Latest News

Saturday, April 29, 2017

အာဖရိကတိုက်အတွင်း ထေရဝါဒဗုဒ္ဓ သာသနာတော်ပြန့်ပွားရေး သီတဂူဆရာတော်ကြီးကြိုးပမ်း

အာဖရိကတိုက်အတွင်း ထေရဝါဒဗုဒ္ဓ သာသနာတော်ပြန့်ပွားရေး သီတဂူဆရာတော်ကြီးကြိုးပမ်း


ရန်ကုန် ဧပြီ ၂၉

အာဖရိကတိုက် ယူဂန္ဓာနိုင်ငံသို့ သီတဂူ ဆရာတော်ကြီး ဒေါက်တာအရှင်ဉာဏိ ဿရ၊ တိပိဋက ဆရာတော် အရှင်ဂန္ဓ မာလာဘိဝံသနှင့် သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏ ကျောင်းအုပ်ဆရာတော် များ သွားရောက်ကာ ယူဂန္ဓာ ထေရဝါဒ ဗုဒ္ဓစင်တာရှိ သိမ်တော်အား သွားရောက် ဖွင့်လှစ်ပေးခဲ့ပြီး ယူဂန္ဓာနိုင်ငံ၌ ဘာသာ ရေးနှင့် လူမှုရေးအကျိုးပြုလုပ်ငန်းများ ကို ဆက်လက်ကြိုးပမ်း အကောင်အထည် ဖော်မည်ဖြစ်ကြောင်း သိရသည်။

အဘိဓဇမဟာရဋ္ဌဂုရု သီတဂူဆရာ တော်ကြီးနှင့်တကွ သံဃာတော်များ၊ သီတဂူ သာသနာပြုအဖွဲ့ အတွင်းရေးမှူး ဦးကျော်မိုးနိုင်တို့ ပါဝင်သည့် ၁၃ ဦးအဖွဲ့ သည် အာဖရိကတိုက် ယူဂန္ဓာနိုင်ငံသို့ ဧပြီ ၂ဝ ရက်မှ ၂၆ ရက်အထိ သာသနာပြု ခရီးစဉ်အဖြစ် သွားရောက်ခဲ့ခြင်းဖြစ် သည်။
အမေရိကန်နိုင်ငံတွင် နေထိုင်ခဲ့ သည့် အာဖရိကနွယ်ဖွားအမျိုးသားတစ်ဦး သည် ၂ဝဝ၁ခုနှစ်တွင် ကယ်လီဖိုးနီးယား ပြည်နယ်ရှိ ထေရဝါဒဗုဒ္ဓစင်တာတွင် ဗုဒ္ဓဘာသာဝင်တစ်ဦးအဖြစ် ပြောင်းလဲ လာခဲ့ပြီး မြန်မာနိုင်ငံ ထေရဝါဒဗုဒ္ဓ တက္ကသိုလ်၏ ပထမဆုံး ပါမောက္ခချုပ် ဆရာတော်ကြီးဖြစ်သည့် ဦးသီလာနန္ဒာ ဘိဝံသထံတွင် ဥပဇ္ဈာယ်ပြုကာ ရဟန်း ဘောင်သို့ ဝင်ရောက်ခဲ့သည်။ ရဟန်း တော်၏ ဘွဲ့အမည်မှာ အရှင်ဗုဒ္ဓရက္ခိတ ဖြစ်သည်။ ၄င်း၏မွေးရပ်ဇာတိ ယူဂန္ဓာ နိုင်ငံတွင် ပထမဆုံးထေရဝါဒဗုဒ္ဓ စင်တာ ကို တည်ထောင်ခဲ့သူလည်း ဖြစ်သည်။

