၀၀၆ ခုနှစ် နှစ်စ နှစ်ဦးပြီး၊ မကြာခင်မှာပဲ ၀ုန်းဆို ''နေပြည်တော်'' လျှို့ဝှက်စီမံကိန်းကြီး ဘွားခနဲပေါ်ထွက်လာခဲ့ပါသည်။ ကျွန်တော်က ၀န်ထမ်းဘ၀ဖြင့် ထိုနှစ် စက်တင်ဘာလဆန်းတွင် ဘ၀၀ဋ်ကြွေးတခုကြောင့် ဆိုက်ဆိုက်မြိုက်မြိုက်ရောက် ခဲ့ရသည်။ ထိုအချိန်က မင်းနေပြည်တော်ကြီးထူထောင်နိုင်သဖြင့် ရွှင်လန်းဝမ်းမြောက်လျက်ရှိကြကုန်သော အာဏာရှင်လူတစုသည် ဟိုနားတစု သည်နားတစုနှင့် ပျားပန်းခပ်မျှ လှုပ်ရှားသွားလာရှိကြကုန်၏။ အရာရာ ပြည့်စုံကြွယ်ဝသော ဘ၀များကို လက်ဝယ်ပိုင်ပိုင်ခိုင်ခိုင်ကြွားကြွားရပ်တည်နိုင်ကြသော မဆလအထည် ကြီးပျက် န၀တ၊ နအဖ ဆင်ပိန်ကျွဲများသည် နေပြည် တော်ရွှံ့အိုင်ထက်တွင် ပျော်မြူးနေခဲ့ကြလေတော့၏။ ကျွဲအိုများ ကျွဲပျိုများ ကျွဲပေါက်ကလေးများ။ ရွှံ့အိုင်မှာလူး၊ ရွှင်ပျော်မြူးသည်၊ ကျွဲရူးမဆိုသာသော ဘ၀များပါ ပေ။
အမေရိကန်ကို ကြောက်လို့
နေပြည်တော်ရှိ အခြားဝန်ကြီးဌာနများ မည်သို့ရှိမည်မသိ။ ပြည်ထဲရေးဝန်ကြီးဌာနသည် မဆလ၊ န၀တ၊ နအဖခေတ် အစဉ်အလာမပျက် လူမိုက်တဦး ကို ၀န်ကြီးခန့်အပ်ထား၏။ ခပ်ကြမ်းကြမ်း၊ ခပ်ရမ်းရမ်း နာမည်ကျော်တဦးကို ရွေးလည်းရွေးတတ်ပေသည်။ ဤမည်သော ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ ဌာနများ အားလုံးရှိ ညွှန်ချုပ်မှ စာရေးအထိကို တွေ့ဆုံပြီး လစဉ်ဆန္ဒဖော်ထုတ်ပွဲ လစဉ်ပြုလုပ်လေ့ရှိပါသည်။ ၀န်ထမ်းများ၏ ဒါဘာ(ခေါ်)ဆန္ဒဖော်ထုတ်ဖို့ ဖြစ်သော်လည်း ၀န်ကြီးလုပ်သူက သူ့ဆန္ဒ သူ့ဒေါသတွေကိုသာ ဖော်ထုတ်ပြောလေ့ရှိပါသည်။ ထိုအချိန်က နေပြည်တော် ၀ဋ်ငရဲဒုက္ခကို လှလှကြီး ခံစားနေကြရသော ပြည်ထဲရေးဝန်ထမ်းငယ်အများစုသည် စိတ်လည်းမချမ်းသာကြရုံတင်မဟုတ်ဘဲ လတိုင်းလစဉ် 'နား'ပါမချမ်းမသာဖြစ်ခဲ့ရလေသည်။ (ဘေးပေါက်ဘေးပန်းရှိသော ၀န်ကြီးဌာနများမှာ မထောင်းသာလှပါ သော်လည်း လာဘ်လာဘတိတ်သွားသော မူလကပင် လာဘ်လာဘလုံးဝမရှိသောဌာန ၀န်ထမ်းများသည် ကား ငုတ်တုတ်မေ့လျက်ရှိနေချိန် ဖြစ်ပေသည်) ဆန္ဒဖော်ထုတ်ပွဲတွင် သူ့ဆန္ဒတွေကိုသာ မရှက်မကြောက် ဤသို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါသည်။
