Latest News

Monday, April 10, 2017

မြန်မာခရီးသွား အများစု ဂျပန်ပြည်ဝင်ခွင့်ဗီဇာ အငြင်းခံနေရ

မြန်မာခရီးသွား အများစု ဂျပန်ပြည်ဝင်ခွင့်ဗီဇာ အငြင်းခံနေရ

ပြည်တွင်း ခရီးသွား ကုမ္ပဏီများနှင့် ချိတ်ဆက်၍ ဂျပန်နိုင်ငံကို အလည်အပတ် သွားရောက်မည့် မြန်မာခရီးသွား အများစု၏ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားမှုများကို သံရုံးက ငြင်းဆန်နေကြောင်း ခရီးသွား လုပ်ငန်းရှင်များထံမှ သိရှိရသည်။

“လိုင်စင်ရ ကုမ္ပဏီတွေအနေနဲ့ လျှောက်ရင် Reject က အရမ်းရှားတယ်။ အခုက များတဲ့သဘောပေါ့။ လုပ်သား (အလုပ်သမား)တွေကလည်း တိုးရစ်အနေနဲ့ ထွက်ခွာတာလည်း ရှိပါလိမ့်မယ်။ ခုက ခရီးသည်စစ်စစ်တွေ အတွက်လည်း ထိခိုက်တယ်။ ကုမ္ပဏီလည်း ထိခိုက်တယ်။ ဟိုဘက်က ဂျပန်ကုမ္ပဏီလည်း ထိခိုက်တယ်”ဟု Nature Dream ခရီးသွား ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်စံပယ်အောင်က ဆိုသည်။

ယခင်က ဗီဇာ လျှောက်ထားစဉ်တွင် သံရုံးက စလစ်ထွက်ပါက တစ်ပတ်အတွင်း ဗီဇာချထားလေ့ ရှိသော်လည်း လက်ရှိတွင် စလစ်ထွက်သော်လည်း ဗီဇာ ငြင်းပယ်ခံနေရသည်။

“သူတို့ရဲ့ ပေါ်လစီတွေ၊ သတ်မှတ်ချက်တွေကို နားမလည်ဘူး။ ဘာစာရွက်က Reject ထိတာ၊ ဘယ်အကြောင်းအရာက Reject ထိတယ်ဆိုတာ မသိရဘူး။ ဒီအခက်အခဲအတွက် ဝန်ကြီးဌာနတွေကို ဝင်ပြီး ကူညီစေချင်တယ်။ နောက်ပြီး ခရီးသွားစစ်စစ်တွေအတွက် ဂျပန်-မြန်မာ ဗီဇာ Free လည်း ဖြစ်စေချင်တယ်”ဟု ဒေါ်စံပယ်အောင်က ထပ်မံ ပြောဆိုသည်။

ပြည်ဝင်ခွင့် ဗီဇာရရန် ခရီးသွားများ၏ အထောက်အထား၊ စာရွက်စာတမ်း တင်ပြသော်လည်း အကြောင်းပြချက်မရှိ ငြင်းပယ်ခံရနေရပြီး အငြင်းခံရသူများမှာ ခရီးသွားဗီဇာဖြင့် အလုပ်လုပ်ရန် မဖြစ်နိုင်သည့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုအရွယ်များလည်း ပါဝင်နေကြောင်း လုပ်ငန်းရှင်များက ဆိုသည်။

The Voice

No comments:

Post a Comment