ယခု ဘဏ္ဍာနှစ်က စ၍ တစ်နိုင်ငံလုံးတွင် အသစ် ထပ်မံ တည်ဆောက်မည့် စာသင်ကျောင်းနှင့် ဆေးရုံများကို ဆောက်လုပ်ရေး ဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက် ပေးမည် ဟု သတင်းရရှိသည်။
ဆောက်လုပ်ရေး ဝန်ကြီးဌာနက တည်ဆောက်ရေး လုပ်ငန်းများ ပြောင်းလဲ ရယူရန် ဧပြီ ၁၂ ရက်တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန အပါအဝင် ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ တာဝန်ရှိသူများ ပါဝင်သည့် ညှိနှိုင်း အစည်းအဝေး၌ ဆုံးဖြတ်ခဲ့သည်။
အဆိုပါ တည်ဆောက်ရေး လုပ်ငန်းများကို ယခင် ဘဏ္ဍာနှစ် များက ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန တို့က ပုဂ္ဂလိက လုပ်ငန်းရှင်များအား ကန်ထရိုက် ပေး၍ တည်ဆောက်စေခဲ့ခြင်း ဖြစ်သော်လည်း ယခု ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနက လွှဲပြောင်းရယူ ဆောင်ရွက်မည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က 7Day Daily အား ပြောသည်။
‘‘ကျွန်တော်တို့ ဆီမှာက ကျွမ်းကျင် အင်ဂျင်နီယာတွေ၊ ပညာရှင်တွေ အများကြီး ရှိတဲ့အတွက် အခုလို လွှဲပြောင်း ရယူလိုက်တာပါ။ ပညာရေးနဲ့ ကျန်းမာရေး လုပ်ရမယ့် လုပ်ငန်းတွေက ကျွန်တော်တို့ကို အပ်လိုက်တဲ့ သဘောပါ’’ ဟု ဦးမင်းထိန်က ပြောသည်။
ဆေးရုံ၊ ဆေးခန်းနှင့် စာသင်ကျောင်းများ တည်ဆောက် ခြင်းကို ဆောက်လုပ်ရေး ဝန်ကြီး ဌာနက တာဝန်ယူ တည်ဆောက်မည် ဖြစ်သော်လည်း ပုဂ္ဂလိက လုပ်ငန်းရှင် များ ကိုပါ လုပ်ကိုင် ခွင့်ချထားပေးမည့် အစီအစဉ် များရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
တစ်နိုင်ငံလုံးရှိ ဆေးရုံ၊ စာသင်ကျောင်းများ တည်ဆောက် ရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာန မှ ကန်ထရိုက် ပေးထားသည့် ပုဂ္ဂလိက ကုမ္ပဏီများက အရည်အသွေး အဆင့်အတန်းမီ တည်ဆောက်နိုင်မှု မရှိခြင်းကြောင့် ၎င်းတို့ကို ထိန်းချုပ် စစ်ဆေးနိုင်ရန် ယခုကဲ့သို့ တာဝန်များ ပြောင်းလဲ ရယူလိုက်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူး တစ်ဦးက ပြောသည်။
