“လှအောင်နေပါ၊မိသားစုကိုလည်း လှအောင်ပျိုးထောင်ပေးပါ“
မိန်းမတစ်ဦးရဲ့လက်ထဲမှာ မိသားစုတစ်စု ရှိတယ်လို့ ပဲ အများက မြင်လေ့ရှိတယ်။
ကျွန်မကတော့ အဲဒါထက်ပိုတယ်လို့ ယူဆတဲ့သူပါ၊ အိမ်ရှင်မတစ်ဦးရဲ့ လက်ထဲမှာ မိသားစုတစ်စုတည်းသာ ရှိတယ်လို့ ယူဆလို့မရပါဘူး။ အနည်းဆုံး တိုင်းပြည်တစ်ခု ရှိတယ်၊ဒီထက်ပိုပြီး မျှော်လင့်မယ်ဆိုရင်တော့ လူ မျိုးဆက်သစ်တွေအတွက် ရှင်သန်လာမဲ့အနာဂတ်ကမ္ဘာတစ်ခု ရှိတယ်လို့သာ ဆိုချင်ပါတယ်။
ဘာကြောင့်လဲ ဆိုတော့ အမျိုးသမီးတွေရဲ့ဘ၀ဟာ ကိုယ်ကိုယ်တိုင်ကလည်း အများအကျိုးပြုသူအထိ တက်လှမ်းနိုင်သလို၊ အမျိုးအကျိုးပြုမဲ့သူတွေကို မွေးထုတ်ပေးနိုင်တဲ့ ဥယျာဉ်မှူးကောင်းလည်း ဖြစ်လာနိုင်တယ်လို့သာ ဆိုချင်ပါတယ်။
ဒါကြောင့် မိသားစုတစ်စုကနေ သမီးမိန်းကလေးတစ်ဦးကို မွေးထုတ်ပေးလိုက်တဲ့အခါ အဲဒီမိန်းကလေးဟာ ပထမအရွယ်မှာ ထက်မြက်ပြီးလိမ္မာတဲ့ကိုယ့်အားကိုယ်ကိုးပြီး ထူးချွန်တဲ့ မိန်းကလေးအနေနဲ့ ကြီးပြင်းလာကြပါတယ်။
အဲဒီမိန်းကလေးဟာ သူ့ကြီးပြင်းတဲ့ပတ်ဝန်းကျင်က သွန်သင်ပေးတဲ့အတိုင်းပဲ လိုက်ပါသင်ယူရင်း ကြီးပြင်းပါတယ်။ သူမထမဆုံး ကြည့်တာ သူမရဲ့မိခင်ကိုပါ။ မိခင်ကို ကြည့်လို့ဝချိန်မှာ မိခင်ကနေတစ်ဆင့်ဖခင်ကို ကြည့်ကြပါတယ်။
အမေ့ကို ကြည့်လိုက်တိုင်း အမေက အမြဲတမ်းလှနေတတ်တယ်။ပြီးတော့ အမေက တက္ကသိုလ်က ဆရာမ၊ မြန်မာဆန်ဆန်လေးနဲ့ ကျက်သရေ ရှိရှိလှနေတဲ့အမေကို အခြားသူတွေကလည်း အားကျတာ၊ တန်ဖိုးထား ဆက်ဆံကြတာ တွေ့ရပါတယ်။
ဒါကြောင့် မူကြိုကလေးဘ၀ကတည်းက ကိုယ့်ကိုယ်ကို လှနေအောင် နေတတ်တဲ့ကလေးလေးက ကျွန်မဖြစ်လာခဲ့တယ်။
ပြီးတော့ လှပတဲ့ အမေက သီလနဲ့ကိုယ့်ကျင့်တရားကို တန်ဖိုးထားခဲ့တယ်။အမေက ညအိပ်ရာမ၀င်မီမှာ ဓာရဏပရိတ်ရွတ်ပြီးပူဇော်တော့ကျွန်မက ၅ နှစ်သမီးဘ၀ကတည်းက ဘုရားရှစ်ခိုးပြီး သီလယူတယ်၊ ဓါရဏပရိတ်ပူဇော်တတ်ခဲ့ပါတယ်။ ကျွန်မအနေနဲ့လည်း သီလကျိုးဖောက်ဖို့ကို ငယ်ကတည်းက ရှက်တတ်ခဲ့တယ်။