သိမ်ဖွင့်ပွဲတွင် သီတဂူဆရာတော် ကြီးနှင့် သံဃာတော်အရှင်သူမြတ်များ တက်ရောက်ချီးမြှင့်ခဲ့ရာ အဆိုပါဖွင့်ပွဲသို့ ယူဂန္ဓာနိုင်ငံ အစိုးရအဖွဲ့ဝန်ကြီး ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ သီတဂူ ဆရာတော်က အီဂျစ်နိုင်ငံ သားတစ်ဦးနှင့် ယူဂန္ဓာနိုင်ငံသားတစ်ဦးတို့ကို ရဟန်း အဖြစ်သို့ ရောက်ရှိရန် ဥပဇ္ဈာယ်ပြုပေးခဲ့ သည့်အပြင် ယူဂန္ဓာနိုင်ငံသားကလေးငယ် တစ်ဦးကိုလည်း ရှင်သာမဏေ ဝတ်ပေးခဲ့ ကာ ယူဂန္ဓာနိုင်ငံ အတွင်းရှိ ထေရဝါဒ ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်ကြ သူများနှင့် လေ့လာသူများအား တရား ဟောကြားပေးခဲ့သည်။
ထို့နောက် ယူဂန္ဓာနိုင်ငံအတွင်း မြန်မာဆရာတော်ကြီးအား ဥပဇ္ဈာယ်ပြု ကာ ရဟန်းအဖြစ်သို့ ရောက်ရှိလာခဲ့ သည့် အရှင်ဗုဒ္ဓရက္ခိတအား ထေရဝါဒ ဗုဒ္ဓဘာသာ သာသနာပြုလုပ်ငန်းများနှင့် လူမှုကူညီရေးလုပ်ငန်းများ ဆောင်ရွက် ရန်အတွက် သီတဂူဆရာတော်က အမေရိကန်ဒေါ်လာ သုံးသောင်းခန့်ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဧပြီ ၂၅ရက်တွင် ယူဂန္ဓာနိုင်ငံ သမ္မတကြီး H.E.Mr. Yoweri Museveni Kaguta၏ ဖိတ်ကြား ချက်ကို အစိုးရအဖွဲ့မှ ဝန်ကြီးကိုယ်တိုင် လျှောက်ထားချက်အရ သီတဂူဆရာ တော်ကြီးနှင့် သံဃာတော်များသည် ယူဂန္ဓာနိုင်ငံ မြို့တော်ကန်ပါလာရှိ လွှတ်တော်အဆောက်အအုံတွင် ဒုတိယ သမ္မတနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