နေပြည်တော် ဝန်ကြီးဌာန တစ်ခုမှ အဆင့်မြင့် အရာရှိ တစ်ဦး က ‘‘အဓိကကတော့ Public ကို သွားတဲ့ဟာက Quality Control မရှိဘူး။ နိမ့်ကျတယ် ဆိုတဲ့ ပြဿနာ ရှိတယ်။ အဲဒါကို ဘယ်လို ထိန်းချုပ်မလဲ ဆိုတာ စဉ်းစား ရမှာလေ။ ဒါကို မစဉ်းစားဘဲ မယုံလို့ ဆောက်လုပ်ရေး ကပဲ လုပ်မယ် ဆိုတော့ သူတို့ကို ဘယ်သူက Control လုပ်မလဲ။ ဘယ်သူက အာမခံမလဲ။ နိုင်ငံတော် လုပ်ငန်းကို နိုင်ငံတော်ကပဲ လုပ်တယ် ဆိုတာ ဒါဆိုရှယ်လစ် အိုင်ဒီယာပဲ’’ ဟု ထောက်ပြသည်။
ဆောက်လုပ်ရေး ဝန်ကြီးဌာနသည် လက်ရှိ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးမှု ဦးစီးဌာန လက်အောက်ရှိ တည်ဆောက်ရေး လုပ်ငန်းများကို နိုင်နင်းစွာ လုပ်ကိုင်ရန် ခက်ခဲခြင်းကြောင့် ပုဂ္ဂလိက လုပ်ငန်းရှင် များကိုသာ ကန်ထရိုက် ထပ်မံ ပေးရဖွယ်ရှိကြောင်း ပုဂ္ဂလိက ဆောက်လုပ်ရေး လုပ်ငန်းရှင် တစ်ဦးက သုံးသပ် ပြောကြားသည်။
ယခင်အစိုးရ လက်ထက် ပညာရေး ဝန်ကြီးဌာန လက်အောက်ရှိ တည်ဆောက်ရေး လုပ်ငန်းများ လုပ်ကိုင် ခဲ့သော ဆောက်လုပ်ရေး လုပ်ငန်းရှင် တစ်ဦးက ဝန်ကြီးဌာန နှစ်ဆင့် ဖြတ်သန်းရမည့် အခြေအနေ ဖြစ်၍ အပို ကုန်ကျမှု များနိုင်သည်ဟု သုံးသပ်သည်။
ဝန်ကြီးဌာန တည်ဆောက်ရေး လုပ်ငန်းများကို လုပ်ကိုင်ရ ခြင်းသည် တရားဝင် အခွန်များ ပေးဆောင်ရခြင်း အပြင် အပို ကုန်ကျမှုများလည်း ရှိနေသည်။ မူလ ဝန်ကြီးဌာနနှင့် တာဝန်ခံ ဝန်ကြီး ဌာနနှစ်ခု အတွက် အပို ကုန်ကျစရိတ် များလာနိုင်သည် ကိုလည်း ဆောက်လုပ်ရေး လုပ်ငန်းရှင် အချို့က စိုးရိမ်နေသည်။
ပညာရေး၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန တို့သည် ၂၀၁၇ - ၁၈ ဘဏ္ဍာနှစ်တွင် အသုံးစရိတ် ပိုရလာသော ဝန်ကြီးဌာနများ ဖြစ်သည်။ ၂၀၁၇ - ၁၈ ဘဏ္ဍာနှစ်တွင် ပညာရေး ဝန်ကြီးဌာန အတွက် အစိုးရ ချထားပေးသည့် ဘတ်ဂျက်ကျပ် ၁,၇၀၀ ဘီလီယံကျော် ရှိပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အတွက် ကျပ် ၁,၀၀၀ ဘီလီယံကျော်ရှိသည်။
ပညာရေး၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ဘတ် ဂျက်အသုံးစရိတ်သည် အစိုးရ စုစုပေါင်း အသုံး စရိတ်၏ ၁၃ ရာ ခိုင်နှုန်းကျော် ရှိပြီး ယင်း ပမာဏ သည် ယခင်အစိုးရ အသုံးစရိတ် ပမာဏနှင့် နှိုင်းယှဉ်ပါက အမြင့်ဆုံး ဖြစ်သည်။
ပညာရေး ဝန်ကြီးဌာနသည် တည်ဆောက်ရေး စီမံကိန်းများ ပါဝင်သည့် ငွေလုံးငွေရင်း အသုံး စရိတ်ကို ၂၀ ရာခိုင်နှုန်း သုံးစွဲရန် သတ်မှတ်ထားပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ၃၀ ရာခိုင်နှုန်း သုံးစွဲရန် လျာထား သည်။ ပြည်သိမ်းမိုးညို (7Day News)
No comments:
Post a Comment