အစိုးရ၀န်ကြီးဌာနများအားလုံး နေပြည်တော်သို့ပြောင်းရွှေ့လာခဲ့ရသည်ကို ပြည်ထဲရေးဝန်ကြီးဆို သူက ''အမေရိကန်ကိုကြောက်လို့ ပြောင်းလာတာ'' ဟု သူ့အထက်ဆရာတဦးက ထိုသို့ပြောကြောင်းဖြင့် ကိုးကားပြောခဲ့ဖူးပါသည်။ ရေလမ်းမှ အမေရိကန် စစ် သင်္ဘောတွေဝင်လာနေပြီဆိုသော ကောလာဟလတွေ ကလည်း ရှစ်လေးလုံးအရေးတော်ပုံကြီးကတည်းက ထိုအချိန်ထိကြားနေရဆဲ။ ထိုသို့ပြောစဉ်ကာလက ၀န်ထမ်းအများစု နေပြည်တော်တွင် ၀ဋ်ခံနေရဆဲ ဖြစ် ပါသည်။ (ခုထိတော့ဖြင့် မသိပါ) ၂၀၀၆ မှ ၂၀၁၂ အထိ ပြည်ထဲရေးလက်အောက်ဌာနများရှိ ၀န်ထမ်း အများစုသည် အမေရိကန်ကို ကြောက် မကြောက် တော့မသိ။ ရဲချုပ် ညွှန်ချုပ်များကစလို့ သူ့ကိုပင် ကြောက်နေ (ကြောက်ချင်ယောင်ဆောင်နေ) ကြပါသည်။ မာယာများတဲ့ နေပြည်တော်ကြီးပေတကား။ ခုတော့လည်း သမုဒ္ဒရာထက် ခဏတက်သည့် ရေပွက်များသည် အမျက်ပြေကျမပွက်နိုင်ကြတော့ပြီတည်း။
သင်္ကြန်ဆယ်ရက်ပိတ်ပြီ
လွန်ခဲ့သော ဆယ်နှစ်ဆီက သမိုင်း 'မစင်များ' သည် ယခု မျက်မှောက်ပြည်သူများကို စဉ်၍ ပေရေ ကုန်တော့သည်။ (ထို့ကြောင့်ပင် သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက သမိုင်းကျမ်းကဲ့သို့ အဆိုအမိန့်ကြီးကို မိန့်ကြားခဲ့ပုံရပါသည်။ မအအောင်လို့။ မအကြအောင်လို့ ဖြစ်ပါသည်)
လွန်ခဲ့သောဆယ်နှစ်ကာလက လူအားလုံးသည် ယနေ့အသက်ဆယ်နှစ်သာကြီးသွားခဲ့ကြသော်လည်း လွန်ခဲ့သောအတိတ်ဆယ်နှစ်ဆီက ကိုယ်ဘယ်အရွယ် ဘယ်နယ်ဘယ်ဘ၀မှာ ရှိခဲ့ကြလေမည် မသိ။ လတ် တလောပွက်လောရိုက်ကာ ဆူညံခဲ့သည့်မျိုးစုံသော သင်္ကြန်ရုံးပိတ်ရက်ကိစ္စ သင်္ကြန်အမြောက်များသည် တဒုန်းဒုန်း တဒိုင်းဒိုင်းနှင့် ပစ်ဖောက်သံများ ပြီးဆုံးသွားခဲ့လေပြီ။ တနေ့လုပ်မှ တနေ့စားရသော ဘ၀များ၊ ဘ၀ကို ၂၄ နာရီလုံး ခါးသီးလောင်မြိုက်လျက် ၀မ်းရေးအတွက် ရုန်းကန်နေရသော ပျံကျသမားများ မြန်မာ ပြည် လူဦးရေ၏ ရာခိုင်နှုန်းများစွာစော အလုပ်သမား၊ လယ်သမားယာသမားများ၏ ရင်တွင်းအသံများကိုတော့ မည်သူမျှ အင်တာမဗျူးကြ။ သူတို့ဘ၀နှင့် သူတို့ရှိနေကြလေသည်။ ကဲ . . . သင်္ကြန်ပိတ်ရက်ရဲ့ အကြောင်းအရင်း ဆက်ပါရစေဦး။
အထူးသဖြင့် နေပြည်တော်မှာရှိတဲ့ ၀န်ထမ်းတွေဟာ မိသားစုတွေ တကွဲတပြားနဲ့ စားအိုးတွေကွဲပြီး ရန်ကုန်က ပြောင်းလာကြခြင်းဖြစ်ပါသည်။ ဒုက္ခတွေနှင့် သောကတွေ ဝေနေကြရသော ၀န်ထမ်းများကို မည်သို့မှမထောက်ပံ့ မကျွေးမွေးနိုင်သည့်အဆုံး နေပြည်တော်သစ်ကြီး တနှစ်သားပြည့်စသင်္ကြန်ကို ဆယ်ရက်ရုံးပိတ်ရက်ပေးပြီး ၀န်ထမ်းတွေ၏ စိတ်ပိုင်းဆိုင်ရာကို ဖြေလျော့ပေးလိုက်ခြင်းသာ ဖြစ်ပေသည်။ 'မွေး/ရေ'လို ချမ်းသာတဲ့ ၀န်ကြီးဌာနကတော့ သင်္ကြန်အသုံးစားရိတ် မုန့်ဖိုးတွေပင် ဖောဖောသီသီပေးလိုက် ချေသေး၏။ မည်သို့ပင်ဖြစ်စေ နေပြည်တော်မှ ဆယ်ရက်တာ ယာယီလွတ်မြောက်ခွင့်ရလိုက်သည့်အတွက် ၀န်ထမ်းတွေ ၀မ်းသာသွားကြလေတော့သည်။ ၀န်ထမ်းအမျိုးသား လူငယ်လေးတွေ၊ မိသားစုနှင့်ပါသော လူငယ်လေးတွေသည် စနေ၊ တနင်္ဂနွေရုံးပိတ်ရက်တွင် လက်သမားလုပ်၊ ပန်းရန်လုပ်၊ ဆိုင်ကယ် ကယ်ရီဆွဲကြနှင့် နေပြည်တော်ဘ၀ကို ကျားကန်နေခဲ့ ကြရပါသည်။ သို့နှင့် . . . ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင်ဘ၀များတွင် ထိုသို့ သင်္ကြန်ရုံးဆယ်ရက်ပိတ်သော အခွင့်အလမ်းကို ၀န်ထမ်းများ အပါ အ၀င် မိသားစုများ၏ ရင်တွင်နှစ်ခြိုက်သဘောကျကာ အမြစ်တွယ်လာခဲ့ပါသည်။ ကျွန်တော်တို့ လူမျိုးသည် 'လူ၏ အကြိုက် ဆယ်ခါလိုက်လည်း မလိုက်တခါ၊ ရှိခဲ့ပါမူ၊ ကြီးစွာရန်သူစွဲမှတ်ယူ၏'ဆိုသော လူမျိုးဖြစ်သည်မို့ ၂၀၁၇ ခုနှစ် ပြက္ခဒိန်ပါ သတ်မှတ်ထားပြီးဖြစ်သည့် သင်္ကြန်ဆယ်ရက်ပိတ်မှုကို မည်သို့မျှပြင်ဆင်ပြောင်းလဲသည်ကို မနှစ်သက်နိုင်ကြပါချေ၊ မှန်ပါ သည်။ ခုတော့လည်း သင်္ကြန်ကိစ္စငြိမ်သွားပြန်တော့ သူနာပြုဝန်ထမ်းတွေ၏ တောင်းဆိုဆန္ဒပြမှု၊ သံလွင်တံတားနာမည်ပေးမှု ကန့်ကွက်ဆန္ဒပြမှုများ ပေါ်လာခဲ့ရပြန်သည်။
သတင်းဌာနများ
စိုးရိမ်ပူပန်ရမှု မဆိုးရွားနိုင်ငြား ယင်းသို့သော ကန့်ကွက်ဆန္ဒပြမှုများနှင့် ယဉ်ပါးသွားမည်ကိုတော့ အထူးသတိထားရပေလိမ့်မည်။ သတင်းရနိုင်သော ဌာနပေါင်းစုံမှ သတင်းမရခဲ့၍ ကြိုတင်ဖြေရှင်း၊ ကြိုတင်စီမံမှုမဆောင်ရွက်နိုင်ခဲ့ကြခြင်းလော။ သတင်းဌာနကြီးတွေလို့ အထင်ကရရှိနေဆဲ 'CID, SB, BSI, စရဖ'တွေကတော့ သတင်းမရစရာ အကြောင်းမရှိ။ ဒေသအာဏာပိုင်နှင့် အစိုးရအာဏာပိုင်တို့၏ ကိုင်တွယ် ဆောင်ရွက်နိုင်မှု လက်ဦးမှုမရ နှေးကွေး Delay ဖြစ်ခြင်းကြောင့်များလော။ စဉ်းစားစရာတွေ များလှပါဘိ။
ယနေ့ ကျွန်တော်တို့နိုင်ငံ၏ နိုင်ငံရေးအခင်း အကျင်းသည် အမယ်ဘုတ်ရဲ့ သူ့ချည်ခင်ဖြစ်နေ သလော။ ရွှေချည်ငွေချည်တန်းမယ့် ရက်ကန်းရွှေစင် သည် မည်သည့်ကာလတိုင်သည်အထိ သံသာချိုလွင် သော မလေးလက်ခတ်သံကို စောင့်စားရပါတော့မည် နည်း။ နိုင်ငံတော်အတွင်းဖြစ်ပျက်နေသော သခွပ်ပင် က မီးတကျည်ကျည်အဖြစ်မျိုး၊ လက်ပံပင် ဆက်ရက် (ဇရက်)ကျတဲ့ အဖြစ်မျိုး၊ 'ဦး'နင်း 'ပဲ့'ထောင် 'ပဲ့'နင်း 'ဦး'ထောင် အဖြစ်မျိုးတွေကို အစိုးရနှင့် လူထုတရပ်လုံး သတိကြီးစွာထား၍ နှလုံးသွင်း ဆင်ခြင်ကြဖို့ကလွဲ၍ အခြားအကြောင်းမရှိဟု ထင်မြင်ယူဆပါသတည်း။ အရာရာကျော်လွှားအောင်မြင်အောင်ပွဲဆင်နိုင်ကြပါစေ။ နိုင်ငံတော်ကြီး အေးချမ်းပါစေ . . .။
(တောင်တွင်းမောင်သင်းကျော်)
News Watch
Subscribe to:
Post Comments (Atom)
No comments:
Post a Comment