Latest News

Tuesday, April 11, 2017

ဘယ်သူ့မှာ အပြစ်ရှိလဲအမေ

ဘယ်သူ့မှာ အပြစ်ရှိလဲအမေ

လက်မှနာရီကို ကြည့်လိုက်တော့ ၅ နာရီခွဲကျော်ကျော်သာရှိသေးသည်။ ပတ်ဝန်းကျင်တစ်ခုလုံးရှိလူများ မျက်နှာတွင် အပြုံး ၊ အရယ်မရှိကြပဲငေးနေ ၊ တွေးနေ ၊ ငိုင်ငူနေကြပြီး လူတွေအကုန်လုံးက ၀မ်းနည်းခံစားနေကြသည်က တူညီနေပြီဆိုသည်ကို အေးသက်သိလိုက်ပါသည်။ လူတွေကို ကြည့်လိုက်ပြန်တော့လည်း လူလုံးမကွဲ။ အေးသက်၏ ပါးစပ်မှထွက်ပေါ်လာသည့် စကားက ၅ နာရီခွဲကျော်ကျော်ပဲရှိသေးတယ် မှောင်လှချည်လား  ဟူ၍တစ်ကိုယ်တည်းရေရွတ်သံပေါ်ထွက်လာသည် ။ အေးသက်၏ ဘေးနားမှ အနွေးထည်ထူထူနွမ်းနွမ်းကို ၀တ်ထားပြီး ခေါင်းမှာ နိုင်လွန်သား သဘက်ကြီးကို ပေါင်းထားသည့် အသက် ၆၅ နှစ်ခန့် အရွယ်ရှိ ရှမ်းအမျိုးသမီးကြီးတစ်ဦးမှာက “အေးသက်ရယ် ၊ ဆောင်းတွင်းလေဟယ် ၊ နေ့တာတိုတာကို အဲ့တာကြောင့်မိုးချူပ်တာမြန်တယ်ကွဲ့ ၊ ကလေးတွေ အိပ်သွားရင်တစ်ခါတည်း သိပ်လိုက်တော့” ဘ၀တူချင်း စာနာစိတ်နှင့် ပြောနေသော အေးသက်ဘေးမှ အမျိုးသမီးကို အေးသက်ကြည့်ပြီး ဟုတ်ကဲ့ဟု လို့သာ ခပ်တိုးတိုးလေးဖြေလိုက်မိသည်။ မြောက်အရပ်မှ တိုက်ခတ်လာသော လေများ၏ ချမ်းစိမ့်မှု နှင့်အတူ အေးသက်၏ ဗိုက်ထမှာတော့ ဟာနေပြီး တဂြီးဂြီး နှင့် အော်မြည်နေသည့် လေသံ တို့နှင့်အတူဆာလောင်မှုဝေဒနာကို ကြိတ်မှိတ်ခံစားပြီး သားကြီး ၊ သားငယ်တို့ အိပ်နေတာကို ကြည့်ရင်း အေးသက် မျက်ရည်ကျမိလိုက်သည်။ သားကလေး ၂ယောက် မနက်အထိ အိပ်ကြပါစေ လို့ ဆုတောင်းမိသည်။ တစ်ရေးနိုးလာလို့ ဗိုက်ဆာတယ်ဆိုမှ ဘာမှကျွေးစရာမရှိသည့် အေးသက်၏ ဘ၀မှာ “မနိုးကြပါနဲ့တော့ သားတို့ရယ် မနက်ဖြန်သားတို့အတွက် မေမေအကောင်းဆုံးဖြစ်အောင် ဖန်တီးပေးပါမယ်ကွယ်” ဆိုပြီး စိတ်ထဲမှာပဲ တစ်ကိုယ်တည်းရေရွတ်ပြီး မျက်ရည်စများနှင့် အတူ ဆောင်း ၊ ညချမ်းများကို အမိုးအကာ မဲ့အောက်မှာ ဖြတ်သန်းခဲ့ပါသည်။
 မန္တလေးမြို့ အဝေးပြေးကားဂိတ်ယာဉ်ဝင်းကြီးတွင် တိုက်ပွဲဖြစ်၍ မိမိတို့ ပြန်လိုသည့် နေရပ်သို့ ပြန်နိုင်ရန် ကားများပြန်လည်စီစဉ်ပေးနေပါသည် ။ တစ်စင်းကလည်း မကွေးမြို့ ၊ တစ်ချို့ကလည်း မော်လမြိုင် ၊ ရန်ကုန်သို့ ပြန်လိုသည့် လူများကလည်း ပြန်လိုသည့် ဒေသများကို တာဝန်ရှိသူက စီစဉ်ပေး စသဖြင့် လုပ်ဆောင်နေကြပါသည်။ နံနက်စာ ပဲပြုတ်ထမင်းထုတ်လိုက်လံဝေငှနေသည်ကို