''ယူဂန္ဓာရဲ့ ဒုတိယသမ္မတကြီးက သီတဂူဆရာတော်ကြီးရဲ့ ထေရဝါဒ ဗုဒ္ဓဘာသာ ပြန့်ပွားရေးအတွက် အပြည် ပြည်ဆိုင်ရာ သာသနာရေးလုပ်ငန်းများနဲ့ လူမှုကူညီရေးလုပ်ငန်းများဖြစ်တဲ့ သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်တွေ တည်ထောင် ဖွင့်လှစ်မှုတွေ၊ ဝိပဿနာအကယ်ဒမီ ဖွင့်လှစ်နိုင်မှုတွေ၊ ဆေးရုံပေါင်း ၃၂ ရုံ ဖွင့်လှစ်ထားနိုင်တာ၊ ဆေးအလှူတွေ၊ စစ်ကိုင်းတောင်ရိုးတစ်လျှောက် ရေပေး လှူနေမှုတွေ၊ စာသင်ကျောင်းဆောက် လုပ် လှူဒါန်းမှုတွေ၊ သဘာဝဘေး အန္တရာယ်များအတွက် ကူညီကယ်ဆယ် နေမှုတွေ စတဲ့ ဆရာတော်ကြီးရဲ့ မြန်မာ နိုင်ငံအတွင်းမှာ လုပ်ဆောင်ချက်တွေကို သိရှိရပြီး ဂုဏ်ယူလေးစားတဲ့အကြောင်း၊ ယူဂန္ဓာနိုင်ငံဟာလည်း ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံဖြစ်တာကြောင့် ဆရာတော်ရဲ့ မေတ္တာကို ခံယူလိုပါကြောင်း လျှောက် ထား တင်ပြခဲ့ပါတယ်။ ဒါ့အပြင် ယူဂန္ဓာ နိုင်ငံမှာ စာသင်ကျောင်းတွေနဲ့ ဆေးရုံ တွေ ဆောက်လုပ်လှူဒါန်းပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။ သီတဂူဆရာတော် ကလည်း ဒုတိယသမ္မတကြီးကို အဲဒီလို လူမှုရေး အကျိုးပြုလုပ်ငန်းတွေ မဆောင် ရွက်ခင် ပထမဆုံးအနေနဲ့ ဥပမာပြောရရင် ရုပ်ခန္ဓာပိုင်းဆိုင်ရာ ကုစားမှုမပြုခင် စိတ်ဓာတ်ခွန်အားပိုင်းဆိုင်ရာ ပြည်သူ တွေအားလုံး စိတ်နှလုံးအေးချမ်းစေဖို့ အတွက် ရည်ရွယ်ပြီး ဗုဒ္ဓစင်တာတစ်ခုကို တည်ဆောက်ဖို့ လိုအပ်တယ်လို့ ပြန်လည် မိန့်ကြားပါတယ်။ ဒါ့အပြင် သီတဂူ အပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့ တွေကနေ မျက်စိအထူးကုဆရာဝန်ကြီး တွေကို ယူဂန္ဓာနိုင်ငံကို ပို့လွှတ်ပြီး ပထမ ဆုံးအကြိမ်အဖြစ် မျက်စိကုသမှုတွေ စတင်ပေးမယ်လို့ သီတဂူဆရာတော်က မိန့်ကြားပါတယ်။ ယူဂန္ဓာနိုင်ငံရဲ့ ဒုတိယ သမ္မတကြီးကလည်း ဆရာတော်ကြီးရဲ့ ဗုဒ္ဓဘာသာပြန့်ပွားရေးနဲ့ လူမှုကူညီ စောင့်ရှောက်ရေးလုပ်ဆောင်ချက်များကို အကောင်းဆုံးကူညီပေးသွားမယ်လို့ လျှောက်ထားခဲ့ပါတယ်''ဟု ယူဂန္ဓာနိုင်ငံ သို့ သာသနာပြုခရီးလိုက်ပါ သွားခဲ့သူ သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာ ပြုအဖွဲ့မှ အတွင်းရေးမှူး ဦးကျော်မိုးနိုင် က ပြန်လည်ပြောပြသည်။

ထို့နောက် သီတဂူဆရာတော်နှင့် အဖွဲ့သည် ယူဂန္ဓာ သမ္မတကြီးနှင့် တွေ့ဆုံ ခဲ့ပြီး သမ္မတကြီးကလည်း ယူဂန္ဓာနိုင်ငံ အတွင်း သာသနာပြုလုပ်ငန်းများနှင့် လူမှုအကျိုးပြုလုပ်ငန်းများ ကူညီ လုပ်ဆောင်ပေးနိုင်ပါရန် တောင်းဆို လျှောက်ထားခြင်းကို လက်ခံတော်မူခဲ့ သည်။

ယူဂန္ဓာနိုင်ငံသည် အာဖရိကတိုက် ရှိ နိုင်ငံတစ်ခုဖြစ်ပြီး ဗြိတိသျှကိုလိုနီ လက်အောက်တွင် နှစ်ပေါင်း ၆ဝ ကျော် နေထိုင်ခဲ့ရသဖြင့် အင်္ဂလိပ်ဘာသာစကား ကို အဓိကသုံးစွဲသည့် နိုင်ငံတစ်ခုဖြစ် ခဲ့သည်။ ကိုးကွယ်ယုံကြည်မှုတွင် ခရစ် ယာန်ဘာသာ ကိုးကွယ်မှုများပြားပြီး ဟိန္ဒူနှင့် အစ္စလာမ်ဘာသာကိုးကွယ် မှုများလည်း ရှိသည်။ ထေရဝါဒဗုဒ္ဓဘာသာ အတွက် အရှင်ဗုဒ္ဓရက္ခိတ တည်ထောင် တော်မူသည့် ယူဂန္ဓာထေရဝါဒ ဗုဒ္ဓစင်တာ တစ်ခုသာရှိသေးသည့်အတွက် သီတဂူ ဆရာတော်က ဝမ်းမြောက်ဝမ်းသာစွာဖြင့် ကူညီထောက်ပံ့မှု ပြုပေးခဲ့ခြင်းဖြစ်သည်။

