Latest News

Tuesday, April 11, 2017

"ပင်မမူးယစ်ဆေးရောင်းသူများကို မဖမ်းနိုင်၍ ဆေးသုံးစွဲသည့်လူငယ် များလာဟု လူငယ်တစ်ဦး ဒေါ်အောင်ဆန်းစုကြည်ထံတင်ပြ"

"ပင်မမူးယစ်ဆေးရောင်းသူများကို မဖမ်းနိုင်၍ ဆေးသုံးစွဲသည့်လူငယ် များလာဟု  လူငယ်တစ်ဦး ဒေါ်အောင်ဆန်းစုကြည်ထံတင်ပြ"

ပင်မ မူးယစ်ဆေးရောင်းချသူများကို မဖမ်းနိုင်၍ ဆေးသုံးစွဲသည့် လူငယ်များ တိုးလာဟု ငြိမ်းချမ်းရေးစကားဝိုင်းသို့ တက်ရောက်လာသည့် လူငယ်တစ်ဦးက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြဆွေးနွေးသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ကျေးလက်တောရွာနေ လူငယ်များ၏ ငြိမ်းချမ်းရေးစကားဝိုင်းကို ဧပြီ ၁၁ရက်က နေပြည်တော်၌ကျင်းပခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် တရားဥပဒေ စိုးမိုးရေးသည်လည်း အဓိက ကျပြီး တရားဥပဒေ စိုးမိုးရေးရှိမှ တိုင်းပြည်အေးချမ်းပြည်ဖြစ်ကြောင်း သို့ရာတွင် လောင်းကစားလုပ်လို့ရသည့် နေရာများရှိနေ၍ လောင်းကစားလုပ်သူများရှိနေသည့်အပြင် မူးယစ်ဆေးသုံးစွဲလာသူများလည်း များလာကြောင်း မန္တလေးတိုင်းမှ လူငယ်တစ်ဦးဖြစ်သူ ကိုခိုင်မင်းထက်က ဆွေးနွေးသည်။

“မန္တလေးမြို့မှာ မူးယစ်ဆေးသုံးစွဲတဲ့ လူငယ်တွေတော်တော်များသွားပါပြီ။ ဘာဖြစ်လို့ ဒီလိုများသွားလဲဆိုရင် မူးယစ်ဆေး အလွယ်တကူဝယ်လို့ရတဲ့အတွက် ကြောင့် အဓိကလို့ထင်ပါတယ်။ နောက်ပြီးတော့ ထောင်ထဲတွေလည်း တော်တော်များများရောက်ကုန်ကြတာ ကြားနေရပါတယ်။ အဲဒီတော့ သူတို့ကို အပင်လေးတွေလို့ သဘောထားမယ်ဆိုရင် အငုတ်ကြီးတွေ ကျန်နေတာ။ အဲဒီ အငုတ်ကြီးတွေကို မရှင်းသေးသရွေ့ ဒီအပင်ပေါက်စန လေးတွေ အကုန်လုံး ထောင်ထဲရောက်သွားအုံးမှာပဲ။ အငုတ်ကြီးတွေပါရှင်းဖို့လိုပါတယ်ဆိုတာ ပြောချင်ပါတယ်” ဟု ၄င်းက ပြောသည်။

“ပင်ရင်းရောင်းတဲ့သူကို ချန်ထားမယ် သုံးစွဲတဲ့လူတွေကိုဖမ်းနေတယ်လို့ တိုက်ရိုက်ဆိုလိုတာ။ ဒါကို ဖြေရှင်းဖို့ကိစ္စက အမေစု နားလည်သဘောပေါက်စေဖို့အတွက် ဒီလောက်လေးပဲပြောလိုက်တာပါ” ဟု စကားဝိုင်းဆွေးနွေးပွဲအပြီးတွင် ကိုခိုင်မင်းထက်က ပြောသည်။

၎င်း၏ ဆွေးနွေးမှုနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် က “အဲဒါကိုတော့ အမေတို့ သဘောတူပါတယ်။ အမေတို့တင် မဟုတ်ဘူး တစ်ကမ္ဘာလုံးက လုံးပမ်းနေရတဲ့ ကိစ္စပါ မူးယစ်ဆေးဝါးပြဿနာဆိုတာဟာ။ အချမ်းသာဆုံးနိုင်ငံတွေမှာလည်းရှိတယ်။ မူးယစ်ဆေးဝါး ပြဿနာဆိုတာတော်တော်ကိုခက်တာပဲ ဒီအငုတ်ကြီးတွေကလည်းရှိနေတာ” ဟု ပြောသည်။

တရားမ၀င်ကိစ္စများကို ရဲတပ်ဖွဲ့က ထိန်းရမည်ဖြစ်သကဲ့သို့ ပညာပေးခြင်းဖြင့်ထိန်းရမည်ဟု ၄င်းကပြောသည်။ မူးယစ်ဆေးဝါးသုံးစွဲခြင်းသည် မည်မျှ အန္တရာယ်ရှိသည်ဆိုခြင်းကို ပတ်ဝန်းကျင်တွင် ပညာပေးခြင်းလုပ်ဆောင်ကြရန်လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသည်။

“အခုဆိုရင် မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ ဥပဒေတွေလည်းပြောင်းလိုက်တယ်။ အရင်တုန်းကဆိုရင် မူးယစ်ဆေးဝါး သုံးတဲ့လူတွေကို ထောင်ချမယ်ပေါ့။ ထောင်ချတာ အဖြေမဟုတ်ဘူး။ ထောင်ကလွတ်လာလဲ ပြန်သုံးတာပဲ။ တချို့ဆိုရင်ထောင်ထဲမှာတင်ဆက်ပြီးသုံးနေတာပဲ သူ နည်းသူ့ဟန်နဲ့ ရအောင်လုပ်ပြီးတော့ ။အဲဒီတော့ ထောင်ချတာဟာ အဖြေမဟုတ်ဘူး။ ပြန်လည်ထူထောင်ရေးဆိုတာဟာ စိတ်ကျမ်းမာရေး ကိုယ်ကျန်းမာရေး ပြန်ပြီးတော့ ကောင်းလာအောင်လို့” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထိုသို့လုပ်ဆောင်ရာတွင် နိုင်ငံတော်အစိုးရ တစ်ခုတည်းသာမက လူမှုအသိုင်းအ၀န်းကလည်း ပါဝင်ရန်လိုကြောင်း နှင့် လူတိုင်းလူတိုင်းသည် အတိုင်းအတာတစ်ခုအထိ ကိုယ့်နိုင်ငံ တည်ငြိမ်းရေး တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ကြရန် လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဓာတ်ပုံ - အောင်ဇော်ထွန်း(7Day News)

No comments:

Post a Comment