ယူလိုက်ပြီး ကျွတ်ကျွတ်အိတ်လေးနှင့် ထုတ်ထားသည့် ထမင်းများကို ခေါင်းမဖော်တမ်းစားနေသည့် သား ၂ယောက်ကို ကြည့်ပြီး စိတ်မကောင်းဖြစ်မိသည်။ အသက်မသေပဲနှင့် ကံကောင်းထောက်မပြီး အခုလိုစားနေရတာကိုပဲ ကံကောင်းလွန်းသည်ဟု ဆိုရပေမည်။ ဗုံးဆန် ထိမှန်ပြီး သေဆုံးခဲ့ကြသည့် မိတ်ဆွေများ ၊ မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိကြသူများ ၊  လက်နက်ကြီး များ ၊ ကျည်ဆန်များ ထိမှန်ခံရပြီး သေဆုံးသူများ အများအပြား ကြားတွင်အေးသက်တို့သားအမိတွေ ကံကောင်းကြပါသည်။ ကျောက်မဲမြို့နယ် ၊ ညောင်မောင်းကျေးရွာ အနီးတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် သေဆုံးခဲ့ကြသူများ နှင့် နယ်စပ် မြို့နယ် ဟိုချောင်း ကျေးရွာအတွင်းရှိ နေအိမ်ပေါ်သို့ လက်နက်ကြီးကျည်ဆန်ကျရောက် ပေါက်ကွဲ၍ သားတို့အရွယ် သူငယ်တန်းကျောင်းသား တစ်ဦးအပါအ၀င် နှစ်ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်များကို အေးသက် ပြန်တွေးရင်း သားအမိတွေ ကံကောင်းကြပါတယ် ဟု တွေးမိပြန်သည်။ ခင်ပွန်းသည်လည်း တိုက်ပွဲများကြောင့် သေဆုံးခဲ့ရသည့် ဘ၀တွင် မုဆိုးမ ကလေး ၂ ယောက်မိခင်ဘ၀ဖြင့် ယောက္ခမများ ပိုင်ဆိုင်သည့် လက်ဖက်ခြံတွင် လုပ်ကိုင်ရင်း နေထိုင်ခဲ့ရသည့် ဘ၀မှ ယခုလိုတိုက်ပွဲဖြစ်ချိန်တွင် စစ်ဘေးရှောင်ဘ၀နှင့် မန္တလေးအဝေးပြေးဂိတ်သို့သာ ရောက်ရှိခဲ့ကြရခြင်းဖြစ်ပါသည်။ “မိမိတို့ ပြန်လိုသည့် ဒေသများသို့ သတင်းလာပို့ကြပါရန်” ဆိုပြီး တာဝန်ရှိသူများတစ်ဦးက ပြောဆိုနေသံကိုလည်း အေးသက်ကြားမိပါသည်။
 အေးသက်မှာ ပြန်စရာအိမ်ဆိုသည်မှာ ခလုတ်ထိမှအမိတ ဆိုသလိုပင် တောင်ငူမြို့မှာရှိသည့် အမေ့အိမ်ပင်ဖြစ်ပါသည်။ အမေနှင့် အေးသက်မတွေ့မရသည်မှာ သားကြီးတစ်သက်ပင်ရှိပါသည်။ အေးသက်အိမ်ထောင်ပြုသည်ကို အမေက သဘောမတူ၍ အေးသက်ကိုအဆက်အသွယ်မလုပ်ခြင်း ဖြစ်ပါသည်။ သဘောမတူသည့်အကြောင်းအရင်းက အေးသက်၏ ခင်ပွန်းသည် ကိုစိုင်းအောင်က  မုဆိုးဖို ဟူသောအကြောင်းကြောင့်ပင်ဖြစ်သည်။ ပထမအိမ်ထောင်ဆုံးသွားပြီး သားသမီးမကျန်ပါပဲ နှင့် ၅ နှစ်ခန့်နေပြီး အေးသက်နှင့်တွေ့ကာ အိမ်ထောင်ပြုကြခြင်းဖြစ်ပါသည်။ အေးသက်အမေ၏ စိတ်ထဲတွင် သမီးချောလေးကို လူပျိုကလေး နှင့်သာ ပေးစားချင်သည်။ အဆက်အသွယ်ပြတ်နေသော်လည်း အေးသက်သတင်း အမေစုံစမ်းသလို ၊ အမေကျန်းမာကြောင်း ၊ နေကောင်းကြောင်းကိုလည်း အေးသက်သတင်းမပြတ်စေခဲ့ရဖြစ်သည်။
