Latest News

Friday, April 28, 2017

နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၏ ပထမတစ်နှစ်တာ ဆောင်ရွက် ချက်များ ရှင်းလင်းဖြေကြား

နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၏ ပထမတစ်နှစ်တာ ဆောင်ရွက် ချက်များ ရှင်းလင်းဖြေကြား


နေပြည်တော် ဧပြီ ၂၈

ယနေ့ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနသည် ဒီမိုကရေစီစနစ်ထွန်းကားရေး၊ ဈေးကွက်စီးပွားရေးစနစ် ထွန်းကားရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက် ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုသည့် အဓိကရည်မှန်း ချက်များကို အကောင်အထည်ဖော်ရန် ပေါ်ပေါက်လာခြင်းဖြစ်ပါကြောင်း။

တစ်နှစ်တာကာလအတွင်း ဝန်ကြီးဌာနအနေဖြင့် ငြိမ်းချမ်းရေး၊ အမျိုး သားပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ရခိုင်ပြည်နယ်ကိစ္စများကို အဓိကဆောင်ရွက်ခဲ့ပါကြောင်း၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ သဘောတူစာချုပ် (NCA) လမ်းကြောင်းကို အခြေခံပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံကို သွားပါကြောင်း၊ NCA အရ နိုင်ငံ ရေးဆွေးနွေးသည့်အခါ အဓိကအရေးကြီးသည့် နိုင်ငံရေးဆွေးနွေးမှုမူဘောင် ကို ပြန်ပြင်မည်ဖြစ်ပါကြောင်း၊ NCA ကိုမူ ပြန်ပြင်၍မရပါကြောင်း။

နိုင်ငံရေးဆွေးနွေးမှုမူဘောင် ပြန်လည်သုံးသပ်သည့် အစည်းအဝေးများ ပြုလုပ်ပါကြောင်း၊ NCA လက်မှတ်မရေးထိုးရသေးသည့်UNFC, DPN ''ဝ''နှင့် မိုင်းလားအဖွဲ့များကိုပါ ဖိတ်ခေါ်ပြီး ပြန်လည်သုံးသပ်မှုများ ဆောင်ရွက်ပါကြောင်း၊ ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံကို နေပြည်တော်၌ စတင်ကျင်းပခဲ့ပါကြောင်း၊ ညီလာခံဆွေးနွေးပွဲတွင် စာတမ်းများ တင်ပြကြပါကြောင်း၊ NCA လက်မှတ်ရေးထိုးပြီးသားအဖွဲ့များအပြင် ''ဝ''၊ မိုင်းလား၊ UNFC အဖွဲ့များပါ စာတမ်းများတင်ပြခဲ့ကြပါကြောင်း။

ဧပြီ ၂၄ ရက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကို နေပြည်တော်တွင် ပြုလုပ်ခဲ့ပါကြောင်း၊NCAလက်မှတ်ရေးထိုးပြီးသား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်ရှစ်ဦးနှင့် တွေ့ဆုံပြီး မေ ၂၄ ရက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးကျင်းပရန် ဆုံးဖြတ်နိုင်ခဲ့ပါကြောင်း၊ တစ်ဖက်တွင် ကျန်ရှိ နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်လာနိုင်အောင် နှစ်ဖက်စလုံးက ကြိုးပမ်းဆောင်ရွက်သွားရန်ဆိုသည့် အပေါ်တွင်လည်း ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခဲ့ပါကြောင်း၊ ယနေ့ (ဧပြီ ၂၈ ရက်)တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ခေါင်းဆောင်များဆွေးနွေးနေပါကြောင်း၊ ဆွေးနွေးမှု အပေါ်မူတည်ပြီး UNFCက မေ ၂၄ ရက်တွင်ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံသို့ တက်ရောက်နိုင်မည့်အခြေအနေ ထွက်ပေါ်လာမည် ဖြစ်ပါကြောင်း။

ရခိုင်ပြည်နယ်ကိစ္စသည် မိမိတို့နိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်း ရေးနှင့် ပြန်လည်သင့်မြတ်ရေးတွင် အဓိကအရေးပါသည့်ကိစ္စဖြစ်သည့်အတွက် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ လူ့အခွင့်အရေးကောင်စီတွင် မြန်မာနိုင်ငံ မောင်တောဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတကာအချက်အလက် ရှာဖွေဖော်ထုတ်ရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့မည်ဟုဆုံးဖြတ်ပါကြောင်း၊ ယင်းဆုံးဖြတ် ချက်ချချိန်တွင် မြန်မာနိုင်ငံက သဘောမတူ၊ လက်မခံကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါကြောင်း၊ အဆိုပါအဖွဲ့ကို မြန်မာနိုင်ငံက လက်မခံပါကြောင်း၊ ယင်းဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်လာမည့် ဆောင်ရွက်ချက်များကို လည်း လက်ခံမည်မဟုတ်ပါကြောင်း၊ ယင်းအဖွဲ့ကို မြန်မာနိုင်ငံသို့ စေလွှတ်မည် ဆိုပါကလည်း လက်ခံမည်မဟုတ်ပါကြောင်း။

ရခိုင်ပြည်နယ်တွင် အစိုးရအနေဖြင့် ဘက်ပေါင်းစုံဆောင်ရွက်ပေးနေသည့် အချိန်တွင် ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်သည့် အကြမ်းဖက်တိုက်ခိုက်မှု ကိစ္စများ ဖြစ်ပေါ်လာပါကြောင်း၊ မောင်တောတွင် ကြိုတင်လက်ဦးမှုရယူပြီး တိုက်ခိုက်ရန် ဖန်တီးပုံဖော်မှုများကိုလည်း ဖော်ထုတ်နိုင်ခဲ့ပါကြောင်း၊ ရခိုင်ပြည် နယ်တွင် တည်ငြိမ်အေးချမ်းအောင် အစိုးရအနေဖြင့် များစွာဆောင်ရွက် နေပါကြောင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများရှိပါက ခိုင်မာသည့်အထောက် အထားပြရန် လိုပါကြောင်း၊ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မှန်ကန်သည့်သတင်းအချက်အလက်များ ထုတ်ပြန်စေကာမူ နိုင်ငံတကာမီဒီယာတွင် အပြုသဘောမဆောင်သည့် အမြင်များစွာ ပေါ်ထွက် နေပါကြောင်း၊ မီဒီယာများ မောင်တောဒေသသွားရောက်နိုင်အောင် စီစဉ်ပေး ခဲ့ပါကြောင်း၊ နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှုအပေါ် မူတည်ပြီး မီဒီယာ များ သတင်းရယူနိုင်အောင် ထပ်မံစေလွှတ်သွားမည်ဖြစ်ပါကြောင်း၊ နှစ်ပေါင်း များစွာ လူ့အခွင့်အရေးအရ မြန်မာနိုင်ငံအပေါ် တင်ထားသည့်စွဲချက်များ၊ ထိုးနှက်ချက်များကို တစ်ခုချင်း ပြန်ဖြေရှင်းနေရသည့် အနေအထားဖြစ်ပါကြောင်း၊ စွပ်စွဲချက်များကို လက်တွေ့လုပ်ဆောင်ချက်များဖြင့် ခြေဖျက်နေရပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်တွင်းပြည်ပသတင်းမီဒီယာများက နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၏ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍ မေးမြန်းရာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြန်လည်ဖြေကြားသည်။