ပြီးတော့အမေက စာအုပ်တွေနဲ့ရှင်သန်တယ်။ စာရေးပါတယ်။ ဒါကြောင့်ကျွန်မက စာဖတ်ဝါသနာပါတဲ့သူ ဖြစ်လာခဲ့တာ။အမေက သူ့တပည့်တွေကို သူ့သားသမီးတွေလို သဘောထားပြီး ဆက်ဆံတယ်။ ပညာဒါနပြုတယ်။
ဒီကနေ့ ကျွန်မရဲ့ပုံသဏ္ဍန်နဲ့အတွေးအခေါ် အယူအဆ အပြုအမူတွေအားလုံးကို ခြုံကြည့်ရင် အမေငယ်ငယ်တုန်းက ပုံသဏ္ဍန်ကို တွေ့ကြရပါတယ်။ အမေဆိုတာ သမီးရဲ့အားကျအတုယူခဲ့ရတဲ့သူပါ။
ပထမအရွယ်မှာ အမေ့ဆီကသူယူခဲ့ရတဲ့အတွက် ကျွန်မဟာ ပညာဥာဏ်ကို အားကိုးတဲ့သူ ဖြစ်လာခဲ့တယ်။ ခုချိန်ထိ ပညာသင်ဖို့အမြဲတမ်းအဆင်သင့်ဖြစ်နေခဲ့တယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်နဲ့အလုပ်လုပ်တယ်၊ အိမ်ထောင်ပြုတယ်။ ကိုယ်ပိုင် လုပ်ငန်းကို ထူထောင်တယ်၊ မိသားစုဘ၀ကို သာယာအေးချမ်းအောင်ပြုစုပါတယ်။
တကယ်လို့များ ကျွန်မရဲ့ အမေက လောင်းကစားကို ၀ါသနာပါပြီး ဖဲရိုက်တတ်တယ်ဆိုရင် ခုချိန်မှာ ကျွန်မက ဖဲဝိုင်းထောင်တဲ့သူ လောင်းကစားတွေနဲ့ ရှင်သန်တဲ့သူ ဖြစ်နေမှာပါ။
မိန်းကလေးဘ၀ရဲ့ ပထမ အရွယ်ဟာ မိခင်နဲ့ပတ်ဝန်းကျင်ရဲ့လွှမ်းမိုးမှု အများဆုံးပေါ့။ အခု ကျွန်မရဲ့ သမီးတွေကို နောင်တစ်ချိန် သူတို့ ဘယ်လောက်အမျိုးသမီးတွေ ဖြစ်စေချင်သလဲ ဆိုတာ အခု ကျွန်မ ဘယ်လို မိန်းမတစ်ယောက်ဖြစ်နေသလဲ ဆိုတဲ့ ပေါ်မှာ မူတည်ပါတယ်။
ကျွန်မရဲ့ဒုတိယ အရွယ်မှာ ကျွန်မက ပထမဆုံး ကိုယ့်ကိုယ်ကို စိတ်ရော လူပါ ကျန်းမာ ရွှင်လန်းအောင် နေထို်င်စားသောက်ပါတယ်။ ဒီလို နေထိုင်ခြင်းအားဖြင့်လုပ်ငန်းခွင်မှာရော မိသားစု ဘ၀ကိုပါ သက်ရောက်စေပါတယ်။
ကျန်းမာရေးနဲ့အလှအပအတွက်ပါ နေ့စဉ် ဂရုစိုက်ပြီး နေထိုင်ဖို့ လိုအပ်ပါတယ်။ စာဖတ်တယ်၊ တရားထိုင်တယ်၊တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပြီး နေထိုင်ပါတယ်။
အသားအရည်အတွက် ရေများများသောက်တယ်၊ နွားနို့သောက်ပါတယ်၊ ကျန်းမာဖို့အတွက် တစ်နေ့ကို မိနစ် ၃၀ စာ လေ့ကျင့်ခန်းလုပ်တယ်။ ပြီးတော့ အာဟာရမျှတရုံသာ စားသောက်ပါတယ်။
ပြီးတော့ နှလုံးသား အာဟာရအတွက် ၀ါသနာပါတဲ့ အလုပ်လေးတွေကိုလည်း ပုံမှန်လုပ်ရင်းနဲ့ ပရဟိတအလုပ်တွေ၊ အများအကျိုးပြုအလုပ်လေးတွေ လည်းလုပ်ပါတယ်။
