Latest News

Thursday, April 20, 2017

မကွေးတိုင်းဒေသကြီး မြိုင်မြို့ပေါ်တွင် ယခုနှစ်မှ စတင်၍ နှစ်ရက်ခြားတစ်ခါ ရေပေးဝေမည်

မကွေးတိုင်းဒေသကြီး မြိုင်မြို့ပေါ်တွင် ယခုနှစ်မှ စတင်၍ နှစ်ရက်ခြားတစ်ခါ ရေပေးဝေမည်

ရန်ကုန်၊ ဧပြီ (၂၀) ရက်။

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့ပေါ်ရှိ ရပ်ကွက်များတွင် ရေလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ရေဂါလံ နှစ်သိန်းလေးသောင်းကို ဧပြီ ၂၀ ရက်မှ စတင်၍ ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း သိရှိရသည်။

မြို့ပေါ်ရပ်ကွက်များတွင် နေထိုင်သည့် အိမ်ခြေ(၇၀၀၀)အတွက် လိုအပ်မည့် ရေပမာဏအတိုင်းတွက်ချက်ကာ ရေဂါလံ နှစ်သိန်းလေးသောင်းကို ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး ယခင်နှစ်များက ရေဂါလံနှစ်သိန်းတစ်သောင်းသာ ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။

“အရင်က မြိုင်မြို့ပေါ်ရပ်ကွက်တွေကို လေးရက်ခြားမှတစ်ခါ ရေပေးနိုင်တာ။ အခု နှစ်ရက်တစ်ခါ ရေပေးနိုင် တော့မယ်။ ရေပေးဝေမယ့်ပမာဏက ရေဂါလံ နှစ်သိန်းလေးသောင်းအထိ တိုးချဲ့ဖြန့်ဝေပေးတော့မှာပါ။”ဟု မြိုင်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင်က ပြောသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပိုလျှံရန်ပုံငွေအနက်မှ ကျပ်သိန်း(၁၅၀၀)ဖြင့် အဆိုပါ ရေဖြန့်ဝေပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ လွှတ်တော်ရန်ပုံငွေသိန်းတစ်ထောင်နဲ့ ရေတွင်းလေးတွင်း အသစ်တူးဖော်ထားတာရှိတယ်။ အခု တိုင်းအစိုးရချပေးတဲ့ သိန်းတစ်ထောင့်ငါးရာနဲ့ ရေစုကန်တွေ၊ ရေပိုက်လိုင်းတွေထပ်ဖြည့်ပြီး ရေဖြန့်ဖြူးပေးနိုင်ဖို့ ကြိုးပမ်းခဲ့တာပါ။”ဟု လွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင်ကဆက်ပြောသည်။

မြိုင်မြို့ပေါ်ရှိရပ်ကွက်များတွင် ယခင်က စည်ပင်ရေမရရှိခြင်းကြောင့် ရေအခက်အခဲများဖြစ်ပေါ်ကာ ပုဂ္ဂလိက ရေရောင်းချသူများထံမှ ဈေးကြီးပေးဝယ်ယူနေရခြင်းများရှိကြောင်း သိရသည်။

“အခု ရေက နှစ်ရက်ခြားတစ်ခါပေးတော့မယ်ဆိုတော့ ရေဒုက္ခအေးသွားတာပေါ့။ မြိုင်မှာ ရေမရတဲ့ပြဿနာက ဆယ်စုနှစ်တစ်ခုမကတော့ဘူး။ လေးရက်ခြားတစ်ခါမှ စည်ပင်ရေရခဲ့တယ်။ တစ်ခါတစ်လေ တစ်ပါတ်ဆယ်ရက် လောက်ကြာတယ်။ အဲ့အခါကျ အပြင်က ရေဝယ်ရတာပေါ။ ရေဂါလံ(၄၀၀)ဆံ့တဲ့ဟာကို တစ်သောင်းပေးရ တယ်။ ဂါလံ(၄၀၀)ထည့်ဖို့ဆိုတာ အိမ်တိုင်းက မဝယ်နိုင်ကြဘူးလေ။”ဟု မြိုင်မြို့နယ်ဒေသခံ ဦးအောင်ကျော်ဌေးက ပြောသည်။

အဆိုပါ ရေစတင်ဖြန့်ဝေပေးမည့် အစီအစဉ်ကို ဧပြီ ၂၀ ရက်တွင် အခမ်းအနားပြုလုပ်၍ မကွေးတိုင်းအစိုးရအဖွဲ့ ဝင်များ၊ တိုင်းလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် စည်ပင်သာယာရေးအဖွဲ့များက တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အေမီအောင် (မြစ်မခ)

No comments:

Post a Comment