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံအကြားတွင်ရှိသည့် ရခိုင်ပြည်နယ်အရေး ကိစ္စအား ကြားဝင်ညှိနှိုင်းပေးရန်တရုတ်နိုင်ငံမှ အထူးသံတမန်တစ်ဦးက စီစဉ်နေမှုနှင့်စပ်လျဉ်း၍ အစိုးရ၏သဘောထားအား သိရှိလိုကြောင်းမေးခွန်းအပေါ် ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှစ်နိုင်ငံညှိနှိုင်းဖြေရှင်းနေ ပါကြောင်း၊ အစိုးရ၏ မူဝါဒမှာ ယခုကိစ္စအား ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနှစ်နိုင်ငံ ချင်း ညှိနှိုင်းဖြေရှင်းသွားမည်ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းနည်းတူ အပြုသဘောဆောင်သည့် ထောက်ပံ့ကူညီမှုများ လုပ်ဆောင်ပေးနိုင်ပါကြောင်း ဖြေကြားသည်။

ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ရေးကိစ္စနှင့် အုပ်ချုပ်ရေးယန္တရား ပိုမိုကောင်းမွန်အောင် မည်သို့စီမံဆောင်ရွက်ထားကြောင်းနှင့် စပ်လျဉ်း၍ NVCကတ်နှင့်ပတ်သက်၍ ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေပါကြောင်း၊ အဓိကမှာ နိုင်ငံသားအခွင့်အရေးပေးနိုင်ရန် လုပ်ဆောင်နေခြင်းဖြစ်ပါကြောင်း၊ နိုင်ငံသားစိစစ်ခံယူရမညNVC ကတ် လုပ်ရမည်ဖြစ်ပါကြောင်း၊ ပြီးပါက နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ် (Nationality Verification Process) ကို ဝင်ရမည်ဖြစ်ပါကြောင်း၊ စိစစ်ရာတွင်လည်း မြန်မာနိုင်ငံသားဥပဒေနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေသည် တည်ဆဲဥပဒေဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် ဥပဒေကိုကျော်လွန်ပြီး လုပ် ဆောင်ပေး၍မရပါကြောင်း၊ NVC ကတ်များကို ကျေးရွာများအထိ သွားရောက် လုပ်ဆောင်ပေးနိုင်ရန် စီစဉ်နေပါကြောင်း။