ဒါ့အပြင် ကျွန်မက အချစ်ဆိုတာ အရွယ်သုံးပါးစလုံးအတွက် လိုအပ်နေတယ်လို့ လက်ခံထားတဲ့အတွက် အချစ်တွေနုပျိုအောင်လည်း အိမ်ထောင်ရေးမှာ ဂရုစိုက်ပါတယ်။ ခင်ပွန်းဖြစ်သူကိုလည်း ဘယ်တော့မှ မအိုမဟောင်းတော့မဲ့ ချစ်သူတစ်ဦးလိုအမြဲ နွေးထွေးစွာဆက်ဆံပါတယ်။
ဒါက သူနဲ့ကိုယ် နှစ်ဦးတည်းဘ၀ အဆင်ပြေအတွက်တင်မဟုတ်ပါဘူး။
မိသားစုသာယာခိုင်မြဲရေးအတွက်လည်းပါတယ်။ သားသမီးတွေရဲ့စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနဲ့သူတို့ရဲ့ အနာဂတ် အိမ်ထောင်ရေးတွေနဲ့ပါ ဆက်စပ်နေပါတယ်။
ကလေးဆိုတာ ဖခင်နဲ့မိခင်ရဲ့ ဆံဆက်ရေးကို အရိပ်တကြည့်ကြည့်နဲ့ကြည့်ပြီး ရှင်သန်ကြရတာကိုး၊ မိဘမေတ္တာဆိုတာကို သူတို့ကို ချစ်နေရုံဂရုစိုက်နေတာကိုပဲ ကြည့်ကြတာ မဟုတ်ပါဘူး။ သူတို့မိဘနှစ်ပါးက တစ်ယောက်အပေါ်တစ်ယောက် ချစ်ခင်နှစ်လိုမှုရှိရဲ့လား အခြားလူတွေကိုရော မေတ္တာပေးနိုင်ရဲ့လားဆိုတာကိုပါ ကြည့်ကြတာပါ။
ကျွန်မကိုယ်တိုင်လည်း သမီးတစ်ယောက်ဖြစ်ခဲ့ဖူးတော့ အဖေက အမေ့ကို ဂရုစိုက်တာ၊ ကြင်နာနွေးထွေးတယ်ဆိုရင် သိပ်ကို ကျေနပ်မိတယ်။ မိဘတွေက သားသမီးကိုပဲဂရုစိုက်ပြီး သူတို့အချင်းချင်း ရန်လိုနေတယ်ဆိုရင်လည်း မိသားစုဆိုတာ သာယာချမ်းမြေ့တယ်လို့ မဆိုနိုင်တော့ဘူးလေ။ ရန်ဖြစ်နေတဲ့အဖေနဲ့အမေ ဘယ်တော့များ ငါတို့ကိုပါ ထားပစ်ခဲ့မလဲလို့တွေးပြီး ရှင်သန်ရတဲ့ဘ၀မျိုး ကလေးတွေကို မဖြစ်စေချင်ပါဘူး။
ဒါကြောင့်ဒုတိယ အရွယ်မှာ လုပ်ငန်းဘ၀ အောင်မြင်ရေးနဲ့အတူ မိသားစုဘ၀ အောင်မြင်ရေးဆိုတာကို သူရော ကိုယ်ပါ တည်ဆောက်ကြရပါတယ်။တစ်ယောက်အပေါ် တစ်ယောက် သစ္စာရှိဖို့၊ နားလည်မှုပေးဖို့၊ လေးစားချစ်ခင်ဖို့ ဆိုတာ အရေးကြီးပါတယ်။
သားတွေသမီးတွေက အဲဒီလို လုပ်ဆောင်မှုတိုင်းကို သင်ယူနေကြတာကိုး။
ကလေးဆိုတာ မိဘနှစ်ပါး စောင့်ထိန်းတဲ့သီလတွေကို လိုက်ပါစောင့်ထိန်းကြတယ်။ သူတို့အိမ်ထောင်ဘက်ရွေးတဲ့အခါမှာလည်း အမေ၊ အဖေတို့နဲ့ အနီးစပ်ဆုံး တူညီတဲ့စိတ်သဘောထားရှိသူတွေကို နှစ်သက်တတ်ကြပါတယ်။ ချွင်းချက်ရှိတဲ့အချို့ကသာ ဆန့်ကျင်ဘက်တွေကို ရွေးချယ်မိကြတာပါ။
