Latest News

Monday, April 24, 2017

အမေရိကန်-မြောက်ကိုရီးယား လတ်တလော တင်းမာမှု မှတ်တမ်း

အမေရိကန်-မြောက်ကိုရီးယား လတ်တလော တင်းမာမှု မှတ်တမ်း

■ ၈ ဧပြီ - အမေရိကန် တပ်မတော်က သူတို့ရဲ့ တိုက်ခိုက်ရေးရေတပ်အုပ်စုတခုကို ကိုရီးယားကျွန်းဆွယ်ဆီ စေလွှတ်။

■ ၁၁ ဧပြီ - မြောက်ကိုရီးယားက ပြင်းထန် အင်အားကြီးတဲ့ လက်နက်တွေကို အသုံးပြုပြီး ကာကွယ်မယ်လို့ ကြေညာ။

■ ၁၅ ဧပြီ - မြောက်ကိုရီးယား မြို့တော် ပြုံယမ်းမှာ လက်ရှိခေါင်းဆောင်ရဲ့ အဘိုး ဖြစ်သူ တိုင်းပြည်တည်ထောင်ခဲ့သူ ကင်အီဆွန်း အသက် ၁၀၅ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် ကြီးကျယ်လှတဲ့ စစ်အင်အားကို ထုတ်ပြတဲ့ စစ်ရေးပြပွဲကျင်းပ။  အမေရိကန် ဒု သမ္မတ မိုက်ပန့်စ် ကိုရီးယားကျွန်းဆွယ် အရေး ဆွေးနွေးဖို့ တောင်ကိုရီးယားကို ရောက်ရှိ။

■ ၁၆ ဧပြီ - မြောက်ကိုရီးယားက တာဝေးပစ်ပဲ့ထိန်းဒုံးကျည်စမ်းသပ်၊ ဒါပေမယ့် မအောင်မြင်ဘဲ ပျက်ကျ။

■ ၁၇ ဧပြီ - မြောက်ကိုရီးယားဟာ ဒုံးကျည်စမ်းသပ်မှုတွေကို အပတ်စဉ်လုပ်မယ်လို့ အကြီးတန်း အရာရှိ ဒုနိုင်ငံခြားရေးဝန်ကြီး ဟန်ဆွန်းရိုင်ယဲလ် က ဘီဘီစီကို ပြော။  အမေရိကန် ဒု သမ္မတ မိုက်ပန့်စ် က မြောက်ကိုရီးယား အနေနဲ့ သမ္မတ ဒေါ်နယ်ထရမ့်ကို သွေးတိုးမစမ်းဖို့ သတိပေး။

■ ၁၈ ဧပြီ - အမေရိကန် လေယာဉ်တင်သင်္ဘောကြီးပါ စစ်ရေယာဉ်အုပ်စုဟာ အမေရိကန် တာဝန်ရှိသူတွေ ပြောဆိုထားသလို ကိုရီးယားကျွန်းဆွယ်ဆီ ဦးတည်နေတာ မဟုတ်ဘူး ဆိုတဲ့ အချက် ထွက်ပေါ်လာ။

■ ၂၃ ဧပြီ - အမေရိကန်နိုင်ငံသား ပါမောက္ခဟောာင်း အသက် ၅၀ ကျော် အရွယ် တိုနီကင်မ် တယောက် မြောက်ကိုရီးယား တက္ကသိုလ်တခုမှာ တလကြာ စာသင်ကြားမှု အပြီး အပြန် ပြုံယမ်းလေဆိပ်မှာ ဖမ်းဆီးခံရ။

■ ၂၃ ဧပြီ - ကိုရီးယားကျွန်းဆွယ်ကို ဦးတည်လာနေတဲ့ အမေရိကန် လေယာဉ်တင် စစ်သင်္ဘောကို တိုက်ခိုက် နစ်မြုပ်ဖို့ရာ အဆင်သင့်ပဲလို့ အစိုးရပိုင် မီဒီယာကနေတဆင့် မြောက်ကိုရီးယား ထုတ်ဖော် သတိပေး။

အခုသီတင်းပတ်အတွင်းမှာ အမေရိကန် လေယာဉ်တင် စစ်သင်္ဘော ယူအက်စ်အက်စ် ကားလ်ဗင်ဆင်ဦးဆောင် စစ်ရေယာဉ်အုပ်စု ကိုရီးယားကျွန်းဆွယ်ဆီ ရောက်ရှိလာမယ်လို့ ယူဆရပါတယ်။

ဒီလို တင်းမာမှုတွေ ဖြစ်ပေါ်နေပေမယ့် နှစ်ဖက် မီးကုန်ယမ်းကုန် စစ်ပွဲကြီး တခု ဆင်နွှဲကြဖို့ အလားအလာကတော့ နည်းတယ်လို့  ကိုရီးယား အရေး ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

အမေရိကန်အနေနဲ့ ပိုမို ပြင်းထန်တဲ့ စီးပွားရေးအရ ပိတ်ဆို့အရေးယူမှု၊ သံတမန်နည်း ချဉ်းကပ်မှုတွေနဲ့ မြောက်ကိုရီးယား ပြဿနာကို ဖြေရှင်းနိုင်မလား၊ ဒေသတွင်းက ကမ္ဘာ့ အင်အားကြီး နိုင်ငံတခု ဖြစ်တဲ့ အပြင် မြောက်ကိုရီးယားရဲ့ တနိုင်ငံတည်းသော မဟာမိတ်လည်း ဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ကြားဝင် ညှိနှိုင်းပေးမှုတွေ ထိထိရောက်ရောက် ရလာနိုင်မလား စောင့်ကြည့်ရမယ့် အနေအထား ဖြစ်ပါတယ်။

BBC

No comments:

Post a Comment