 “ကျွန်မတို့သား အမိ ၃ ယောက် တောင်ငူကို ပြန်ပါမယ်ရှင့်” ဆိုပြီး ကားဂိတ်ကို သတင်းပို့ပြီးနောက် တောင်ငူကို သွားမည့် ကားနှင့်အေးသက်တို့ သားအမိ ၃ ယောက်ကို တာဝန်ရှိသူတွေက တင်ပေးလိုက်ပြီး ထမင်းဘူး ၃ ဘူး နှင့် ငွေ ၃၀၀၀ ကျပ်ပါပေးလိုက်ပါသည်။ သား၂ ယောက်က ကားဂိတ်တွင် ရှိသော မုန့်ဆိုင်များမှ မုန့်များကို စားချင်လိုက်တာအမေရယ်လို့ ပူဆာမိသော်လည်း ငွေ ၃၀၀၀ ကျပ်ကို အေးသက် အိတ်ထဲကို ကျစ်ကျစ်ပါအောင် ထည့်ထားမိပါသည်။ တောင်ငူမြို့သို့ရောက်ရောက်ခြင်း အမေ့ဆီကိုသာ အလျှင်အမြန်ရောက်ချင်မိပါတော့သည်။ အေးသက်နှင့် သူ့မ၏ မြေး၂ယောက် ပြန်ရောက်လာသည်ကို သိလျှင် ၀မ်းသာပီတီဖြစ်မည်မှာ အမှန်ပင်ဖြစ်ပါသည်။ မြေး ၂ ယောက်ကို စားချင်တာတွေ လုပ်ကျွေးမည့် အမေ့မျက်နှာကို မြင်ယောင်မိပါသည်။ တောင်ငူမြို့သို့ ကားဆိုက်သည်နှင့် အေးသက်တို့သားအမိ အမေနေထိုင်သည့် ကျုံး အနောက်ဘက်သို့ လမ်းလျှောက်သွားနေစဉ် ဆိုက်ကားတစ်စီးပေါ်မှ အမျိုးသမီးကြီးတစ်ဦးက အေးသက်တို့ သားအမိကို စူးစိုက်ကြည့်ပြီးနောက် ဆိုက်ကားပေါ်မှ ဆင်းလာကာ အေးသက်တို့ဆီကို ခပ်သွက်သွက်ကလေး ရောက်လာခဲ့သည်။ “သမီး….အေးသက်…… အေးသက်…..ဒါလေးတွေက ငါ့မြေးလေး ၂ယောက်လား အေးသက်ရယ် ၊ ဘယ်လိုဖြစ်လာကြတာလဲ” စသဖြင့် ပြောပြောဆိုဆိုနဲ့ မြေး၂ ယောက်ကို ပွေ့ဖက်ပြီး ဘယ်လိုဖြစ်ကြတာလဲ သမီးရယ်လို့ပြောပြီး ငိုချလိုက်ပါသည်။ “အမေ …သမီးတို့နားမှာ တိုက်ပွဲတွေဖြစ်နေလို့ စစ်ဘေးရှောင်ခဲ့ရတယ်အမေ ၊ တောင်ငူကို ပြန်ရောက်ဖို့ တာဝန်ရှိတဲ့ သူတွေက ပြန်ပို့ပေးလို့ အမေ့ဆီအခုရောက်ခဲ့တာပါအမေရယ်”လို့ဆိုပြီး အမေကိုဖက်ပြီး အေးသက်ငိုချလိုက်တော့သည်။ စိတ်ခံစားချက်များဖြစ်သော ၀မ်းနည်းခြင်းများကလည်း မျက်ရည်များအဖြစ်သို့ အသွင်ကူးပြောင်းသွားသည်။ အေးသက်တို့ သားအမိ ငိုနေသည်ကို ကြည့်ပြီး ကလေး ၂ယောက်ကလည်း လိုက်ငိုကြပါသည်။
 အေးသက်တို့သားအမိ ကလေးတွေ ငိုသံကြားမှ သတိပြန်ဝင်လာပြီး မျက်ရည်ကိုသုတ်ကာ သားတို့ရယ် မငိုနဲ့ တိတ်တိတ် ဒါသားတို့ဖွားဖွားလေ နှုတ်ဆက်လိုက်ပါဦးဆိုပြီး ပြောဆိုလိုက်၏။ အေးသက်စကားဆုံးသည်နှင့် ကလေး ၂ ယောက်က ဖွားဖွားရယ်သားတို့ ညနေစာ ထမင်းမစားရသေးဘူး ၊ ဗိုက်ဆာလို့ ပါဖွားဖွား သားတို့ကို ထမင်းကျွေးပါလို့ ပြောလိုက်သည်နှင့် အေးသက် နှင့် သူမ၏ မိခင်တို့မှာ နှလုံးဆွေးမြေ့ပြီး ဆွေ့ဆွေ့ခုန်မတတ်ခံစားပြီး ၀မ်းနည်းခြင်းများစွာဖြစ်ပေါ်လာခဲ့ပါသည်။ ကျွေးမှာပါမြေးတို့ရယ် လာလာ အိမ်အထိတောင်မသွားတော့ဘူး၊ ခေါက်ဆွဲကြော်ကျွေးမယ်လာဆိုပြီး အနားမှာရှိတဲ့ ခေါက်ဆွဲကြော်ဆိုင်ကိုခေါ်ပြီး ကျွေးလိုက်ပါသည်။
 “အေးသက်ရယ် ၊ ကံကောင်းလို့ပေါ့ ညည်းလုပ်ပုံက ငါ့မြေးတွေ သူတောင်းစားဖြစ်တော့မယ်အေ အံ့ပါရဲ့တော်”ဆိုပြီး ပြောပြောဆိုဆိုနှင့် မြေးအငယ်ဆုံးလေးရဲ့ ပါးစပ်မှာ ပေပွနေသည်များကို လက်ကိုင်ပုဝါလေးနဲ့ သုတ်ပေးလိုက်ပြီးနောက် ပြောစမ်းပါဦး အေးသက်ရယ်ဆိုပြီး မေးမြန်းပြန်သည်။ ထို အခါ အေးသက်က ညှိုနွမ်းနေသည့် မျက်နှာဖြင့်  စကားတစ်လုံးချင်းစီ ဖြည်းညှင်းစွာနှင့် သမီးတို့ အပြစ်ကြောင့်ဖြစ်ရတာမဟုတ်ဘူးအမေ ၊ အမေ့ကြောင့်လည်း မဟုတ်ဘူး ၊ ဘယ်သူ့ကြောင့်မှ မဟုတ်ဘူး တိုင်းပြည်မှာ တိုက်ပွဲတွေ ဘာကြောင့်ဖြစ်နေတယ်ဆိုတာ သမီးမပြောတတ်တော့ဘူး။ အခုဆိုရင် တိုက်ပွဲတွေက ပြင်းပြင်းထန်ထန်ကို ဖြစ်နေတာ ၊ အမေ့မြေးလေးတွေကို ပညာသင်စေချင်တယ် ၊ စာသင်ခန်းထဲမှာ  အေးအေးချမ်းချမ်း စာတွေ သင်ချင်တယ် အမေ ၊ သူတို့လေးတွေ ဘ၀ကို ငြိမ်းချမ်းရေး အောက်မှာ ရှင်သန်စေချင်တယ် ။ အခုဆိုရင် သူတို့အရွယ်လောက်လေးတွေ ခြေပြတ် ၊ လက်ပြတ်တွေ ဒုက္ခတိလေးတွေ ဘ၀ကို ရောက်ကြရပြီး ပညာတွေ မသင်ကြားနိုင်တဲ့ ကလေးတွေ အများကြီး ပဲအမေရယ်။ ဒါတွေက သမီးတို့တိုင်းရင်းသားတွေ ညီညွှတ်မှုမရှိကြလို့ပေါ့။ နေရပ်တွေကို စွန့်ခွာပြီး စားဝတ်နေရေးခက်ခဲကြ ၊ ပညာတွေ မသင်ရ ၊ ဒုက္ခသည်တွေဖြစ်ကြရတဲ့ အပြစ်မရှိတဲ့ ကလေးတွေကို သနားကြစေချင်တယ်။ ငြိမ်းချမ်းရေးက အဓိကပဲလေ အမေ။
 မငြိမ်းချမ်းရင် စီးပွားရေး ၊ လူမှုရေး ၊ ကျန်းမာရေး  ၊ ပညာရေး ဘာမှလုပ်လို့မရတော့ဘူး အမေရယ် ၊ ငြိမ်းချမ်းရေးကို လိုချင်နေကြပြီ အမေရယ် ဆိုပြီး အေးသက်ရင်တွင်းခံစားချက်များကို မိခင်ကြီးအား ပြောပြနေစဉ်တွင်သားကြီး ၊ သားငယ်တို့က ခေါက်ဆွဲကြော်များ ပါးစပ်အတွင်း ပလုတ်ပလောင်း များအပြည့်နှင့် ပြောလိုက်သည့်စကားက တိုက်ပွဲတွေ နောက်ထပ်မဖြစ်အောင်ရပ်ပေပါ။ သားသားတို့ ကြောက်တယ် ဖွားဖွားနဲ့ မေမေရယ် ဆိုသည်ပင်………………………

ဝတ်ရည်ခင် (ပဲခူး) ရွှေမြစ်မခ - အမျိုးသမီးမဂ္ဂဇင်း

No comments:

Post a Comment