''ဆရာတော်ကြီးကိုယ်တိုင်ကြွချီပြီး တရားဓမ္မတွေ ဟောကြားပေးခဲ့တာ၊ သမ္မတကြီးနဲ့ ဒုတိယသမ္မတကြီးတို့နဲ့ တွေ့ဆုံခွင့်ရတာတွေကြောင့် အရှင်ဗုဒ္ဓ ရက္ခိတရဲ့ ထေရဝါဒဗုဒ္ဓစင်တာကို ယူဂန္ဓာ နိုင်ငံမှာ ပိုပြီးလူသိများလာခဲ့ပါပြီ။ ဒါက ဗုဒ္ဓဘာသာပြန့်ပွားရေးအတွက် အများ ကြီး အထောက်အကူဖြစ်မယ်လို့ သီတဂူ ဆရာတော်ကြီးက မိန့်ပါတယ်။ သဲက္တာရ အတွင်းက အိုအေစစ်လေးတစ်ခု တည် ဆောက်နိုင်ခဲ့ပြီ။ သဲက္တာရအတွင်းမှာ ပဒုမ္မာကြာ ပွင့်ခဲ့ပြီလို့ ဆရာတော်ကြီးက ဝမ်းသာအားရ မိန့်ကြားပါတယ်''ဟု အဆိုပါခရီးစဉ်တွင် လိုက်ပါသွားခဲ့သူ သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြု အဖွဲ့၏ အတွင်းရေးမှူး ဦးကျော်မိုးနိုင်က ပြောသည်။

ယူဂန္ဓာနိုင်ငံသည် ၁၉၇ဝ ခုနှစ် ဝန်းကျင်တွင် အေအိုင်ဒီအက်စ်ရောဂါပိုး ဖြစ်သည့်HIV ပိုး စတင်တွေ့ရှိရာ နိုင်ငံဟူ၍ အမည်ထွက်ခဲ့ဖူးပြီး ကလေး ငယ်အများစုသည်လည်း ပိုလီယိုရောဂါ ဆိုးကြီးကို ကြုံတွေ့ခဲ့ကြရသည်။ ယခု ထက်တိုင် ယူဂန္ဓာရှိ လူကြီးများနှင့် ကလေးငယ်များထံတွင် ရောဂါဆိုးတို့၏ အရိပ်မည်းများ ရှိနေဆဲပင် ဖြစ်သည်။ ထိုသို့ ပြန်လည်ထူထောင်ရန် ကြိုးပမ်း နေသည့် အာဖရိကတိုက်၏ နိုင်ငံတစ်ခု တွင် ပြည်သူများအား စိတ်ဓာတ်ပိုင်းဆိုင် ရာ မြှင့်တင်ရေး၊ မြတ်ဗုဒ္ဓ၏ ငြိမ်းချမ်းစွာ နေထိုင်ခြင်း နည်းလမ်းများဖြင့် ကုစား တည်ဆောက်ရေးနှင့် ထေရဝါဒဗုဒ္ဓ သာသနာတော် ပြန့်ပွားရေး၊ ကလေး သူငယ်များအတွက် ပညာရေးဖြည့်ဆည်း မှုများစသည်တို့အတွက် ဆောင်ရွက် စရာများစွာ ကျန်ရှိနေသေးကြောင်း သီတဂူဆရာတော်က မိန့်ကြားခဲ့သည်။
ဧပြီ ၂၆ရက်တွင် သီတဂူဆရာတော် နှင့် သာသနာပြုအဖွဲ့ဝင်များသည် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြ ကြောင်း သိရသည်။

သတင်း-ခင်ရတနာ
ဓာတ်ပုံ-အောင်သန်းဝင်း(သီတဂူ)

No comments:

Post a Comment