ဒါကြောင့် အိမ်တွင်းရေး သာယာဖို့ ကျွန်မရောသူပါ စောင့်ထိန်းကြတာတွေရှိတယ်။ အတ္တနဲ့မာနတွေကို အများကြီးလျော့ချခဲ့ပါတယ်။ ညှိုနှိုင်းပြီး နေထိုင်ရတာတွေရှိသလို၊ သူ့အတွက် စိတ်အနှောက်အယှက်ဖြစ်စေလို့ ကိုယ့််အနေနဲ့ဆင်ခြင်လိုက်ရတာတွေလည်း ရှိပါတယ်။ သူလည်း အဲဒီလိုပါပဲ။
ပြီးတော့သူ့ရဲ့လုပ်ရပ်တွေအပေါ် အပျက်သဘောဆန်တဲ့ အတွေးမျိုးတွေလည်း မတွေးမိဖို့ လိုပါတယ်။ ကိုယ့်အနေနဲ့ သူ့ရဲ့လုပ်ရပ်တစ်ခုခုကြောင့် တွေးမိတယ်ဆိုရင် အဲဒီအတွေးကိုခေါင်းထဲကနေမောင်းထုတ်ပြီးတော့ သူ့အပေါ်ကို အပြုသဘောဆန်တဲ့အတွေးကိုပဲ တွေးပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ယုံသလို၊ သူ့ကိုလည်း ယုံကြည်မှု အပြည့်ရှိပါတယ်။
တတိယအရွယ်ကိုယ့်အနေနဲ့ ကျွန်မတို့အနေနဲ့ စိတ်အေးသက်သာစွာနေထိုင်နိုင်ဖို့နဲ့ ကိုယ့်အကျိုးထက် အများအကျိုးကိုဆောင်ရွက်နိုင်ဖို့ ဆိုရင် ကျွန်မတို့ဟာ ဥယျာဉ်မှူးကောင်းတွေ ဖြစ်မှသာလျှင် အဲဒီလို စိတ်အေးချမ်းသာစွာနဲ့ နေနိုင်ကြမှာပါ။
ဒါကြောင့်သားသမီးတွေကို ငယ်စဉ်ကတည်းက အကျင့်စာရိတ္တကောင်းမွန်ဖို့၊ စာဖတ်ဖို့၊ပညာကို တန်ဖိုးထားဖို့၊ လူတွေကို ချစ်ခင်ကြင်နာတတ်ဖို့၊ အများအကျိုးဆောင်ပြီး မျှဝေတတ်ဖို့တွေကို သွန်သင်ပေးရသလို၊ကိုယ်တိုင်ကလည်း အဲဒီလို ဦးဆောင်လမ်းပြနေထိုင်ရပါတယ်။
တကယ်တော့ သူတို့ မြင်တာတွေ့တာ မိဘနဲ့ပတ်ဝန်းကျင်ကနေ သင်ယူခဲ့ရတာတွေအတိုင်း သူတို့ကြီးပြင်းလာကြမှာပါ။ကျွန်မဟာ တကယ်ပဲဥယျာဉ်မှူးကောင်းဖြစ်ရလားဆိုတာကိုလည်း သူတို့ရဲ့ ဘ၀တွေကနေ အဖြေပေးသွားကြမှာပါ။
မတူတဲ့အမြင်များရှိရင်လည်း ဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်။ကျေးဇူးတင်ပါတယ်။
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေရှင်။
မေသင်္ကြန်ဟိန်(မြစ်မခ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment