စာလုံးပေါင်းမှားတယ်ဆိုတာ ခွင့်လွှတ်လို့ ရသလား
ရုံးစာပဲ ရေးရေး၊ ဆောင်းပါးပဲ ရေးရေး၊ ကြော်ငြာစာပဲရေးရေး စာလုံးပေါင်းတွေ နေရာတကာမှာ မှားတတ်ကြတာ သောက်သောက်လည်ပဲ။ ကိုယ်ကိုယ်တိုင်လည်း အရင်ရုံးအလုပ်လုပ်ကတည်းက အခုချိန်အထိ စာလုံးပေါင်းအမှားတွေ စာအမျိုးမျိုးမှာ ပြင်ပေးနေရတုန်းပဲ။ ဒါက မြန်မာစာကို ပြောတာ။
ပြောရင် ကြွားတယ် ဖြစ်မယ်။ 😄 ကိုယ်က မြန်မာစာကို အမှတ် ၇၂ မှတ်နဲ့ အောင်လာတာ။ စာစီစာကုံး မရေးတတ်လို့ ဂုဏ်ထူးမထွက်တာ။ အဲဒီတုန်းကသာ အခုလို ရေးချင်ရာ ရေးတတ်တဲ့အကျင့်နဲ့ဆို ဂုဏ်ထူးက ထွက်ပြီးသားပဲ။ ကိုယ်က ရေးတဲ့အကြောင်းအရာက ကောင်းတယ်ထား၊ စာလုံးပေါင်းက မှားနေရင် လူတွေက အာရုံစိုက်မှုက အဲဒီစာလုံးပေါင်းကို ရောက်နေရော။ ဘာနဲ့ တူမလဲဆိုတော့ ဂုဏ်သရေရှိလူကြီးလူကောင်း တစ်ယောက် စင်ပေါ်မှာ စကားပြောတုန်း ဘောင်းဘီဇစ်ပြုတ်နေတာနဲ့ တူမယ်။
တကယ်တော့ မြန်မာစာလုံးမှာ ကိုယ်ကိုယ်တိုင် မသေချာတာလေးတွေ အများကြီး ရှိတယ်။ ဥပမာ ပဲနဲ့ ဘဲတို့၊ ကိုနဲ့ အားတို့ စသဖြင့်ပေါ့။ အတတ်နိုင်ဆုံး မမှားအောင် သတိထားသင့်တာပေါ့။ ရုံးမှာ ဒါရိုက်တာတစ်ယောက်၊ MD တစ်ယောက်က ၀န်ထမ်းတွေ စာလုံးပေါင်းမှားတိုင်း လိုက်ပြင်ပေးနေရရင် ဘယ်ဟုတ်တော့မလဲ။
နောက်တစ်ချက်က အင်္ဂလိပ်စာလုံးပေါင်း၊ တခြားလူတော့ မသိဘူး။ ကျွန်တော်ကတော့ အင်္ဂလိပ်စာညံ့တယ်။ 4 Skills လုံးကို ညံ့တယ်။ ငယ်ငယ်ကတည်းကိုက စိတ်မ၀င်စားသလို ဆယ်တန်းပြီးတော့လည်း မကြိုးစားခဲ့ဘူး။ စာအုပ်တွေ ဖတ်တော့လည်း မြန်မာစာအုပ်တွေပဲ ဖတ်လာတာ။ ၂၀၀၈ လောက်မှာ စီမံခန့်ခွဲမှု သင်တန်းတွေ စတက်ဖြစ်မှပဲ Business Terms တွေကို စပြီး ရင်းရင်းနှီးနှီးသိလာတယ်။
ကျွန်တော်နှစ်ရက် သင်တန်းတက်ရင် ပထမနေ့ညမှာကတည်းက စာအုပ်တစ်အုပ်လုံးက ကိုယ်နားမလည်တဲ့ စာလုံးတွေ အဘိဓာန်မှာ ရှာပြီး မှတ်သားထားတယ်။ ဒါမှ နောက်နေ့မှာ စာလိုက်နိုင်တာ။ နောက်ပိုင်း MBA တက်တော့ အင်္ဂလိပ်စာ ပိုတိုးတက်လာတယ်။ အခု ကိုယ်က စာသင်တဲ့ဆီရောက်တာတောင် နားမလည်တဲ့ စာလုံးတွေ တစ်လုံးချင်း လိုက်မှတ်နေရတုန်းပဲ။ အဲဒီအတွက် ရှက်စရာကောင်းတယ်လို့ တော့ မထင်ဘူး။
လွန်ခဲ့တဲ့ ၇ နှစ်လောက်က ဆရာကြီးဒေါက်တာ အောင်ထွန်းသက်ပါတဲ့ ဟောပြောပွဲတစ်ခုမှာ ကျွန်တော်တို့ ကုမ္ပဏီက Sponsor ပေးတယ်။ အဲဒီမှာ Booth မှာ ထောင်ထားတဲ့ ကြော်ငြာ Board မှာ ရေးထားတဲ့ အင်္ဂလိပ်လို စာလုံးပေါင်းက မှားနေရော။ ဆရာကြီးက Hall ထဲပတ်ကြည့်ပြီးတော့ စင်ပေါ်မှာ ဟောတဲ့အချိန်မှာ လုပ်ငန်းရှင်တွေတဲ့။ ကြော်ငြာကို စရိတ်အများကြီး ရင်းပြီး လုပ်ကြတယ်၊ ပြီးတော့ စာလုံးပေါင်းတွေမှားနေကြတာ သိပ်ရှက်စရာကောင်းတယ်တဲ့။ ဟုတ်တယ် အဲဒါတကယ်ပဲ။ ကြော်ငြာတစ်ခုမှာ စာလုံးပေါင်းမှားသွားပြီဆိုရင် လူတွေက အဲဒါကို အာရုံစိုက်မိနေတော့ ကိုယ့်ကြော်ငြာအလကား ဖြစ်သွားရောပေါ့။
တစ်ခါက လုပ်ငန်းရှင် မိတ်ဆွေတစ်ယောက် Facebook ကြော်ငြာ Promote လုပ်ထားတာမှာ စာလုံးပေါင်းမှားနေတော့ ကျွန်တော်လှမ်းသတိပေးလိုက်တယ်။ သူက ကြော်ငြာက စသွားနေပြီ ဘယ်လိုလုပ်ရမလဲတဲ့။ ကျွန်တော်ကတော့ ဖျက်ပြီး အသစ်သာ ပြန်တင်လိုက်ပါလို့ အကြံပေးလိုက်တယ်။ ကြာလေလေ လူတွေ ပိုသတိထားမိလေလေပဲကိုး။
ဘယ်သူမဆို အမှားတွေကတော့ ရှိနေကြမှာပဲ။ အဲဒီတော့ ဒါမျိုးကို တာဝန်ယူလုပ်ရတဲ့ဝန်ထမ်းတွေ အနေနဲ့ သေသေချာချာ စစ်ဆေးကြဖို့လိုသလို ကြီးကြပ်ဖို့တာဝန်ယူထားတဲ့သူတွေကလည်း တစ်ခုခုမှားနေမလားဆိုတာလေးကို စဉ်းစားပြီး သေချာစစ်ဆေးကြရင်တော့ အချိန်ကုန်၊ ငွေကုန်ပြီး နှစ်ခါပြန်လုပ်ရတာ၊ အရှက်ကွဲရတာတွေကို ကာကွယ်နိုင်ကြပါလိမ့်မယ်။
Photo: U Yarza Thura
Naing Win Aung
Subscribe to:
Post Comments (Atom)
No comments:
Post a Comment