စက်သုံးဆီလုပ်ငန်းရှင်များ အများပြည်သူ၏အကျိုးစီးပွားကို မကြည့်ခဲ့သဖြင့် ပြည်ပလုပ်ငန်းရှင်များကို ဖိတ်ခေါ်ရန် စီစဉ်ရခြင်းဖြစ်ဟု အမြဲတမ်းအတွင်းဝန်ပြော
ပြည်တွင်းစက်သုံးဆီလုပ်ငန်းရှင်များဘက်မှ အများပြည်သူ၏ အကျိုးစီးပွားဖြစ်သော အရည်အသွေးကောင်းမွန်သည့်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာ အသုံးပြုနိုင်ရေးအပေါ် အလေးထားလုပ်ဆောင်ပေးခဲ့ပါက ပြည်ပလုပ်ငန်းရှင်များကို ဖိတ်ခေါ်ရန် စီစဉ်မည်မဟုတ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်က ပြောကြားသည်။
စက်သုံးဆီလုပ်ငန်းသည် ပြည်တွင်းမှ ရင်းနှီးမြှုပ်နှံသူများအချင်းချင်း ယှဉ်ပြိုင်ရောင်းချနေသော လုပ်ငန်းဖြစ်သဖြင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများအား အစိုးရမှ ဖိတ်ခေါ်ရန်မလိုအပ်ကြောင်း မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း၏ အတွင်းရေးမှူးဒေါက်တာဝင်းမြင့်၏ ပြောကြားချက်အပေါ် အမြဲတမ်းအတွင်းဝန်က တုံ့ပြန်ပြောကြားလိုက်ခြင်းဖြစ်သည်။
“ကျွန်တော်တို့ရဲ့ စီးပွားရေးသမားတွေကို မကာကွယ်ပေးရဘူး မဟုတ်ဘူး။ ကာကွယ်ပေးရမယ်။ သို့သော် သက်ဆိုင်ရာ စီးပွားရေးသမားတွေကလည်း အများပြည်သူအသုံးပြုနေရတဲ့ ပစ္စည်းတွေမှာ နံပါတ် ၁ အရည်အသွေးပြည့်မီရဲ့လား၊ နံပါတ် ၂ ဈေးနှုန်းတွေကကော သင့်တင့်ရဲ့လား၊ နံပါတ် ၃ ၀န်ဆောင်မှုကကော အလေးထားဆောင်ရွက်ပေးမှုရှိလား၊ ဒါမျိုးတွေကြည့်ရပါတယ်။ ဒါမှ ကျွန်တော်တို့က ကာကွယ်ပေးလို့ရမယ်။ ကာကွယ်ပေးရ ကျိုးလည်းနပ်မယ်ပေါ့။ သူတို့တွေ ပြည့်စုံနေရင် ဖိတ်ခေါ်ဖို့ ဘယ်လိုမလဲ''ဟု ၎င်းက News Watch သို့ ပြောကြားသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်းက မတ် လ ၁၈ ရက်နေ့တွင် ပြည်တွင်းပြည်ပလုပ်ငန်းရှင်များနှင့် တွေ့ဆုံရာ၌ စက်သုံးဆီဈေးနှုန်းများ သက်သာရေးနှင့် အရည်အသွေး ပြည့်မီသော ဆီများအားပြည်သူများ အသုံးပြုနိုင်ရေးတို့အတွက် ပြည်တွင်းစက်သုံးဆီလုပ်ငန်းရှင်များနည်းတူ နိုင်ငံခြားသားများအား ဖွင့်လှစ်ရောင်းချခွင့်ပြုနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း ထုတ်ဖော်ပြောကြား ခဲ့ပြီးနောက် ပြည်တွင်းလုပ်ငန်းရှင်များဘက်မှ ကန့်ကွက်သံများ ပေါ်ထွက်ခဲ့ခြင်း ဖြစ်သည်။
''စက်သုံးဆီလုပ်ငန်းဟာ ကျွန်တော်တို့နိုင်ငံက ချမှတ်ထားတဲ့ ဥပဒေအရ မြန်မာနိုင်ငံသားမည်သူမဆို တင်သွင်းခြင်း သိုလှောင်ခြင်း ဖြန့်ဖြူးရောင်းချခြင်းတွေကို လုပ်ကိုင်ခွင့်ပြုထားတဲ့နိုင်ငံဖြစ်ပါတယ်။ နိုင်ငံသားအားလုံးကို လွတ်လွတ်လပ်လပ်နဲ့ယှဉ်ပြိုင်ပြီး လုပ်ခိုင်းထားတဲ့အတွက်ကြောင့် ယှဉ်ပြိုင်မှုမရှိဘူးလို့ ပြောတာကကော တရားမျှတမှုရှိရဲ့လား။ နိုင်ငံခြားသားမပါတာနဲ့ ယှဉ်ပြိုင်မှုမရှိဘူးလို့ ပြောလို့ရမလား။ ကိုယ်နိုင်ငံသားတွေ ယှဉ်ပြိုင်တာနဲ့ မလုံလောက်ဘူးလား။ FDI ဆိုတာ ဖိတ်ခေါ်သင့်တဲ့ လုပ်ငန်းတွေရှိသလို ဖိတ်ခေါ်ဖို့မလိုတဲ့လုပ်ငန်းတွေဆိုတာလည်း ရှိပါတယ်'' ဟု မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း၏ အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်က ပြောသည်။
စက်သုံးဆီလုပ်ငန်းအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ပြည်သူများက အားရ၀မ်းသာကြိုဆိုနေကြကြောင်းနှင့် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းက ၀န်ကြီးဌာနကို တွေ့ဆုံဆွေးနွေးခွင့် တောင်းခံထားခြင်းအပေါ် လတ်တလောအနေဖြင့် ၀န်ကြီးဌာနမှ တွေ့ဆုံရန် အစီအစဉ်မရှိသေးကြောင်း ဦးထွန်းထွန်းနိုင်က ပြောကြားသည်။
စက်သုံးဆီကဏ္ဍသည် နအဖ လက်ထက်က အစိုးရအာဏာပိုင်များမှ လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်းမှစ၍ ပုဂ္ဂလိကသို့ စတင်လွဲပြောင်းလုပ်ကိုင်စေခဲ့ခြင်းဖြစ်သည်။ ယင်းပုဂ္ဂလိကလုပ်ငန်းရှင်များမှ ဈေးကွက်လက်ဝါးကြီးအုပ်ခြင်း ဈေးလိုသလို ကစားခြင်းများရှိနေကြောင်း စားသုံးသူပြည်သူများက ဝေဖန်နေကြသည်။
ဆွေလဲ့မွန်(News Watch)
Tuesday, April 11, 2017
စက်သုံးဆီလုပ်ငန်းရှင်များ အများပြည်သူ၏အကျိုးစီးပွားကို မကြည့်ခဲ့သဖြင့် ပြည်ပလုပ်ငန်းရှင်များကို ဖိတ်ခေါ်ရန် စီစဉ်ရခြင်းဖြစ်ဟု အမြဲတမ်းအတွင်းဝန်ပြော
စက်သုံးဆီလုပ်ငန်းရှင်များ အများပြည်သူ၏အကျိုးစီးပွားကို မကြည့်ခဲ့သဖြင့် ပြည်ပလုပ်ငန်းရှင်များကို ဖိတ်ခေါ်ရန် စီစဉ်ရခြင်းဖြစ်ဟု အမြဲတမ်းအတွင်းဝန်ပြော
Reviewed by Ar Ti
on
8:53 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment