Latest News

Tuesday, April 11, 2017

မန္တလေး - ကသာပြေးဆွဲသည့် ကားတစ်စီး ဓားပြတိုက်ခံရ


သပိတ်ကျင်း၊ ဧပြီ ၁၁

ခရီးသည်များ တင်ဆောင်လာသော မန်းရွှေစင် ယာဉ်လိုင်းမှ မော်တော်ယာဉ်တစ်စီး မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာ ဝါးစခန်းအနီးနှင့် စဥ့်ကူးမြို့နယ် ကျည်တောက်ပေါက်ကြားတွင် ဓားပြတိုက်ခံခဲ့ရကြောင်း မန္တလေးမြို့ မန်းရွှေစင်ဂိတ် တာဝန်ခံ ဦးဖိုးသားက ပြောကြားသည်။

မန္တလေးမှ ကသာမြို့သို့ ခရီးသည် ၃၉ ဦး တင်ဆောင်သွားသော ယာဉ်အမှတ် MDY 2H – 2081 မန်းရွှေစင်မော်တော်ယာဉ်မှာ ယင်းနေရာအနီး ကားပျက်နေချိန် ယင်းသို့ အနုကြမ်းစီးခံခဲ့ရခြင်းဖြစ်ကြောင်း ကိုယ်တိုင်တွေ့ကြုံခဲ့သူ ၎င်းက ပြောဆိုသည်။

ဧပြီလ ၁၀ ရက် ည ၁၁ နာရီခွဲခန့်က ခရီးသည်များ တင်ဆောင်ပြီး မောင်းနှင်လာရာ မော်တော်ယာဉ် စက်ချို့ယွင်းသဖြင့် ပြုပြင်နေစဉ် ဆိုင်ကယ်စီးလာသော အမည်မသိ လူနှစ်ဦး ဓါးများကိုင်ဆောင် ရောက်လာခဲ့သည်ဟု ယာဉ်မောင်းဖြစ်သူ ဦးအောင်ကျော်စိုးက ပြောကြားသည်။

“လာတာက CZI ဆိုင်ကယ်နဲ့ လူနှစ်ယောက်စလုံးကတော့ ကတုံးကေနဲ့ မျက်နှာကို အဝတ်တွေ စည်းထားပြီး လာတာဆိုတော့ သဲသဲကွဲကွဲတော့ သိပ်မမြင်လိုက်ရဘူး။ စပယ်ယာကို ပြောဆိုထိုးကြိတ်ပြီးမှ ခရီးသည်တွေဆီက ပိုက်ဆံတောင်း ဖုန်းယူ ဓားကိုင် ခြိမ်းခြောက် အနုကြမ်းစီးပြီး ပြန်သွားတာ”ဟု ဦးအောင်ကျော်စိုးက ပြောကြားသည်။

မန်းရွှေစင် ယာဉ်မောင်းနှင့် ယာဉ်လိုက်များထံ ဓားကိုင်၍ ငွေအတင်း တောင်းခံခဲ့သော်လည်း ပိုက်ဆံထည့်မထားသဖြင့် ယာဉ်ပေါ်ပါ ခရီးအချို့ထံမှ ဖုန်း ၁ လုံးနှင့် ငွေ ၁ သိန်းကျပ်ခန့်ကို တောင်းယူသွားခဲ့သည်ဟု မန်းရွှေစင် ယာဉ်နောက်လိုက် ကိုဆန်းမောင်ဦးက ပြောဆိုသည်။

“ကားက ပျက်နေလို့ ပြင်နေတဲ့အချိန် ကားဆရာ ဘယ်မှာလဲ ကားပိုင်ရှင် ဘယ်မှားလဲဆိုပြီး ဓားကိုင်ပြီး အတင်း ဝင်လာပြီး ပိုက်ဆံ ၃ သိန်း တောင်းတယ်။ ဒါနဲ့ ကျွန်တော်လဲ ကြောက်ကြောက်နဲ့ ကားပိုင်ရှင်လည်း မပါဘူး။ ကားဆရာ ပစ္စည်းသွားဝယ်တယ်ဆိုတော့ ဓားနဲ့ထိုးတာ ဓားထိပ်က တုံးနေလို့ ကံကောင်းလို့ မသေတာ”ဟု ၎င်းက ရှင်းပြသည်။

မန်းရွှေစင် ခရီးသည်တင် မှန်လုံယာဉ် မော်တော်ယာဉ်လိုင်းသည် နှစ်နှစ်ကျော် သုံးနှစ်ရှိပြီ ဖြစ်သော်လည်း ယင်းသို့ တစ်ခါမျှ မဖြစ်ဘူးကြောင်း ယင်းမြို့နယ် နှစ်မြို့ကြားသည် မူးယစ်ဆေးဝါးနှင့် လိင်ဖျော်ဖြေရေး လုပ်ငန်းများ အများအပြားရှိနေပြီး ငွေ ပြတ်လပ်သည့် လူငယ်လူရွယ်များမှ ပြုလုပ်နိုင်သည်ဟု မန္တလေးဂိတ်တာဝန်ခံ ဦးဖိုးသားက ခန့်မှန်းပြောဆိုသည်။

မန်းရွှေစင် မော်တော်ယာဉ်လိုင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ယင်းနေ့ ည ၁၂ နာရီ ၃၀ အချိန်ခန့်က ချောင်းကြီးနယ် မြေခံရဲကင်းမှ သွားရောက် လုံခြုံရေး ဆောင်ရွက်ပေးခဲ့ပြီး ပြစ်မှုကျူးလွန်သူများ မတွေ့ရှိရကြောင်း ငွေနှင့်ပစ္စည်း တောင်းယူခံရသူများမှလည်း အမှုတိုင်တန်းခြင်း မရှိကြောင်း သပိတ်ကျင်းမြို့မရဲစခန်း ရဲအုပ် ဇမ်ခန့်ထွောင်က ပြောကြားသည်။

R-05
http://thevoicemyanmar.com/news/7699-dpt

No comments:

Post a Comment