ရခိုင်ပြည်နယ်တွင် မီဒီယာများလာရောက်မေးမြန်းရာတွင် ဖြေကြားခဲ့ သူများ၊ အုပ်ချုပ်ရေးနှင့်ပူးပေါင်းဆောင်ရွက်သူများ၊ နိုင်ငံတော်အစိုးရနှင့်ပူးပေါင်း ဆောင်ရွက်လိုစိတ်ရှိသူများ၊ အောက်ခြေတွင် ဖြစ်ပျက်နေသည့် အမှန်တရား အား ပြောကြားသူများ အသတ်ခံခဲ့ရပါကြောင်း၊ အကြောက်တရားဖြင့် ယင်းလူ့အဖွဲ့အစည်းအတွင်းတွင် ခြိမ်းခြောက်မှုများ လုပ်နေပါကြောင်း၊ အသတ်ခံရသည့်ကိစ္စများအား စုံစမ်းဖော်ထုတ် အရေးယူနေမှုများရှိပါကြောင်း၊ ယခုထက်ပို၍ ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန် တပ်မတော်နှင့်ပူးပေါင်း ဆောင်ရွက်နေပါကြောင်း၊ ယင်းဒေသတွင် နောက်ထပ်အကြမ်းဖက်တိုက်ခိုက်မှု ပြုလုပ်ရန် ကြိုးပမ်းမှုများရှိနေပါကြောင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်မလာ အောင် ကြိုတင်ကာကွယ်ဆောင်ရွက်နေမှုများရှိပါကြောင်း၊ ရွာထဲမှ လူငယ် များကိုစည်းရုံး၍ အကြမ်းဖက်သင်တန်းများပေးနေပါကြောင်း၊ ၎င်းတို့၏ ရည်ရွယ်ချက်မှာ တစ်ချိန်တည်းတစ်ပြိုင်တည်းတွင် လုံခြုံရေးစခန်းများအား တိုက်ခိုက်ရန်ဖြစ်ပါကြောင်း၊ ယင်းကိစ္စကို လက်ဦးမှုရယူပြီး နှိမ်နင်းနိုင်ခဲ့ပါ ကြောင်း ဖြေကြားသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ပတ်သက် သည့်မေးခွန်းကို ဖြေကြားရာတွင် အစိုးရသစ်လက်ထက်တွင် တိုင်ကြားနိုင်သည့် ဌာနများဖွင့်လှစ်၍ ဆောင်ရွက်ပါကြောင်း၊ တိုင်ကြားမှုထဲတွင် အများဆုံးမှာ မြေယာကိစ္စ၊ ဒုတိယအများဆုံးမှာ တရားစီရင်ရေးနှင့်ပတ်သက်သည့် တိုင်ကြား မှု၊ တတိယအများဆုံးမှာ ဌာနဆိုင်ရာကိစ္စများဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရာတွင် အမြန်ဆုံးနိုင်ငံသည် ၁ဝ နှစ်ကြာပါကြောင်း၊ ယင်းစိန်ခေါ်မှုကို အချိန်ယူဖြေရှင်းရမည်ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ် သည့် ငွေကြေးကိစ္စအား ပြန်လည်ပေးလျော်ရန်နှင့် ဆောင်ရွက်ခြင်းမရှိပါက ဥပဒေနှင့်အညီ အရေးယူရန်ညွှန်ကြားထားပါကြောင်း၊ အစိုးရသစ်၏ မူဝါဒမှာ နောက်ကြောင်းပြန်လှန်ရန် မဟုတ်ပါကြောင်း၊ ယခင်အစိုးရလက်ထက်တွင် ဆောင်ရွက်ခဲ့သည့် ကိစ္စရပ်များရှိပါကြောင်း၊ ယင်းကိစ္စများကို ထားပြီး ယခု အစိုးရသစ်လက်ထက်တွင် အစိုးရသစ်၏မူဝါဒနှင့်အညီ အကောင်းဆုံး ဆောင် ရွက်သွားရန်ဖြစ်ပါကြောင်း ဖြေကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေး တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်လာအောင် ဆောင်ရွက် မည့်အခြေအနေအား သိရှိလိုကြောင်း မေးခွန်းအပေါ် NCA လက်မှတ်မရေးထိုး သေးသည့် အဖွဲ့များပါဝင်လာအောင် ကြိုးပမ်းသွားရန် ရှိပါကြောင်း၊ NCA လက်မှတ်ထိုးပြီးသားအဖွဲ့များ တက်ရမည်၊ မထိုးရသေးသည့် အဖွဲ့များ မတက် ရဘူးဆိုသည်မှာ မဟုတ်ပါကြောင်း၊ အဆိုပါအဖွဲ့များ ပါဝင်ရန် အားလုံးက လက်ခံထားပါကြောင်း၊ မည်သည့်နည်းလမ်းဖြင့် တက်ရောက်ရမည်၊ မည်သည့် အခန်းကဏ္ဍအထိ ပါဝင်ရမည်ကို လာမည့် မေ ၁၂ ရက်တွင် ကျင်းပမည့်UPDJC အစည်းအဝေးတွင် ဆုံးဖြတ်မည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် နိုင်ငံရေးကိစ္စများ ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ ပထမအကြိမ်အစည်းအဝေးတွင် နိုင်ငံရေး ဆွေးနွေးပွဲမလုပ်ဖြစ်ခဲ့ပါကြောင်း၊ စာတမ်းများသာတင်ခဲ့ပါကြောင်း၊ ယခုအကြိမ် တွင် တကယ့်နိုင်ငံရေးဆွေးနွေးပွဲ၊ နိုင်ငံရေးအပေးအယူလုပ်မည် ဖြစ်ပါကြောင်း ဖြေကြားသည်။

(သတင်းအဖွဲ့)

No comments:

Post a Comment