Latest News

Monday, April 3, 2017

မန္တလေးက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို သေနတ်တွေ တပ်ဆင်ပေး

မန္တလေးက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို သေနတ်တွေ တပ်ဆင်ပေး

ရိုက်နှက်လုယက်မှု၊ ဓားထိုး၊ ဓားခုတ်မှုတွေ နေ့တိုင်းဖြစ်နေလို့ ထုတ်ပေးထားတာပါ။

မန္တလေးမြို့မှာ ရိုက်နှက်လုယက်မှု၊ ဓားထိုး၊ ဓားခုတ်မှုတွေ နေ့စဉ်ဖြစ်ပေါ်နေတဲ့အတွက် လှည့်ကင်းတာဝန်ထမ်းဆောင်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို သေနတ်တွေ ထုတ်ပေးထားတယ်လို့ မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

ညပိုင်းလုံခြုံရေး ဆောင်ရွက်တဲ့ ကင်းလှည့်တပ်ဖွဲ့ဝင်တွေကို ပြောင်းချောသေနတ် (12 Bolt Pump Shot Gun) တွေကို မတ်လ ၃၀ ရက်နေ့ညက စတင်ကိုင်ဆောင်စေခဲ့တယ်လို့ မန္တလေး ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ဒုတိယခရိုင်တပ်ဖွဲ့မှူး ရဲမှူးစိုးမြင့်က ပြောပါတယ်။

“အရင်တုန်းက သေနတ်ကိုင်တာ မရှိခဲ့ဘူး။ အရာရှိလောက်ပဲ ပစ္စတိုသေနတ်တစ်လက်ပါတယ်။ အခုတပ်ဖွဲ့ဝင်တွေကိုပါ ကိုင်ခွင့်ပေးထားတယ်။ အဓိကရုဏ်းနှိမ်နင်းရေး သေနတ်ခေါ်မှာပေါ့။ ပြောင်းချောသေနတ်လို့လည်း ခေါ်တယ်။ အဲဒီသေနတ်တွေ ထုတ်ပေးထားတယ်”လို့  ရဲမှူးစိုးမြင့်က ပြောပါတယ်။

လှည့်ကင်းဆောင်ရွက်တဲ့ ကင်းလှည့်အဖွဲ့ဝင်သုံးဦးကို အဆိုပါ သေနတ်တစ်လက်၊ ငါးဦးပါတဲ့အဖွဲ့အတွက် အဆိုပါသေနတ်နှစ်လက် ကိုင်ဆောင်ခွင့်ပေးထားတယ်လို့ လှည့်ကင်းတာဝန်ကျ ရဲတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

“ဥပဒေနဲ့အညီ ဆောင်ရွက်ရမှာပါ။ သာမန်လုယက်မှုလောက်ကိုတော့ ပစ်ခတ်မှာမဟုတ်ပါဘူး။ ပြစ်မှုကျူးလွန်သူတွေက တုတ်လောက်ပဲ ပါတယ်ဆိုရင်လည်း ပစ်မှာမဟုတ်ပါဘူး။ ပြည်သူလူထု အသက်အန္တရာယ်ရှိလောက်တဲ့ လက်နက်မျိုး၊ ဓားနဲ့ချွန်ထက်တဲ့လက်နက်တစ်ခုခု ကိုင်ဆောင်ထားပြီး အသက်ကိုလည်း ရန်ရှာနေတဲ့ သူမျိုးကိုတော့ လိုအပ်ရင် အသက်အန္တရာယ်မရှိအောင် ပစ်ခတ်ဖမ်းဆီးဖို့ ညွှန်ကြားထားတယ်” လို့  ရဲမှူးစိုးမြင့်က ပြောပါတယ်။

လက်ရှိအချိန်မှာ မန္တလေးမြို့ပေါ်မှာ လုယက်မှုတွေ ပိုမိုများပြားလာတဲ့အပြင် လုယက်သူတွေက လက်နက်ကိုင်ဆောင်ပြီး အသက်အန္တရာယ်ပြုတဲ့ ဖြစ်ရပ်တွေများပြားလာတာကြာင့်  လူအင်အားမလုံလောက်တဲ့ ရဲတပ်ဖွဲ့မှာ လက်နက်ကိုင်ဆောင် အသုံးပြုခွင့်ပေးတာကို ထောက်ခံရမယ်လို့  မန္တလေးမြို့ခံတွေက ပြောပါတယ်။

မန္တလေးမြို့ပေါ်မှာ ၂၀၁၅ ခုနှစ်က လုယက်မှု ၇၁ မှုဖြစ်ခဲ့ပြီး ၃၆ မှုကို ဖော်ထုတ်အရေးယူနိုင်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ တော့ ၈၇ မှုရှိခဲ့ပြီး ၅၂ မှု ဖော်ထုတ်နိုင်ခဲ့ကာ ၂၀၁၇ ခုနှစ်ရဲ့ ပထမနှစ်လတာကာလအတွင်း လုယက်မှု ၂၃ ကြိမ်ရှိခဲ့တယ်လို့ မန္တလေးခရိုင် ရဲတပ်ဖွဲ့မှတ်တမ်းတွေအရ သိရပါတယ်။
Source : The Voice
Photos : AFP

No comments:

Post a Comment