Latest News

Thursday, April 20, 2017

“စာမေးပွဲအောင်စာရင်း” အစား “အတန်းကူးပြောင်းမှုစာရင်း” ဟု အမည်ပြောင်းခေါ်ဝေါ်

“စာမေးပွဲအောင်စာရင်း” အစား “အတန်းကူးပြောင်းမှုစာရင်း” ဟု အမည်ပြောင်းခေါ်ဝေါ်


ရန်ကုန်၊ ဧပြီ ၂၀

အခြေခံပညာအဆင့် သူငယ်တန်းမှ နဝမတန်းအထိ စာမေးပွဲအအောင်၊ အရှုံးထုတ်ပြန်မှုကို “စာမေးပွဲအောင်စာရင်း”ဟု သုံးစွဲခဲ့ရာမှ ယခုနှစ်မှစ၍ “အတန်းကူးပြောင်းမှုစာရင်း” ဟု ပြောင်းလဲခေါ်ဝေါ်ကြောင်း အခြေခံပညာဦးစီးဌာန တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

ယခင်နှစ်များက စတုတ္ထတန်း ခရိုင်စစ်နှင့် အဋ္ဌမတန်း တိုင်းစစ် စာမေးပွဲရလဒ်ဖြင့်သာ အအောင်၊ အရှုံးသတ်မှတ်ခဲ့ရာ ယခုနှစ်မှစ၍ ကျောင်းသားများ၏ အအောင်၊ အရှုံးကို နောက်ဆုံး စာမေးပွဲရလဒ်၊ နှစ်ဝက် စာမေးပွဲရလဒ်၊ လပတ် စာမေးပွဲရလဒ်၊ ဘက်စုံ အရည်အချင်း အကဲဖြတ် မှတ်တမ်းအရ ဆုံးဖြတ်မည်ဖြစ်၍ ထိုသို့ ပြောင်းလဲခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

သို့သော် ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း၊ ပဉ္စမတန်း၊ ဆဋ္ဌမတန်း၊ သတ္တမတန်း၊ နဝမတန်း ကျောင်းသားများ၏ အောင်/ ရှုံး သတ်မှတ်ချက်မှာ ယခင်နှစ်များကတည်းက နှစ်ဆုံး စာမေးပွဲရလဒ် တစ်ခုတည်းဖြင့် ဆုံးဖြတ်ခဲ့ခြင်း မဟုတ်ဘဲ လပတ်၊ နှစ်ဝက်၊ ဘက်စုံ အရည်အချင်း အကဲဖြတ် မှတ်တမ်းရလဒ်များကိုပါ ထည့်သွင်း ဆုံးဖြတ်ခဲ့ကြောင်း ယင်းဌာနထံမှ သိရှိရသည်။

ယခုနှစ်မှ သင်ရိုးသစ်ဖြင့် စတင်ပြောင်းလဲသည့် သူငယ်တန်း (KG)မှာ အတန်းတင် စာမေးပွဲစစ်ဆေးမှု မရှိသော်လည်း ကျောင်းသားများ၏ သင်ယူမှုရလဒ်ကို အကဲဖြတ်၍ အတန်း ကူးပြောင်းပေးမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီးဖြစ်သည်။

“ကျောင်းသား မနစ်နာ၊ မိဘတွေလည်း ငွေကုန်လူပန်း မဖြစ်အောင် တစ်ချက်ပါတယ်။ ကျောင်းသားတွေရဲ့ အတန်းကူးပြောင်းမှုနှုန်းတွေကိုလည်း မြင့်မားလာစေချင်တယ်”ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။

ထိုသို့ အမည် ပြောင်းလဲမှုအပေါ် ပညာရေးဝန်ကြီးဌာန၏ ပညာရေး ပြောင်းလဲမှုမှာ ထိုသို့ အမည်နာမ ပြောင်းလဲခြင်းသာဖြစ်ကြောင်း ပြည်သူအချို့က မေးခွန်းထုတ် သရော်ကြသည်။

အခြေခံပညာဦးစီးဌာန ဦးစီးအရာရှိ ဦးငွေတိုးက ၁၉၉၈ ခုနှစ် ပညာရေး မြှင့်တင်မှုအစီအစဉ် ပထမအဆင့်အရ “စာမေးပွဲ အောင်စာရင်း” အမည်အစား “အတန်းပြီးဆုံးမှုစာရင်း” ဟု ပြောင်းလဲထုတ်ပြန်ရန် ညွှန်ကြားထားပြီး ဖြစ်သော်လည်း မူလအတိုင်းသာ ဆက်လက် ရှိနေခဲ့ကြောင်း ရှင်းပြသည်။

ယင်းသို့ မပြောင်းလဲသောကြောင့် ၂၀၀၄ ခုနှစ်တွင် ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှတစ်ဆင့် အခြေခံပညာ ဦးစီးဌာနသို့ “အတန်းပြီးဆုံးမှုစာရင်း” ဟု ထုတ်ပြန်ရန် ထပ်မံ၍ ညွှန်ကြားခဲ့သော်လည်း စာမေးပွဲ အအောင်၊ အရှုံး ဆုံးဖြတ်သည့်စနစ် မပြောင်းလဲသောကြောင့် (အတန်းအချို့) ပြီးခဲ့သည့်နှစ်အထိ “စာမေးပွဲအောင်စာရင်း” ဟု သုံးနှုန်းနေခြင်းဖြစ်ကြောင်း ပြောဆိုသည်။

“အဲဒီလုပ်ငန်းတွေက လုပ်လာရင်း ဖျောက်ဖျောက်လာခဲ့ပြီး အခုမှ ပြန်ပေါ်တော့ ဒါက အသစ်အဆန်းဆိုပြီး အပြောင်းအလဲဆိုပြီး လုပ်တဲ့သဘော ဖြစ်သွားတာ။ တကယ်က ဒါတွေက ပြုပြင်ပြောင်းလဲနေတာ မဟုတ်ဘူး။ ဟိုးအရင်ကတည်းက ကောင်းတဲ့အချက်တွေကို သူတို့ (တာဝန်ရှိသူတွေ)က ပြန်ထုတ်နေရတာ”ဟု ဦးငွေတိုးက မှတ်ချက်ပြုသည်။

အခြေခံပညာအဆင့် နှစ်ဆုံးစာမေးပွဲများကို ဖေဖော်ဝါရီလကုန်ပိုင်းက စစ်ဆေးခဲ့ပြီး အောင်စာရင်းကို ယခင်နှစ်များက သင်္ကြန်အပြီး ဧပြီလ ၁၈ ရက်တွင် ထုတ်ပြန်သော်လည်း တာဝန် ထမ်းဆောင်ရသည့် ဆရာများ အခက်အခဲ ရှိသောကြောင့် ယခုနှစ်တွင် ငါးရက် နောက်ဆုတ်၍ ဧပြီလ ၂၃ ရက်မှ ထုတ်ပြန်ရန် ပညာရေးဝန်ကြီးက ပြောကြားထားသည်။

ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ် စတုတ္ထတန်း ခရိုင်စစ် စာမေးပွဲဖြေဆိုရန် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ကိုးသိန်းကျော်နှင့် အဋ္ဌမတန်း တိုင်းစစ်စာမေးပွဲဖြေဆိုရန် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ခြောက်သိန်းကျော်ရှိပြီး တစ်နိုင်ငံလုံးတွင် အခြေခံပညာအဆင့် သူငယ်တန်းမှ ဒသမတန်းအထိ ကျောင်းသား၊ ကျောင်းသူ ကိုးသန်းကျော်ရှိကြောင်း အခြေခံပညာ ဦးစီးဌာနထံမှ သိရှိရသည်။

The Voice

No comments:

Post a Comment